spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခေတ်ပျက်ကြီးထဲ လွတ်လပ်စွာ ပွင့်လန်းလာနေတဲ့ ဘိန်းပန်းခင်းများ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

နှင်းတွေဝေတဲ့ဆောင်းရာသီမှာ စတင်စိုက်ပျိုးခဲ့တဲ့ ဘိန်းစိုက်ခင်းတွေဟာ အရောင်စုံစုံလင်လင်နဲ့ လွတ်လပ်စွာ ပွင့်လန်းနေကြပြီး၊ ဒီ ဘိန်းစိုက်ခင်းတွေကို ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွင်းရှိ ကျေးရွာတလျှောက်‌မှာ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နိုင်ပါတယ်။ နွေရာသီမှာလည်း အလားတူတွေ့နိုင်ပေမဲ့ စိုက်ခင်းဧကပိုနည်းပါတယ်။ မိုးရာသီမှာတော့ မိုးထိရင် ဘိန်းဟာ အပင်ပျက်သလို အသီးလည်းမကောင်းတာကြောင့် စိုက်ပျိုးမှု နည်းပါးပါတယ်။ ကရင်နီပြည်နယ်တွင်း ကျေးရွာတချို့မှာလည်း ဘိန်းစိုက်ခင်းကို တဖန်ပြန်တွေ့လာရပါတယ်။

ဘိန်းစိုက်ခင်းတခုမှာ ဘိန်းပွင့်တို့က အဖြူ၊ အနီ၊ အပန်း၊ အဝါ စသည်ဖြင့် အပြိုင်ပွင့်လန်းနေကြပါတယ်။ မျိုးစေ့ချ ချိန်ကစလို့ ၃ လကြာမြင့်လာတဲ့အခါ အပွင့်တွေလှိုင်လှိုင် ပွင့်လာပါတယ်။ ပြီးနောက် ဘိန်းသီး ထွက်ပေါ် လာပါတယ်။ အသီးတလုံးစီကနေ ၄ ကြိမ်တိုင်တိုင် အဆီခြစ်ယူလို့ရပါတယ်။ အဆီခြစ်ယူတဲ့ကာလကလည်း အချိန် တလ ကြာမြင့်တတ်ပါတယ်။ အဆီခြစ်ယူရာမှာ ပါးလွှာလှတဲ့ ဘလိတ်ဓား ကိုသာအသုံးပြုပြီး အားစိုက်ထည့်စရာမလိုပဲ အပေါ်ယံကို အသာလေး ခြစ်ယူရပါတယ်။

အာဏာမသိမ်းမီ NLDအစိုးရလက်ထက်က ဘိန်းဆီ တပိဿာ ကျပ် ၂ သိန်း စျေးသာ ရှိပါတယ်။ ဒါ့ကြောင့် ဘိန်းစိုက်ပျိုးမှု သိသိသာသာ နည်းပါးလာခဲ့တယ်လို့ ဘိန်းရောင်းဝယ်လုပ်သူ ထံက သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဘိန်းစျေးတပိဿာ ကျပ် ၇ သိန်းထိမြင့်တက်လာပါတယ်။ ၂၀၂၄ ခုနှစ်တွင်းမှာတော့ တပိဿာ ကျပ် ၁၀သိန်း အထိ စျေးနှုန်းရရှိလာပါတယ်။ ဒါ့ကြောင့် ကျေးရွာဒေသခံ တင်မကပဲ စစ်ဘေးရှောင်တွေပါ စားဝတ်နေရေး ပြေလည်ရေးအတွက် ဘိန်းစိုက်ပျိုးလာကြတယ်လို့ စစ်ရှောင် အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

“ အခုမှ စိုက်တယ်ပေါ့နော။ အရင်တုန်းက တခါမှ မစိုက်ဖူးဘူး။ ဘာလို့စိုက်လဲဆိုတော့ စစ်ရှောင်တော့ ဘာအလုပ်မှမရှိလို့ပေါ့နော။ အဲ့ဒီဟာလုပ်တာက လွဲပြီး ကျန်တဲ့အလုပ်က အဆင်မပြေဘူးပေါ့နော။ အဓိက စားဝတ်နေရေး အဆင်ပြေဖို့ပေါ့ အဲလိုပဲစိုက်တာပါ” လို့ စစ်ဘေးရှောင်ကာလအတွင်းမှာ စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးလုပ်ကိုင်လာတဲ့ စစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

ဒါပေမဲ့ တကယ်တမ်းတော့ ဘိန်းစိုက်ပျိုးခြင်းကလည်း မလွယ်ကူတဲ့ အလုပ်တခုဖြစ်တယ်လို့ဆိုပါတယ်။ ကျပ်ငွေကို သိန်းဆယ်နဲ့ချီ ရင်းပြီး စိုက်ပျိုးခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘိန်းခင်းပျက်စီးသွားပြီး အရင်းတောင်မကြေတော့တဲ့ ဖြစ်စဥ်တွေလည်းရှိပါတယ်။

တောင်ပေါ်ဒေသတွေမှာ စပါး၊ ပြောင်း စတဲ့ သီးနှံတွေဟာ အထွက်မတိုးတာကြောင့် ဘိန်းစိုက်ပျိုးမှုကသာ ဒေသခံနဲ့ စစ်ရှောင်နေရသူတွေအတွက် ဝင်ငွေရစေတဲ့ အလုပ်တခုဖြစ်လာတာပါ။

NLD အစိုးရလက်ထက်က ဘိန်းစျေးကောင်းမရတာကြောင့် တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးသူဦးရေ မရှိသလောက် နည်းသွားခဲ့ပါသေးတယ်။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ အခက်အခဲတွေကြောင့် ဘိန်းစိုက်ပျိုးမှုတွေ ပြန်လည်မြင့်တက်လာပါတယ်။

“ ပြောင်းဖူးတို့ ဘာတို့က ကျနော်တို့ဒေသနဲ့ သိပ်ပြီးတော့မှ မကိုက်ညီဘူးပေါ့နော။ ရာသီမတည့်တာနဲ့ ဒါမျိုးပဲ တည့်တော့ အဲဒါပဲစိုက်တယ်။ ပိုပြီးတော့မှ အောင်မြင်တယ်ပေါ့။”လို့ တောင်ပေါ်ဒေသ မှာ ဘိန်းစိုက်နေတဲ့တောင်သူ တဦးကပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ပြည်ထဲရေးဌာန လက်အောက်မှာရှိတဲ့ ကရင်နီပြည်ရဲဌာနကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းစဉ်တွေ၊ ဖမ်းဆီးအရေးယူမှု လုပ်ငန်းစဉ်တွေရှိနေတယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။ ဒါပေမဲ့လည်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှုတွေကိုတော့ ဖိဖိစီးစီး ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့ထင်သလောက် ကျနော်တို့တားဆီးတာတွေ၊ ဖျက်ဆီးတာတွေ၊ အပြစ်ပေးအရေးယူတာတွေကတော့ ဒီနှစ်မှာတော့ကျနော်တို့ ဖိဖိစီးစီးတော့မလုပ်နိုင်သေးပါဘူးခင်ဗျ” လို့ ဦးဗညားကပြောပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ တောင်သူများအနေနဲ့လည်း မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်မသုံးစွဲဖို့ တားမြစ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စိုက်ပျိုးသူ တောင်သူတယောက်ကလည်း စားဝတ်နေရေးပြေလည်စေဖို့ ကလွဲလို့ တခြားရည်ရွယ်ချက်နဲ့ စိုက်ပျိုးတာမရှိဘူးလို့ ဆိုပါတယ်။

ဘိန်းသီးမှရလာတဲ့ ဘိန်းဆီကို တဆင့် ကျိုချက်ပြီးနောက် တရုတ်ပြည်ကို အများဆုံးတင်ပို့လေ့ရှိတယ်လို့ ဘိန်း ဆီဝယ်ယူသူတွေဆီက သိရပါတယ်။ ဘိန်းချက်လုပ်ရာမှာ အဆင့် ၄ ဆင့်ရှိပြီး နောက်ဆုံး နံပါတ် ၄ အဆင့်မှာ ဘိန်းဖြူမှုန့်ကို ရတယ်လို့သိရပါတယ်။

ဘိန်းမှတဆင့် ဘိန်းမဲ၊ ဘိန်းဆီခဲ၊ နံပါတ် ၃ အဆင့်ရှိတဲ့ ဘိန်းညိုခဲ၊ နံပါတ် ၄ အဆင့်ရှိတဲ့ ဘိန်းဖြူမှုန့်၊ ဘိန်းမဲ ဘိန်းဆီနဲ့ ရောနယ်ပြီးရလာတဲ့ ခက်ခူ စတာတွေကို ရလာပါတယ်။ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာဆေးဝါး တချို့မှာလည်း အနည်းအကျဥ်း ပါဝင်တယ်လို့ သိရပါတယ်။ ဘိန်းဆီ ၆ ပိဿာကို ကျိုချက်ရင် ဒုတိယအဆင့်ရှိ ဘိန်းချော တကီလို ရရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း ရှမ်း-ကရင်နီနယ်စပ်ဒေသနဲ့ ကရင်နီပြည်တွင်းမှာ ဘိန်းစိုက်ပျိုးနှုန်း သိသိသာသာ ကျယ်ပြန့်များပြားလာတဲ့အပေါ် ကရင်နီပြည် ရဲဌာန-KSP သတင်းနှင့်ပြန်ကြားရေးဌာနမှူး ဘိုဘိုကို မေးမြန်းတဲ့အခါ ယင်းကိစ္စနှင့်စပ်လျဥ်းပြီး လတ်တလောမှာ ဖြေကြားလို့ မရသေးဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက်သေစာ သောက်စားမှုကတော့ တော်လှန်ရေးကာလမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အလွယ်တကူတွေ့မြင်လာနေရပါတယ်။

spot_img
spot_img

Recent posts