spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခြောက်လပြည့် မြို့တော်လွိုင်ကော်ရဲ့ ၁လေးလုံးစစ်ဆင်ရေး အလားအလာ

ဘူးရယ်/ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်တဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးဟာ ဒီကနေ့ (မေလ ၁၁ ရက်နေ့) မှာ ၆ လပြည့်သွားပြီ ဖြစ်ပါတယ်။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲလို့လည်း သိထားကြတဲ့ ၁၁၁၁ စစ်ဆင်ရေးဟာ အောင်မြင်တယ်လို့ ပြောလို့ရပါသလား။  လွိုင်ကော်မြို့တွင်း စစ်ရေးအားပြိုင်မှု အခြေအနေတွေနဲ့ ထိခိုက်ဆုံးရှုံးမှုတွေရှိနေတဲ့ လွိုင်ကော်မြို့ဟာ နေရပ်စွန်ခွာသွားတဲ့ မြို့ခံတွေ ပြန်နေဖို့ သင့်၊ မသင့်ကို ကန္တာရဝတီတိုင်း(မ်) က လက်လှမ်းမီသမျှ အချက်အလက်တွေကို အခြေခံပြီး ချဉ်းကပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

၆ လအတွင်း လွိုင်ကော်မြို့ တွင်းအခြေအနေများ

၁၁၁၁ စစ်ဆင်ရေးကို သာမန် အရပ်သားပြည်သူတွေကတော့ မြို့သိမ်းပွဲအနေနဲ့ လည်းသိထားကြတာပါ။ စစ်ဆင်ရေး ၆ လပြည့်ချိန်အထိ လွိုင်ကော်မြို့ တစ်ခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်တွေက မထိန်းချုပ်နိုင်သေးသလို စစ်ကောင်စီက အပြည့်အဝ နယ်မြေစိုးမိုးမှု ရနေတာလည်းမဟုတ်ပါဘူး။  မြို့တွင်းမှာ စစ်ကောင်စီတပ်တွေ ထိန်းချုပ်လှုပ်ရှားနေသေးတဲ့ နေရာတွေရှိနေသလို၊ တဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့ တွေက ထိန်းချုပ်လှုပ်ရှားနေတဲ့နေရာတွေ ရှိနေပါတယ်။

လက်ရှိ လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာများ

စစ်ကောင်စီတပ်တွေဟာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊ ကွန်ပြူတာတက္ကသိုလ်၊ လွိုင်ကော်အကျဉ်းထောင်၊ နည်းပညာတက္ကသိုလ်၊ မိုင်းလုံးဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ အခိုင်အမာ တပ်စွဲထားပါတယ်။

စစ်ကောင်စီတပ်တွေအထိုင်စခန်းချထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို  ၂၀၂၃ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ၊ ပြည်နယ်ရဲစခန်းကိုတော့ ၂၀၂၃ ဒီဇင်ဘာလ ၉ ရက်နေ့မှာ  သိမ်းပိုက်နိုင်ခဲ့တာပါ။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတော့ လွိုင်ကော်မြို့တွင်းက မြို့ပေါ်ရပ်ကွက်တွေအထိ သွားလာလှုပ်ရှားနိုင်နေတာကိုတွေ့ရပေမဲ့ စစ်ရေးဗျူဟာတွေကြောင့် အတည် တပ်စွဲနေထိုင်တာမျိုး မရှိပါဘူး။ တော်လှန်ရေးရဲဘော်တချို့က လွိုင်ကော်မြို့အတွင်းမှာရှိနေတဲ့ မြို့ပေါ် ရပ်ကွက်တွေအထိ လှုပ်ရှားသွားလာနေသလို  အထင်ကရနေရာတွေဖြစ်တဲ့ တောင်ကွဲစေတီ အထိ ဝင်ရောက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို လူမှုကွန်ယက်မှာ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတယ်ဆိုတဲ့ယူဆချက်ကြောင့် စစ်ကောင်စီဟာ ပြည်နယ်ရဲ့ အထင်ကရ နေရာဖြစ်တဲ့ တောင်ကွဲစေတီဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် စေတီတချို့  ထိခိုက်ပျက်စီးသွားခဲ့တာတွေရှိနေ တယ်လို့  KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးက ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောခဲ့ပါတယ်။ 

