spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရစ္စမတ်အကြိုနေ့ မိုဆိုကျေးရွာအနီးမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားမှုအပေါ် ဒုဝန်ကြီး ခွန်းဗဟန်းထန်နဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့(ခရစ္စမတ်အကြိုနေ့) က စစ်ရှောင်ပြည်သူ၊ ဒေသခံနဲ့ ခရီးသွားပြည်သူ အပါအဝင် စုစုပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ မိုဆိုဖြစ်စဉ်ဟာ ဒီကနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့မှာတော့ နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို တရားစွဲဆိုနိုင်ဖို့နဲ့ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီးခွန်းဗဟန်းထန် နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ မိုဆိုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ နစ်နာသူတွေအတွက် တရားမျှတမှုတွေရဖို့ လက်ရှိအချိန်မှာ စစ်ကောင်စီကို နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ ဘယ်အဆင့်ထိလုပ်ဆောင်ထားပြီလဲ။ ဘာတွေဆက်လုပ်ပေးဖို့ရှိသလဲ။
ဖြေ။ ။ အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ မိုဆိုဖြစ်စဉ်ဟာ တကယ့်ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဖြစ်တဲ့အတွက် နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုနိုင်ဖို့ ကျနော်တို့လူ့အခွင့်အရေးဝန်ကြီးဌာန အနေနဲ့ သက်သေမှတ်တမ်းတွေကို စနစ်တကျစုဆောင်းရယူထားပြီးတော့ Independent Investigative Mechanism for Myanmar (IIMM) မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို ပေးပို့ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီမှတ်တမ်းတွေထဲမှာ ဘာတွေပါဝင်နေသလဲဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် စစ်ဆေးထားတဲ့ သေဆုံးတဲ့သူ တဦးတယောက်ချင်းစီရဲ့ ရင်ခွဲစစ်ဆေးခြင်းမှတ်တမ်းတွေ၊ ရင်ခွဲစစ်ဆေးတဲ့ဆရာဝန်များရဲ့ တွေ့ရှိချက်၊ မျက်မြင်သက်သေရဲ့တွေ့ရှိချက် စတဲ့အင်တာဗျူးများ ပါဝင်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒီအမှုဟာ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုဖို့အထိ ခိုင်လုံတဲ့အမှုအဖြစ် ရွေးချယ်ခံရတဲ့အမှုဖြစ်ပြီး လက်ရှိဂျာမနီနိုင်ငံမှာ တရားစွဲဆို နိုင်ဖို့အတွက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ဂျာမနီနိုင်ငံကနေ တရားစွဲဆိုမှုကို လက်မခံခဲ့ရင် ကျနော်တို့ Universal Jurisdiction(UJ) ကျင့်သုံးတဲ့နိုင်ငံမှာ ဆက်လက်တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတာကို ပထမဦးဆုံးအနေနဲ့ ဖြေကြားလိုပါတယ်။

မေး။ ။ ကျူးလွန်တဲ့စစ်ကောင်စီကို တရားစွဲဆိုအရေးယူနိုင်ဖို့အတွက် အချိန်ဘယ်လောက်ကြာနိုင်သလဲ။
ဖြေ။ ။ နိုင်ငံတကာတရားရုံးတွေမှာပေါ့နော ဒီလိုမျိုး တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုရင်တော့ အင်မတန်မှ ပြောရခက်ပါတယ်ပေါ့နော။ အားလုံးသိကြတဲ့အတိုင်း အရင်တုန်းက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုဟာ ဒီကနေ့ ဒီချိန်ထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်ပေါ့နော။ ဒီ အာဂျင်တီးနားနိုင်ငံမှာ ခုချိန်ထိလည်း တရားရင်ဆိုင်နေရတာဖြစ်ပါတယ်၊ အဲ့တော့နိုင်ငံတကာအနေနဲ့ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ တဆင့်ချင်း တဆင့်ချင်းသူ့ရဲ့အမှုကို