spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရီးသွားလုပ်ငန်းများ စိတ်ဝင်စားလာကြသည့် သဘာဝ ဖရူနူ ရေတံခွန်အလှ

Author

Date

Category

မူအက်စတာ

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်/တိုင်းတွေအလိုက်မှာ ၎င်းတို့ကိုယ်စီအလှတရားလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်မတို့ ကယားပြည်နယ်မှာဆိုရင်လည်း သွားရောက်လည်ပတ်စရာ နေရာလေးတွေ၊ တောတောင်သဘာဝအလှ၊ ရေမြေအလှ၊ တိုင်းရင်းသားရိုးရာ အလှလေးတွေ၊ ရောက်လေရာနေရာတိုင်းမှာလည်း အမှတ်ရစရာနေရာလေးတွေက အများကြီးရှိနေပါတယ်။

ကယားပြည်နယ်မှာ လေ့လာစရာ၊ လည်ပတ်စရာကောင်းတဲ့ နေရာလေးတွေ အများကြီးရှိတဲ့အနက် ဖရူဆိုမြို့ပေါ်ကနေ နာရီဝက်လောက်အကြာ တောင်တက်တောင်ဆင်း အကွေ့အပတ်တွေကြားမှာ ကားစီးရင်း တောင်အမြင့်ကြီးတစ်နေရာအရောက်မှာတော့ အောက်ဘက်ကို ငုံ့ကြည့်လိုက်ရင် ရေတံခွန်လေးတည်ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ရေတံခွန်လေးရဲ့ နာမည်လေးကတော့ ဖရူနူလို့ ခေါ်ပါတယ်။

ရေတံခွန်အနီး လမ်းဘေးနေရာမှာ ကားရပ်ပြီး ရေတံခွန်တည်ရှိရာနေရာထိကို တောင်ကုန်းအတိုင်း ခြေကျင်နဲ့ဆင်းရမှဖြစ်ပါတယ်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ခြေကျင်နဲ့ကုန်းဆင်းပြီးရင် တော့ ရေတံခွန်ရှိရာ ရောက်သွားခဲ့ရပါတယ်။ လမ်းကတော့ လူသွားလမ်းကျဉ်းကျဉ်းလေး လူတစ်ဦးစာတစ်လမ်းပဲရှိပါတယ်။ ဒီဂူဟာ မော်သီဒိုဆိုတဲ့ ရွာလေးအနားမှာ တည်ရှိနေပါတယ်။

ဖရူနူဂူဟာဆိုရင် ကယားပြည်နယ်အတွင်းမှာရှိကြတဲ့ ပြည်နယ်သူ/သားတွေကတောင် သိရှိကြတာဆိုရင် တစ်နှစ်ကျော်ကာလလောက်ပဲ ရှိကြပါသေးတယ်။ နေ့စဉ်နှင့်အမျှ ခရီးသွားနေသူတစ်ဦးက သူရောက်ရှိခဲ့တဲ့နေရာလေးကို လူမှုကွန်ယက်ကို တင်လိုက်တာနဲ့စပြီး ပျံ့နှံ့ကုန်ပါတယ်။ ဒီအချိန်မှာ နိုင်ငံခြားက ပညာရှင်တွေ၊ နိုင်ငံခြားမှခရီးသွားစွန့်စားသူတွေပါ စိတ်ဝင်စားပြီး လာရောက်လေ့လာ လည်ပတ်နေကြပြီဖြစ်ပါတယ်။ ယခုလောလောဆယ်မှာ အရှေ့တောင်အာရှမှာ အရှည်ဆုံးဂူလို့ စာရင်းဝင်ထားတယ်လို့လည်း သိရပါတယ်။

ဂူအတွင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်း၊ လှလှပပနဲ့ ရေလေးတွေက စီးဆင်းနေပြီး ဂူအတွင်းပိုင်းမှာ မြေပြန့်လို တည်ရှိနေတယ်လို့ ဝင်ရောက်လေ့လာခဲ့သူတွေက ဆိုပါတယ်။ အတွင်းမှာလည်း ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တွေ လှလှပပ တည်ရှိနေတာကို တွေ့ရပါတယ်။ ဂူအဝင်မှာ အနည်းငယ်ကျဉ်းပြီး အတွင်းပိုင်းမှာ ကျယ်ပြီး မြင့်မားတယ်လို့ သိရပါတယ်။ တစ်ချို့နေရာတွေမှာလည်း ကျဉ်းပြီးနက်တယ်လို့ သိရပါတယ်။

ဖရူနူဂူကနေ အဓိက ဖရူဆို နဲ့ ကွိုင်ငံတို့ထိ စီးဆင်းနေပြီး ကွိုင်ငံရေထွက်ဦး၊ ငွေတောင်ဆည်၊ ငူးပလော့ဆည်တို့ကနေတစ်ဆင့် ပြည်နယ်တွင်းရှိ ဆည်ရေသောက်လယ်များဆီသို့ စီးဆင်းလျှက်ရှိနေပါတယ်။ ၎င်းဂူ/ရေတံခွန်ကို နေ့စဉ်နဲ့အမျှ လာရောက်လည်ပတ်ကြတဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။