အလားတူ ထိခိုက်ပျက်စီးမှုတွေ အပါအဝင် ၆လတာအတွင်း တိုက်ပွဲတွေကြား ထိခိုက်ပျက်စီးသွားတဲ့ လွိုင်ကော်မြို့ ခံတွေရဲ့ နေအိမ်နဲ့  အဆောက်အဦးပေါင်း ၁၀၀၀ ကျော် ရှိနေတယ်လို့ KCSN ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ကနေသိရှိရပြီး အထင်ကရ စျေးကြီးဖြစ်တဲ့ တောင်စျေး၊ ဗဟိုစျေး  တွေဟာလည်း မီးလောင်ပြာကျသွားခဲ့ရတဲ့အနေအထားရှိနေပါတယ်။ လက်ရှိလွိုင်ကော်မြို့ရဲ့ ၃ပုံ ၂ပုံဟာ ထိခိုက်ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ထိခိုက်သေဆုံးသူ အရပ် သား ဦးရေကလည်း ၈၀ နဲ့ အထက် ရှိနေတာပါ။

ရှမ်းပြည်ရောက် လွိုင်ကော်မြို့ခံတွေရဲ့ အသံများ

‘’ မြို့ကို သိမ်းနိုင်ခဲ့ပြီလား ၊ မသိမ်းနိုင်ခဲ့ရင်တော့လည်း ပြည်သူတွေကို ပြန်ပေးဝင်စေချင်တယ်ဗျာ ။ ဒီ၆ လအတွင်းမှာ စီးပွားရေး က ဘာမှ ကို လုပ်မရအောင် မွဲသွားပြီ။‘’ လို့ ရှမ်းပြည် ညောင်ရွှေမြို့နယ်ကို စစ်ရှောင်နေတဲ့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောတာပါ။

၁၁၁၁ လုံးစစ်ဆင်ရေး အတွင်း လွိုင်ကော်မြို့နေလူထု ရဲ့ သုံးပုံ ၂ ပုံခန့် ဖြစ်တဲ့ လူဦးရေ ၅၀၀၀၀ ဝန်းကျင်ဟာ  အိုးအိမ်တွေကို စွန့်ခွာပြီး တခြားသော မြို့နယ်တွေနဲ့ အိမ်နီးချင်း ပြည်နယ်တွေထဲကို ထွက်ပြေးကြရပါတယ်။ မိမိရဲ့ မြို့မဟုတ်တဲ့ တခြားဒေသမှာ သွားရောက်နေထိုင်ကြတဲ့ စစ်ရှောင်တိုင်းကတော့ အိမ်ပြန်ချင်နေတဲ့ ဆန္ဒတွေ ကိန်းအောင်းနေမှာပါ။

“သူများမြို့ရွာမှာ ဒုက္ခ​တွေ​ရောက် ၊ အိမ်​နောက် ကလည်း ​​ပြောင် ​ရှေ့မှာလည်း ရှာစားမရ။ ပြန်ချင်လှပါပြီကွယ် ။ ​ပြောင်​​နေတဲ့ ခြံ​လေးမှာ ပဲ ငုတ်တုတ်သွား ထိုင် ချင်​တော့တယ်။ ဒီမှာက အိမ်စရိတ်စားစရိတ် အရမ်းကုန်တယ် ဟိုမှာဆို ​​အိမ်လ ခ ​ပေးစရာလိုဘူး​လေ။”လို့ ရှမ်းပြည်မှာ စစ်ရှောင်နေရတဲ့အသက် ၇၀ အရွယ် အမျိုး သမီးတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်ကို စစ်ရှောင်နေရတဲ့ ကရင်နီစစ်ရှောင်တွေရဲ့ ဒုက္ခကလည်း မသေးပါဘူး။ ငွေးကြေးတတ်နိုင်သူတွေနဲ့  နီးစပ်ရာဆွေမျိုးရှိနေသူတွေကတော့ ခိုလှုံဖို့နေရာတွေ အလွယ်တကူရနိုင်ပေမဲ့ ငွေကြေးအခက်အခဲရှိသူတွေကတော့ ဘုန်းကြီးကျောင်းနဲ့ သတ်မှတ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြရတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေကို  စားဝတ်နေရေးနဲ့ နေရာထိုင်ခင်း အခက်အခဲတွေကြောင့် ဆက်လက်လက်ခံထားဖို့ အခက်အခဲရှိနေတယ်လို့ ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ တာဝန်ခံက ပြောထားတာရှိပါတယ်။

ရှမ်းပြည်ဘက်မှာ သွားရောက်စစ်ရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ ကာလရှည်ကြာတာနဲ့ အမျှ အခက်အခဲတွေများလာတာကြောင့် နေရပ်ကို ပြန်ဖို့စိတ်အားထက်သန်လာကြပါတယ်။ ဒါပေမဲ့လည်း နေရပ်ပြန်ဖို့က မလွယ်ကူလှပါဘူး။

ရှမ်းပြည်ကနေ ကရင်နီကို ပြန်လာတဲ့ ပြည်သူတွေဟာ လမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးနေသူတွေရှိသလို ၊ စစ်ကောင်စီနဲ့ ပအို့ဝ်ပြည်သူ့စစ်PNO ရဲ့ ဖမ်းဆီးတာကို ခံနေရသူတွေလည်း ရှိနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားချိန်မှာ ကရင်နီပြည်ဘက်ကို ပြန်လာကြတဲ့ စစ်ရှောင်တချို့  ပျောက်ဆုံးနေတယ်လို့ ဆီဆိုင်ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေရဲ့ စာရင်းကိုအတိအကျ မသိရပေမယ့် ၃၀ ဝန်းကျင်ရှိနိုင်တယ်လို့  ဆီဆိုင်ဒေသခံတွေက ခန့်မှန်းထားပါတယ်။

“အခုကလည်း မိသားစုတွေက သူတို့သားသမီး ပြန်ဆက်သွယ်လာကြမှာကိုပဲ စောင့်ကြတယ်လေ။ အဓိက အသက်ရှင်ဖို့ပဲပေါ့နော။” လို့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မှာပြန်နေမယ်ဆိုရင်

လွိုင်ကော်မှာ ပြန်နေတော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမယ့်အချက်က နေမယ့်နေရာရှိပြီလား ဆိုတာပါပဲ။ လွိုင်ကော်မြို့ရဲ့ နေရာတော်တော်များများက တိုက်ပွဲတွေဖြစ်ထားတာကြောင့် ထိခိုက်ပျက်စီးနေတဲ့အပြင် စစ်ပွဲလက်ကျန်ကျည်ဆံတွေနဲ့ နှစ်ဘက် အပြန်အလှန်ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ ရှိနေနိုင်ပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့က ရပ်ကွက်တိုင်းမှာ လူနေတာမျိုးမရှိသေးပါဘူး။ နမ့်ဘော်ဝမ်၊ ကြည်သာယာ၊ လောဓ္ဓမ၊ ဒေါတမ ဘက်မှာတော့ လူတွေ ပိုများတာကိုတွေ့ရတယ်လို့ လွိုင်ကော်မြို့ကို ပြန်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးက အချိန်ပြည့်မရသလို၊ ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းတွေကလည်း ပြီးခဲ့တဲ့ ၂ ပတ်မှာ MPT လိုင်းတစ်ခုသာ ပြန်ရသေးတယ်လို့ပြောပါတယ်။