စစ်ဆေးတာဖြစ်တဲ့အတွက် အချိန်အကန့်အသတ်အတွက် ဘယ်လောက်ထိကြာနိုင်သည်ကို ကျနော်တို့ပြောဖို့ အင်မတန်မှ ခက်ပါတယ်ပေါ့နော။ နောက်တခု ဒီကနေ့ ကျနော်တို့ ဂျာမနီနိုင်ငံမှာ တရားစွဲဆိုဖို့လုပ်ကြတဲ့အခါမှာ အခုလက်ရှိ ခိုင်လုံတဲ့ အထောက်အထားတွေလည်း အများကြီးရရှိထားပြီးဖြစ်လို့ ကျနော်တို့တရားမျှတမှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့်မလို့ သေချာတာတခုကတော့ လက်ရှိတရားရုံးတွေမှာ ကျနော်တို့ စွဲဆိုထားတဲ့အမှုတွေက အချိန်ကာလအားဖြင့် ကြာနိုင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီကနေ မိုဆိုဖြစ်စဉ်အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်က ဘယ်နခုလောက်ရှိသလဲ။ ဘယ်လိုဖြစ်စဉ်က အဆိုးဝါးဆုံးလို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ ဒီလိုဆိုးဆိုးဝါးဝါးဖြစ်စဉ်မျိုး ပြန်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုကနေ ကျူးလွန်ခဲ့တဲ့ ၅ ဦးနဲ့အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၁၇၂ ကြိမ်အထိ ကျူးလွန်ခဲ့ပြီးတော့ သေဆုံးခဲ့တဲ့ ပြည်သူပေါင်း ၁၈၅၅ ဦးထိရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီအထက်ကမှ ၁၅၁ ဦး ကတော့ ၁၈ နှစ်အောက်ကလေးသူငယ်များဖြစ်ပါတယ်။ ဒါတွေက ကျနော်တို့ တတ်နိုင်သမျှ လက်လှမ်းမီ ကောက်ယူထားတဲ့ စာရင်းဇယားရဲ့အချက်အလက်များဖြစ်ပြီးတော့ မြေပြင်ရဲ့အခြေအနေတော့ ဒီထက် ပိုများပြားနိုင်ပါတယ်လို့ ကျနော်တို့ယူဆတယ်။ အကြမ်းဖက်စစ်အုပ်စုကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေအပါအဝင် ရည်ရွယ်ချက်ရှိရှိ ဦးတည်ချက်နဲ့တိုက်ခိုက်တာဖြစ်လို့ ဖြစ်ခဲ့သမျှဖြစ်စဉ်တိုင်းဟာ အဆိုးဝါးဆုံးဖြစ်စဉ်များဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ သတ်ဖြတ်မှု၊ ညှင်းပန်းမှုတွေကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘာပြောဆိုချင်လဲ။
ဖြေ။ ။ အထက်ပါ ဒီစစ်ရာဇဝတ်မှုများကို အကြမ်းဖက်စစ်အုပ်စုကနေပေါ့နော လက်ရှိအချိန်ထိ နိုင်ငံအနှံ့ အချိန်နဲ့အမျှ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျူးလွန်နေဆဲဖြစ်ပါတယ်၊ ပြီးတော့ ဆက်လက်ပြီးတော့ ကျူးလွန်နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ရနိုင်သမျှနည်းလမ်းပေါင်းစုံကိုသုံးပြီးတော့ စစ်ကောင်စီကနေ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုများကို အတတ်နိုင်ဆုံး မှတ်တမ်းမှတ်ရာသေချာကောက်ယူပြီး တနေ့တချိန် ပြန်လည်ပြီးတော့ ဒီတရားမျှတမှုအတွက်ရရှိနိုင်ဖို့ သေချာကောက်ယူသွားမှာဖြစ်ပါတယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုခံရတဲ့ ပြည်သူတွေအတွက် လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဘာအသိပေးပြောဆိုချင်တာရှိလဲ။
ဖြေ။ ။ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ပြောချင်တာကတော့ အခု ကျူးလွန်ခံထားရသူများဟာ မတရားသတ်ဖြတ်ခံထားရတဲ့သူများဘဲဖြစ်တယ်။ ဒီ မတရား သတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီကနေ စစ်ရာဇဝတ်မှုကျူးလွန်သူဘဲ ဖြစ်တယ်။ ဒါကြောင့် ဒီကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်မှ ဒီသေဆုံးသွားတဲ့သူတွေက မတရားသတ်ဖြတ်ခံရတဲ့ အချက်ကို ပိုပြီးထင်ရှားစေပါတယ်။ ဒါကြောင့် ဒီအမှန်တရားအတွက် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ရှေ့ဆက် လုပ်ဆောင်မှုတွေကိုလုပ်ဖို့ ကျနော်တို့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ဘာတွေဆောင်ရွက်ပေးနေလဲ။ လူထုတွေကို ဘာအသိပေးပြောဆိုချင်လဲ။