ဖရူနူဂူတွင်း စီးဝင်တဲ့ရေတွေဟာ မိုးရာသီနဲ့ ဆောင်းရာသီလောက်မှာ ရေများပြီး နွေရာသီတွေမှာ ရေစီးနည်းနေပါတယ်။ ယခုချိန်နွေရာသီမှာ ရပ်နီး၊ရပ်ဝေးက ဧည့်သည်တွေ လာရောက်ပြီး အပန်းဖြေသူတွေ ပိုပိုများလာပါတယ်။

လာရောက်လည်ပတ်တဲ့သူတွေ များလာတာနဲ့အမျှ ရေတွေကလည်း ညစ်ညမ်းစပြုလာပါပြီ၊ ရေချောင်းအတွင်းတွင်လည်း ၎င်းတို့ယူဆောင်လာသည့် အချိုရည်ဗူး၊ ကြွပ်ကြွပ်အိတ်စတာတွေကို စည်းကမ်းမဲ့ စွန့်ပစ်ထားကြပါတယ်။

ယခုလို စည်းကမ်းမဲ့ စွန့်ပစ်ကြတဲ့အမှိုက်သရိုက်တွေက ဂူအတွင်းကို စီးဝင်ကုန်ကြပါတယ်။ ရေအထွက်မှာ ဖရူနူရေက ပြည်သူတွေက အဲဒီရေတွေကို ပြန်အသုံးပြုကြတာကိုတွေ့ရပါတယ်။

ကယောဒေသမှာရှိနေတဲ့ ဒေသခံတွေကတော့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ရေထွက်အရင်းအမြစ်ရှိရာတိုင်းကို သန့်ရှင်းစေလိုကြပါတယ်။ ဒေသခံတွေက ရေထွက်အရင်းအမြစ်ရဲ့ အနည်းဆုံး တစ်မိုင်ပတ်လည်ကို ကန့်သတ်ဧရိယာထားရှိပြီး တောကောင်တွေ၊ သစ်ပင်တွေ၊ အမှိုက်တွေတို့ကို စည်းကမ်းမဲ့မပြုလုပ်ကြဖို့ သဘာဝအတိုင်း အလှတရားကို ထားချင်ကြပါတယ်။

ယခင်လတုန်းက ပြည်နယ်အစိုးရအဖွဲ့ကနေ လာရောက်ပြီး လေ့လာကြည့်ရှုခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းတစ်ရပ် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုဂူထဲကနေပြီး ရေတွေသွယ်မယ် ပြီး ဖရူဆိုမြို့ကို ရေပေးဝေရေး လုပ်ဖို့အစီစဉ်ရှိနေတယ်လို့လည်း သိရပါတယ်။

၎င်းတို့ဒေသပိုင်းအတွင်း စီမံကိန်းဖြစ်စေ၊ လုပ်ငန်းတစ်ခုခုဖြစ်စေ လာရောက်လုပ်ဆောင်တော့မယ်ဆိုရင် ကယောဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံးရဲ့ သဘောဆန္ဒကို ခံယူစေလိုကြပါတယ်။ ဥပမာစီမံကိန်းတွေ လုပ်ဆောင်တော့မယ်ဆိုရင် ဒေသခံတွေရဲ့ အကျိုးကို ရှေးရှုပြီး လုပ်ဆောင်စေချင်ကြတာကို လေ့လာသုံးသပ်မိခဲ့ရပါတယ်။

ဖရူနူရေတံခွန် တည်ရှိရာနေရာလေးကတော့ ရာသီဥတုအေးချမ်းပြီး၊ တောင်ပေါ်လေ တဖြူးဖြူးနဲ့တိုက်နေတဲ့၊ တောတောင်အလှတွေ ပြည့်နှက်နေတဲ့ ကယောဒေသဖြစ်ပါတယ်။ အဲ့ဒေသရဲ့ အမြင့်ဆုံးတောင်ဟာ ပေ ၅၀၀ဝကျော်ရှိတဲ့ ဒေသလေးပဲဖြစ်ပါတယ်။

ကယောဒေသကို ယခင်က အမဲရောင်နယ်မြေလို့ သတ်မှတ်ထားခံရတဲ့ ဒေသလေးပါ။ ဒါပေမယ့် ယခုအချိန်မှာ နယ်မြေတွေ အေးချမ်းတည်ငြိမ်လာပြီး သဘာဝတရားတွေ ပြည့်နှက်နေမှုကြောင့် လူတွေတဖြည်းဖြည်း အသိများလာတဲ့နေရာလေးပဲဖြစ်ပါတယ်။

ကယောလူမျိုးတို့ရဲ့ ဖြူစင်တဲ့ အရိုးခံစိတ်ထားလေးတွေနဲ့ ၎င်းတို့ဒေသက ရှုမဆုံးနိုင်တဲ့ သဘာဝတောတောင်အလှတွေဟာ အရောက်လာသူတိုင်းရဲ့ ရင်ထဲကိုကြည်နူးမှုလေးတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။

spot_img
spot_img

Recent posts