spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူးနှင့် တွေ့ဆုံခြင်း

Author

Date

Category

“NLD ဆိုတာက အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိအချိန်မှာ အာဏာရှင်တွေရဲ ့လုပ်ထုံးလုပ်နည်းကို လိုက်ပါလုပ်ဆောင်နေတဲ့အပေါ်လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ် ”

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ကြေငြာချက် ထုတ်ပြန် လက်မှတ်ရေးထိုးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့တဲ့အတွက် နိုင်လွတ်လုံ ပုဒ်မ (၁၀) နဲ့တရားစွဲခံခဲ့ရတဲ့ လူငယ်၆ဦးကို အလုပ်နဲ့ ထောင်ဒဏ်
ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။

ခူးကြူးဖဲ​ကေး (ခေါ်) ဂူဂူး

ကရင်နီလူငယ်တွေ ယခုလမှာအားလုံးပြန်လည်လွတ်မြောက်လာတော့မှာဖြစ်ပါတယ်။ ကရင်နီလူငယ်တွေပြန်လည်လွတ်မြောက်လာတာကို ပြည်နယ်အစိုးရအဖွဲ့ တရားလိုဘက်က မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးမှာ အမှုကိုပြင်ဆက်ချက်တက်လိုက်ပြီး ယခုလ (၆) ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး ကို ကန္တာရ၀တီတိုင်း(မ်)က တွေ့ ​ဆုံမေးမြန်းထားပါတယ်။

ကန္တာရ၀တီတိုင်း(မ်) – ကရင်နီလူငယ်တွေရဲ့အမှုကို သက်ဆိုင်ရာပြည်နယ်အစိုးရဘက်က ပြင်ဆင်ချက် တက်ထားတဲ့အခြေအနေလေးပြောပေးပါဦး။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – ကျနော်တို့ကို ထောင်ခြောက်လချတာကို ကယားပြည်နယ်အစိုးရက မကျေနပ်ဘူး၊ သူတို့က ကျနော်တို့ကိုထောင်ခြောက်လချတာဟာ နည်းတယ်၊ အဲ့ဒီထက်ပိုချပေးပါဆိုပြီးတော့ လွိုင်ကော်ခရိုင်တရားရုံးမှာ ပြင်ဆင်ချက်တက်ပါတယ်၊ ဆိုတော့ ဒီဇင်ဘာလ (၆) ရက်နေ့ကျနော်တို့ကို ရုံးချိန်းပေးထားပါတယ်။

ကန္တာရ၀တီတိုင်း(မ်)- မနေ့က ထောင်ထဲကို ကယားပြည်နယ်တရားသူကြီးချုပ်ကသွားပြီး ကရင်နီလူငယ်တွေနဲ့​ တွေ့
ခဲ့တယ်လို့သိရတယ်။ ဘာကိစ္စနဲ့သွားတွေ့လဲဆိုတာ သိရမလား။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – တရားသူကြီးချုပ်က မနေ့ကထောင်ထဲသွားပြီးကရင်နီလူငယ်နဲ့သွားတွေ့ပါတယ်။ တွေ့ ပြီး သူတို့ကိုရှင်းပြတယ်ပေါ့။ ဒါက သူတို့လုပ်ထုံးလုပ်နည်းအရ လုပ်လိုက်ရတာဖြစ်တယ်၊ ကရင်နီလူငယ်တွေအနေနဲ့ အစိုးရဘက်က ပြင်ဆင်ချက်တက်တဲ့အပေါ် တရားခွင်မှာ ချေပပိုင်ခွင့်ရှိတယ်၊ ရှေ့နေငှားပိုင်ခွင့်လည်းရှိပါတယ်ပေါ့ ဆိုပြီး ရှင်းပြထားတာရှိတယ်။ လာမဲ့သောကြာနေ့ကျနော်တို့ကိုတရားရုံးချိန်းရှိပါတယ်ပေါ့။

ကန္တာရ၀တီတိုင်း(မ်) – ကရင်နီလူငယ်တွေ ပြစ်ဒဏ်ကနေလွတ်မြောက်လာခါနီးမှ ပြည်နယ်အစိုးရဘက်က ပြင်ဆင်ချက်တက်တဲ့အပေါ် ခူးကြူးဖဲကေးအနေနဲ့ဘယ်လိုမြင်လဲ။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – နှစ်ချက်ရှိပါလိမ့်မယ်၊ ပထမတစ်ချက်က အငြိုးနဲ့ လုပ်တာဖြစ်ပါလိမ့််မယ်၊ ပြင်ဆင်ချက်တက်တာက တစ်လအတွင်းအချိန်ပေးထားပေမဲ့ ကျနော်တို့ကို လွတ်ခါနီးအချိန်မှ ပြင်ဆင်ချက်တက်တယ်ဆိုတာက ကျနော်တို့ကို အငြိုးနဲ့လုပ်တာ ဖြစ်ပါတယ်။ တလက်စထဲမှာဘဲ ဒုတိယအချက်က ကျနော်တို့ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင်လုပ်ဆောင်တဲ့သဘောဖြစ်ပါတယ်၊ ရွေးကောက်ပွဲပြီးတဲ့အချိန်ထိ ကျနော်တို့ကို ဖမ်းဆီးထိန်းသိမ်းထားချင်တဲ့အစိုးရရဲ့ လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ အဲ့နှစ်ချက်ဖြစ်ပါလိမ့်မယ်။

ကန္တာရ၀တီတိုင်း(မ်) – ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိအောင်ဆိုတာက ဘယ်လိုအခြေအနေမျိုးကိုပြောတာလဲ။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အစိုးရတစ်ရပ်ဖြစ်လာဖို့ ကရင်နီလူငယ်တွေက ပုခုံးထမ်းတင်ပေးခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ရွေးကောက်ပွဲအပြီးမှာ အစိုးရရဲ့လုပ်ဆောင်ချက်ကို ကျနော်တို့ သုံးသပ်လာခဲ့တာ ရှိပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိပါဘူး။ ဖြစ်စဉ်ဖြစ်ရပ်တွေအကုန်လုံးကို ကြည့်ရင် ကျနော်တို့ကို ရွေးကောက်ပွဲပြီးတဲ့အချိန်အထိဖမ်းဆီး ချုပ်နှောင်ထားချင်တဲ့လုပ်ရပ်ကို ပေါ်ပေါ်ထင်ထင်မြင်ရတယ်၊ ရွေးကောက်ပွဲမှာပါဝင်ခွင့်လို့ ပြောတဲ့နေရာမှာ ကျနော်တို့က ဆန္ဒမဲပေးပိုင်ခွင့်ကို ရည်ရွယ်ပါတယ်။ ကရင်နီလူငယ်တွေအနေနဲ့ ရွေးကောက်ပွဲမှာ ယုံကြည်ရာကိုပြောပြီး လူထုတွေကိုမဲထည့်ဖို့ ပြောမဲ့ဟာတွေကို အဟန့်အတားဖြစ်အောင်လုပ်လိုက်တာလို့ဘဲမြင်ပါတယ်။

ကန္တာရ၀တီတိုင်း(မ်) – ပြည်သူကရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရလက်ထက်မှာ လူငယ်တွေကို အခုလိုတရားစွဲဆိုတာတင်မကဘဲ ပြင်ဆင်ချက်တက်ပြီး ထောင်ထပ်ချဖို့လုပ်တဲ့အပေါ်မှာ ဘယ်လိုပြောချင်လဲ။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – NLD ဆိုတာက အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိအချိန်မှာ အာဏာရှင်တွေရဲ့လုပ်ထုံးလုပ်နည်းကို လိုက်ပါလုပ်ဆောင်နေတဲ့အပေါ်လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ်၊ ဒါပထမအချက်ဖြစ်ပါတယ်၊ ဒုတိယအချက်က ဘာလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ််ရေးနဲ့ ရင်ကြားစေ့ရေးကိုပြောပြီး တက်လာတဲ့အစိုးရလက်ထက်မှာ ကျနော်တို့က တိုင်းရင်းသားအခွင့်အရေးကို အသိအမှတ်ပြုပေးပါ၊ ကရင်နီ တွေရဲ့သမိုင်းကြောင်းအမှန်ကို အသိအမှတ်ပြုပေးပါလို့ ပြောတဲ့ကျနော်တို့က ရင်နီလူငယ်တွေကို ထောင်သွင်းအကျဉ်းချပြီး ဖမ်းဆီးချုပ်နှောင်ထားတယ်၊ ဒါကသူတို့ရဲ့ နိုင်ငံရေးထွက်ရပ်လို့ထင်ပြီးလုပ်ဆောင်နေတာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ရှုတ်ချတယ်၊ NLD ကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့သူရဲ့ လုပ်ဆောင်မှုကို လူထုကအဆုံးအဖြတ်ပေးပါလိမ့်မယ်။

ကန္တာရ၀တီတိုင်း(မ်)- အမှုပြင်ဆင်ချက်တက်တာနဲ ့ပတ်သက်ပြီး လူငယ်တွေအနေနဲ့ ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – လာမဲ့ ၆ ရက်နေ့ ကျရင်တော့ ကျနော်တို့ရုံးချိန်းရှိပါတယ်၊ ကျနော်တို့ကတော့ လူထုရဲ့ ပံ့ပိုးမှုနဲ့အတူ လူထုရဲ့ယုံကြည်မှုနဲ့အတူ၊ လူထုရဲ့ ဝန်းရံမှုနဲ့အတူ ကျနော်တို့ ရင်ဆိုင်သွားကြမှာပါ။

ကန္တာရ၀တီတိုင်း(မ်) – ဟုတ်ကဲ့ .. ဆိုတော့အထက်ကပြောခဲ့သလို လူငယ်တွေကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ကို ပိတ်ပင်ကန့်သတ်တဲ့အနေနဲ့ ပြင်ဆင်ချက်တက်ပြီး ထောင်ထပ်တိုးချခိုင်းတဲ့ သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့ လုပ်ရပ်က အောင်မြင်မယ်လို့မြင်လား။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – လူထုက သမိုင်းရေးတဲ့သူတွေဖြစ်ပါတယ်၊ ဒီကိစ္စကိုလည်း လူထုကအဆုံးအဖြတ်ပေးပါလိမ့်မယ်၊ လူငယ်တွေရဲ့အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်တဲ့ ဘယ်ပါတီမှ နိုင်ငံရေး
ဇတ်ခုံပေါ်ကြာကြာကနိုင်ခဲ့တယ်လို့ကျနော် မမြင်မိပါဘူး။ ဆိုတော့ နိုင်ငံရေးဇတ်ခုံပေါ်ကြာကြာနေနိုင်တဲ့ ပါတီတွေအနေနဲ့လူငယ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့ရတဲ့သူတွေဘဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအကုန်လုံးကို လူထုကသိနေပြီးသားဖြစ်တယ်၊ လူထုကမှတ်ချက်ပေးနေပြီးသားဖြစ်တယ်၊ ၆ ရက်နေ့ကိုလည်း လူထုက ထပ်ပြီးမှတ်ချက်ပေးပါလိမ့်မယ်။

ကန္တာရ၀တီတိုင်း(မ်) – လာမဲ့ ၆ ရက်နေ့မှာ ပြင်ဆင်ချက်တက်ပြီး ရုံးချိန်းကို ရင်ဆိုင်သွားမဲ့အပေါ် ကရင်နီလူငယ်တွေအနေနဲ့လူထုကို ဘာများပြောချင်လဲ။

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူး – လူထုကိုပြောချင်တာက ဒါကမတရားဘူးဆိုတာ ကရင်နီပြည်မှာရှိတဲ့လူထုတွေအားလုံးသိနေပြီးသားဖြစ်တယ်။ ကရင်နီပြည်ရဲ့သမိုင်းကိုဖျောက်ဖျက်ချင်တဲ့လုပ်ရပ်ဆိုတာကိုလည်း ကရင်နီပြည်မှာရှိတဲ့လူထုတွေအားလုံးကလည်းသိပြီးဖြစ်တယ်။ ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ရင်လူထုရဲ့ အဖြေက ရှင်းရှင်းဘဲ၊ ကြေးရုပ်ကိုရွေ့ မယ်၊ ဖျက်သိမ်းမယ်ဆိုတဲ့အဖြေဘဲ ဆိုတော့လူထုရဲ့ ဆန္ဒတွေမပြည့်မြောက်သေးပါဘူး၊ လူထုရဲ့ဆန္ဒတွေမဖြစ်မြောက်သေးပါဘူး၊ ဒါကြောင့် လူထုနဲ့အတူ ကရင်နီလူငယ်ထုက တိုက်ပွဲဝင်သွားပါမယ်။

spot_img
spot_img

Recent posts