spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခလရ (၅၃၀) တပ်ကနေ လွိုင်လင်လေးမြို့တွင်းကို လက်နက်ကြီးပစ်ခတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၅၃၀)တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်လင်လေးမြို့တွင်းက လူနေရပ်ကွက်အတွင်းကို စက်တင်ဘာလ ၂၄ရက်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၂) ကနေ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူရှိရာ နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

“လက်နက်ကြီးကတော့ မကြာခဏပစ်တယ်။ နေအိမ်တွေထိတာလည်း ကြားတယ်။ ဒါမဲ့ ရက်တိုင်းလိုလိုပစ်နေတော့ လိုက်မမေးကြည့်ဖြစ်ဘူး။ ပြီးခဲ့တဲ့လတွေကလည်း တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ ဒါမဲ့ ပစ်နေတာပဲ။ တခါတလေတော့လည်း သေနတ်သံတွေ ကြားရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်လင်လေးအခြေစိုက် ခလရ (၅၃၀) တပ်ကို KNDF ၊ KA ပူးပေါင်းတပ်ကနေ မကြာခဏ အလစ်ငိုက် တိုက်ခိုက်မှု ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီတပ်ကနေ တန်ပြန် လွိုင်လင်လေးမြို့နယ်အတွင်းကို လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်တာလည်း ရှိနေပါတယ်။

လတ်တလော လွိုင်ကော်မြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားနေတယ်လို့ သိရပေမယ့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးပါဘူး။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိပြီး လွိုင်လင်လေးမြို့နယ်အတွင်းက ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts