spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ခေတ်နောက်ပြန်ဆွဲတဲ့ မြန်မာ့ငြိမ်းချမ်းရေး”

Author

Date

Category

မော်ဦးမြာ
မြန်မာ့ငြိမ်းချမ်းရေးသည် နောက်ပြန်ဆုတ်နေခြင်းလားဆိုပြီး ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသ (ကချင်၊ ရခိုင်၊ ရှမ်းမြောက်)တွေမှာ တစ်ကျော့ပြန် စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခြင်းလည်းပါပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီးသားဖြစ်တဲ့ဒေသတွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

“အခုချိန်ထိရပ်တန့်နေမလားလို့ ပြောလို့ မရဘဲနောက်ကိုများ ပြန်ဆုတ်နေမလားလို့ ပြောလို့ ရတဲ့အခြေအနေမျိုးမှာရှိပါတယ်။ အထူးသဖြင့်ကတော့ လက်ရှိဒီ NCA ထိုးပြီးနောက်ပိုင်းမှာ NLD အစိုးရရဲ့ သွားနေတဲ့လမ်းကြောင်းကို တချို့ကိစ္စတွေမှာ ရှေ့ဆက်ကို မတိုးနိုင်တဲ့ပုံစံတခုကို တွေ့ရတယ်ပေ့ါနော။ အဲ့ဒီဟာလည်း တခါတလေကျရင် ကျတော်တို့ တချို့ သီအိုရီအရကြည့်မယ်ဆိုရင် ကျတော်တို့က မသွားနိုင်ဘူးဆိုရင် ပြန်ကျသွားတဲ့အဓိပ္ဗါယ်ရှိတယ်ပေါ့ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက သုံးသပ်ပြောဆိုသွားပါတယ်။

ကယား(ကရင်နီ) ပြည်နယ်ဟာ တခြားသော ပြည်နယ်တွေထက် ငြိမ်းချမ်းနေသေးတဲ့ ပြည်နယ် ဖြစ်နေပါသေးတယ်။ ပြည်နယ်အတွင်း အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေမဲ့ တခြား လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားပြည်နယ်လို သေနတ်သံတွေ တိုက်ပွဲအသံတွေကို ပိုငြိမ်နေပါတယ်။

KNPP ကတော့ ပြည်နယ်အဆင့် ပဏာမအပစ်ခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် အချက် (၂၀)ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေကို လက်ရှိပြည်နယ်အစိုးရကော ပြည်ထောင်စုအစိုးရကော စစ်တပ်ကောအကောင်အထည်ဖော်ဖို့ တစိုက်မတ်မတ် သွားနေတာ တွေ့ရပါတယ်။

NCA လက်မှတ် ရေးထိုးနိုင်ဖို့ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲကာလဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှှုတွေ အပြန်အလှန် တည်ဆောက်နိုင်ဖို့ကလည်းအရေးကြီးဆုံး ဖြစ်နေပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာ ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ကိစ္စရပ်တွေကအပြန်အလှန် ယုံကြည်မှုကိုအလွန်လျော့နည်းစေတဲ့အတွက် ယခုချိန်မှာတော့ ယုံကြည်မှုကိုတည်ဆောက်နေဆဲပဲလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ဒုဥက္ကဠ ဖြစ်တဲ့ ခူဦးရယ်က ပြီးခဲ့တဲ့ဇူလိုင်လမှာ ကန္တာရဝတီတိုင်း(မ်) မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောသွားခြင်း ဖြစ်ပါတယ်။

“NRPC နဲ့ တွေ့ဆုံဆွေးနွေးနေတာတွေဟာ အဓိကတနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက်ဘဲ ဖြစ်တော့ လိုအပ်မှုတွေကိုညှိနေရင်းကနေရင်းနှီးမှု၊ ယုံကြည်မှုတွေကိုတည် ဆောက်ယူရတာ အချိန်တခုတော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာဖြစ် တည်နေတာ ကာလကြာမြင့်တဲ့အပြင် အပြန်အလှန်တွေ့ဆုံမှု၊ စကားပြောဆိုမှု၊ ရင်းနှီးမှု မရှိကြတာ နှစ်ချီပြီး ဖြစ်လာခဲ့တဲ့အပေါ်မှာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည် မှုတွေအတွက် တည်ဆောက်နေဆဲဘဲ ဖြစ်တယ်။ ” လို့ သူကပြောသွားပါတယ်။

NLD အစိုးရဟာ ငြိမ်းချမ်းရေးစတင် ဖော်ဆောင်ဖို့ လုပ်ဆောင့်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် ညှိနှိုင်းဖော်ဆောင်ရေးမှာ နှောင့်နှေးနေတယ်လို့ ခူဦးရယ်က ပြောဆိုထားပါတယ်။လက်ရှိမှာလည်း KNPP နဲ့ အစိုးရ၊တပ်မတော်တို့က ဆွေးနွေးညှိနှိုင်းမှုတွေကို ပြုလုပ်နေကြဆဲပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ရာ အားရကျေနပ်မှုတွေ မရှိသေးဘူးလို့ ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY) မှ မူအန်းဂျလာက သုံးသပ်ပြောဆိုထားပါတယ်။

“ အဓိကက KNPP က ရပ်တည်ထားတဲ့မူ တောင်းဆိုထားတဲ့ အရာတွေ မဖြစ်နေသေးဘူး သဘောတူညီမှု မရနေသေးဘူး တစ်ဖက်မှာလည်း ကရင်နီပြည်မှာလည်း အင်အားတိုးချဲ့ပြီးတော့မှ နယ်မြေရှင်းလင်းရေး ကိစ္စတွေလုပ်နေတာတွေကလည်း အခု NCA ကိစ္စဆွေးနွေးနေတဲ့ processes မှာ မဖြစ်သင့်တဲ့ အနေအထားပေါ့နော ဆိုတော့ အားရကျေနပ်မှုတော့ မရှိသေးဘူး ဘာကြောင့်လဲဆိုတော့ KNPP က အဓိက တောင်းဆိုထားတဲ့ အခြေခံမူတွေကလည်း အစိုးရဖက်ကရော တပ်မတော်ဖက်ကရော သဘောတူညီမှု တစ်စုံတစ်ရာ ခိုင်ခိုင်မာမာ မရထားသေးဘူးပေါ့နော။” လို့ သူမက ပြောပါတယ်။

ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာတော့ တပ်မတော်ဘက်က တပ်စခန်းတိုးချဲ့တာတွေ ရှိနေသလို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း နယ်မြေရှင်းလင်းရေးလို့ ဆိုပြီး ရှားတောမြို့နယ်မှာရှိတဲ့ ဒေါလယ်ခူကျေးရွာအနီးမှာ အကြောင်းကြားခြင်း မရှိပဲ ဝင်ရောက်လာတာကြောင့် KNPP ဘက်မှ သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ်အတွင်း ကရင်နီတပ်မတော် အမှတ်(၃)တပ်ရင်းမှ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးတားဆီးရေး၊ နယ်မြေလုံခြုံရေး၊သစ်တော သဘာဝ သယံဇာတများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ဆောင်ချက်တွေကို တပ်မတော်ဘက်က အနှောင့်အယှက်၊ အဟန့်အတားတွေ ပြုလုပ်နေတယ်လို့ ကရင်နီတပ်မတော် အမှတ်(၃)တပ်ရင်းက သြဂုတ်လ (၃၀) ရက်နေ့မှာ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

“ အခုလက်ရှိမှာတော့ မငြိမ်းချမ်းဘူးဆိုရင်တောင် အရင်ကထက်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပါတယ်။ ကျတော်တို့ စိုးရိမ်တာက အရင်ကလို လက်နက်ကိုင်တွေ ထိပ်တိုက်ဖြစ်ပြီး တိုက်ပွဲ ပြန်ဖြစ်မှာကိုပဲ စိုးရိမ်တာပါ။ ” လို့ ရှားတောမြို့နယ် ဒေါလယ်ခူကျေးမှာ နေထိုင်တဲ့ ခူးဘဲရယ်က သူ့ရဲ့ စိုးရိမ်ချက်လေးတွေကို ပြောပါတယ်။

ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တောင်သူများနှင့် လူငယ်များကို တရားစွဲဆိုခြင်း ကိစ္စရပ်တွေကလည်း အပြန်အလှန်ယုံကြည်မှုကို လျော့နည်းစေတဲ့ ဖြစ်ရပ်တွေ ဖြစ်နေတဲ့အတွက် ယနေ့အချိန်ထိ ဆွေးနွေးညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။

“ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရေရှည် ထိန်းသိမ်းထားချင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်ရင်တော့ လက်နက်ကိုင် အားလုံးပါဝင်တဲ့ အစီစဉ်မျိုးတွေနဲ့ သွားသင့်တယ်။ ပြီးတော့ လက်နက်ကိုင် အားလုံးပြီးရင် ကျမတို့ လူငယ်တွေ၊ အမျိုးသမီးတွေ cso တွေ အားလုံးပါဝင်နိုင်တဲ့ အစီအစဉ်မျိုးတွေ ချမှတ်သင့်တယ်ပေါ့ မဟုတ်ရင် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က ဒုံရင်းဒုံရင်းနဲ့ လက်နက်ကိုင်အခြေအနေတွေ နိုင်ငံရေး ဘောင်ကျဉ်းလာပြီး စစ်ရေးတွေ ဘောင်ကျယ်လာပြီးတော့မှ အဲလို ပဋိပက္ခတွေ ဆက်ဖြစ်ပြီး မြန်မာပြည်ကြီးကလည်း ကျဆုံးဖို့ အခြေအနေ တွေဖြစ်လာနိုင်တယ်” လို့ ကရင်နီအမျိုးသား လူငယ် အစည်းအရုံး(KNYO) မှ မော်မိုးမြာက လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုသွားတာပါ။

ငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်စဉ် ကာလကတည်းက NCA လက်မှတ် ရေးထိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ ယနေ့အချိန်ထိ မရေးထိုးနိုင်သေးဘူးလို့ ခူဦးရယ်က ပြောပါတယ်။

“ ဒီအစိုးရလက်ထက်မှ မဟုတ်ပါဘူး။ စပြီးဆွေးနွေးကတည်းက ဒီလိုမျှော်လင့်ချက်နဲ့ဘဲ ဆွေးနွေးလာတာဘဲလေ။ ဒါပေမဲ့ ပြေလည်လေနိုးနိုးနဲ့ ပြန်ပြီးအဆင်မပြေမှုတွေနဲ့ဘဲ ဆက်ခါဆွေးနွေးနေရတုန်းပါ။ ဟိုအစိုးရမှ၊ ဒီအစိုးရမှ လက်မှတ်ထိုးမယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ ညှိနှိုင်းဆွေးနွေးမှုအဆင်ပြေရင် အဆင်ပြေတဲ့အချိန်မှာထိုးမှာပါဘဲ။” လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စု အစိုးရ၊ပြည်နယ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ ဆွေးနွေးညှိနှိုှုင်းပြီး အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်လာဖို့ လူထုတွေ အားလုံးက မျှော်လင့်နေကြပါတယ်။

spot_img
spot_img

Recent posts