ဖြေ။ ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ မှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်၊ ဒါဟာ ကျနော်တို့ နိုင်ငံရေးအရ အင်မတန်မှ အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ကောင်စီကနေ ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေကို ကျနော်တို့ ပြည်သူတွေ ကျနော်တို့ ဒီတော်လှန်ရေးအင်အားစုရဲ့ အားလုံးရဲ့ အသံကို ကျနော်တို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကနေ တဆင့် ကျနော်တို့ ကုလသမဂ္ဂမှာ ကိုယ်စားပြုပြီးတော့ ပြောဆိုနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနည်းလမ်းကလည်း တခုအပါအဝင် ကျနော်တို့ နိုင်ငံတကာကို ပြောလို့ရတယ်ပေါ့နော။ နောက်တချက်က လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ပုံမှန် Independent Investigative Mechanism for Myanmar (IIMM)ကို ကျနော်တို့အနေနဲ့ ဒီရရှိထားတဲ့အချက်အလက်တွေကို အသေးစိတ်တင်ပြလေ့ရှိပါတယ်။ ကျနော်တို့ နိုင်ငံတကာနဲ့ ပူးပေါင်းတဲ့အပိုင်းမှာ ကျနော်တို့လုပ်ဆောင်ခဲ့တဲ့အနေနဲ့ အကျဉ်းချုပ်ဖြေကြားလိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ဒီလို အရေးပေါ်အကူအညီများလိုအပ်ပါက လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးဌာနမှာ ပါဝင်နေတာဖြစ်တဲ့အတွက် ကျနော်တို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်။ဌာနဟာ တော်လှန်ရေးကာလဖြစ်နေပေမဲ့လည်း ၂၄ နာရီလုံးလည်ပတ် လုပ်ဆောင်နေတာဖြစ်လို့ အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်ပေးသွားမဲ့အကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်စကားပြောဆိုချင်တာရှိရင် ပြောပေးနိုင်ပါတယ်။
ဖြေ။ ။ ဖြည့်စွက်ချက်အနေနဲ့ ကျနော့အနေနဲ့ အဓိက ပြောပြလိုတာကတော့ ဒီတော်လှန်ရေးအလွန်မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် ဒီဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေအတွက်ပေါ့နော ဒီပဠိပက္ခအလွန်မှာ ကျနော်တို့ တရားမျှတမှုပြန်လည်ဖော်ဆောင်နိုင်ဖို့ နဲ့ လူ့အဖွဲ့အစည်းမှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေတာ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ NUCC နဲ့ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ လက်တွဲပြီးတော့ မူဝါဒ ပေါ်လစီကိုပြင်ဆင်နေတာဖြစ်ပါတယ်။ အဓိကကတော့ ကျနောတို့ အနာဂတ်မှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုကိုကျူးလွန်ခဲ့တဲ့ သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်၊ နောက်ပြီးတော့ ချိုးဖောက်ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာကို လေးစားအသိအမှတ်ပြုပြီးတော့ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက်ရယ်၊ ဒီလိုပြန်လည်ကုစားမှုစတဲ့ စီမံကိန်းတွေကို ကျနော်တို့ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် အထောက်အကူ အထောက်အပံ့ဖြစ်စေဖို့အတွက် ဒီတရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းကို ကျနော်တို့ တနေ့တချိန်မှာ ပြန်လည်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းကို မိဘပြည်သူများကို အားလုံးအသိပေးပြောကြားလိုပါတယ်။

spot_img
spot_img