spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခုခံစစ်ကနေ ထိုးစစ်တွေ ဆင်နွှဲနိုင်ဖို့ KNDF က ကျပ်သိန်းတစ်သောင်း Campaign ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ( ၆ ) က လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို ခုခံတွန်းလှန်နေရပြီး ကျည်ဆံတွေလိုအပ်နေတာကြောင့် “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ဆိုတဲ့ သိန်းတစ်သောင်းပြည့်ဖို့ မျှော်မှန်းထားတဲ့ Campaign တစ်ခုကို ပြုလုပ်နေတယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။

လက်ရှိမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က KNDF ရဲ့ ဗျူဟာအမှတ် ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်ရင်း ၁၁ ရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ လက်နက်တွေကို ရန်သူဆီက ရယူထားတာဖြစ်ပြီး ကျည်တွေကို ဖြည့်တင်းဖို့ လိုအပ်နေတဲ့အတွက် လက်ရှိ Campaign ကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

“အထူးသဖြင့် လက်ရှိ ဒီးမော့ဆို ကျနော်တို့ ဗျုဟာ ၆ ရဲ့ နယ်မြေအတွင်းမှာဆိုလို့ရှိရင်တော့ စစ်ကောင်စီဘက်ကနေမှ တပ်ရင်း ၁၁ ရင်းအထိ တိုးပြီးတော့မှ တိုက်ခိုက်နေတာ ရှိတယ်ပေါ့လေနော။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ စစ်ရှိန်တွေ မြင့်လာတာနဲ့အမျှ ကျနော်တို့ ကာကွယ်ရေးဖက်က ကျည်တွေ အများအပြား လိုအပ်လျှက်ရှိတယ်။ အခုလက်ရှိမှာလည်းဘဲ ကျနော်တို့တွေက ခုခံစစ်ကို ဆင်နွှဲနေရတဲ့ အနေအထားမှာ ရှိနေတယ်။ ဒီ Campaign ကို လုပ်ဆောင်ရခြင်းက ကျနော်တို့တွေက ခုခံစစ်ကနေတဆင့် တန်ပြန်စစ်တွေ ထိုးစစ်တွေ ပြန်ပြီးတော့မှ စတင်နိုင်ဖို့အတွက် ရည်ရွယ်ချက်ဖြစ်တယ်။ ကျနော်တို့တွေက ဒီ Campaign မှာ အဓိက ကျည်တွေဖြည့်မယ်။ ခုခံစစ်ကနေတဆင့် ကျနော်တို့ တိုက်စစ်တွေ ပြန်ပြီးတော့မှ ထိုးတယ်။ ကျနော်တို့တွေက ဘာကြောင့် ကျည်ဘဲဖြည့်လဲဆိုလို့ရှိရင်တော့ သေနတ်တွေက ကျနော်တို့ ရန်သူဆီမှာ ယူမယ်။ ကျည်ကတော့ ကျနော်တို့ကိုယ်တိုင် ဖြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ Campaign ကို လုပ်ဆောင်ရခြင်းဖြစ်တယ်။” လို့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မတွေဟာ ကရင်နီကို အင်အားအများဆုံး ရောက်ရှိနေပြီး တပ်ဖွဲ့စည်းပုံပျက်သည်အထိ အထိနာနေတယ်လို့ ခူးရီးဒူက ပြောထားပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာတွေ ရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

“ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” Campaign ကာလကို တစ်လကြာချိန် (ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ) ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အားတက်သရော ပူးပေါင်းပါဝင်ကြဖို့ကိုလည်း စစ်ရေးချုပ် ခူးရီးဒူက တိုက်တွန်းတောင်းဆိုထားပါတယ်။

Campaign မှာ ပူးပေါင်းပါဝင်လိုသူများအနေဖြင့် ၎င်း https://www.facebook.com/kndfstrategy6campaign လင့်မှာ ဆက်သွယ်ပါဝင်နိုင်ပါတယ်။

spot_img
spot_img

Recent posts