“လိုင်းကနေရာတိုင်းတော့ မဟုတ်ဘူး။ လိုင်းပြတ်တောက်ပြတ်တောက်ဖြစ်တယ်။ မီးကလည်း အမြဲတမ်းမလာဘူးပေါ့နော။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့တွင်းမှာ တပ်စွဲထားတဲ့နေရာကနေ အပြင်ကို ထွက်တာတွေသိပ်မရှိပဲ ထွက်လာရင်လည်း အရပ်ဝတ်တွေနဲ့ လူထုကြားသွားလာတာတွေသာ ရှိနေတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လွိုင်ကော်ကို ပြန်လာနေကြဖို့ ဌာနဆိုင်ရာ အကြီးအကဲ တွေနဲ့ ဝန်ထမ်းတွေကို ဆင့်ခေါ်နေပါတယ်။ လွိုင်ကော်မြို့ကို ပြန်လာနေလို့ရပြီဖြစ်တယ်ဆိုတဲ့အကြောင်းကို ဝါဒဖြန့်ဖို့ သင်္ကြန်ပွဲတော်ကို အခမ်းအနားနဲ့ ကျင်းပပေးနေသယောင် ဝါဒဖြန့်နေတာတွေကို တွေ့ရှိရပါတယ်။ တိုက်ပွဲတွေ ရှိနေဆဲဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်မှာတော့ စစ်ကောင်စီဟာ သင်္ကြန်ပွဲကို သိုသိုသိပ်သိပ်သာ ပြန်လုပ်ခဲ့ရဟန်တူပါတယ်။

ဒါတင်မကပါဘူး ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာ လွိုင်ကော်မြို့မင်းစုရပ်ကွက်မှာရှိတဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ စစ်ကောင်စီက ပြည်သူ့စစ်(ဌာနေ) အပတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓါတ်ပုံတွေနဲ့ တကွ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး စစ်ကောင်စီဟာ ဝါဒဖြန့်ဖို့ အတွက်သာပြုလုပ်နေတာဖြစ်ပြီး “စစ်တပ်ဝန်းထဲက အခန်းကျဥ်းကျဥ်းလေးထဲမှာ လုပ်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

လွိုင်ကော်မှာ တိုက်ပွဲတွေရှိနေဆဲကာလမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပြန်လာနေထိုင်ဖို့ အတွက် ခေါ်ယူနေတာဟာ အထိနာနေတဲ့စစ်ကောင်စီတပ်တွေအတွက် ကူဖော်လောင်ဖက် တနည်းအားဖြင့် လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။ စစ်ကောင်စီတပ်နဲ့ အနီးတဝိုက်မှာ လူထုတွေရှိနေရင် လူထုကနေပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေကို ယခင်လို ရဲရဲတင်းတင်း မလုပ်ဆောင်နိုင်တော့မှာကို စစ်ကောင်စီက ကြိုသိနေတာလဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်မြို့ကို ဒေသခံတွေပြန်လာနေထိုင်စေချင်တဲ့ ဆန္ဒတွေရှိနေပေမဲ့ ပြည်သူတွေအတွက် ဘာတစ်ခုမှ ပြင်ဆင်ထားခြင်းမရှိသေးပါဘူး။ လွိုင်ကော်ကို ဝင်လာတဲ့ ကုန်စည်လမ်းကြောင်းတွေလည်း မရှိသလောက်ဖြစ်နေပြီး တိုက်ရိုက်ဝင်လာတဲ့လမ်းကြောင်းထက် ပြည်သူတွေအချင်းချင်းကနေ သွားတဲ့ တဆင့်ခံလမ်းကြောင်းတွေကနေ ကုန်စည်အဝင်တွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လွိုင်ကော်ကို ကုန်တွေဝင်နေတဲ့ လွိုင်ကော်- ဒီးမော့ဆို အမှတ်(၂) ပန်ကန်းဂိတ်ကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ လွိုင်ကော်မြို့ အရေးပေါ် စီမံထိန်းသိမ်းရေးကော်မတီ (လူထုနဲ့တပ်ပေါင်းစု) ကပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အခြေခံစားသောက်ကုန်တွေကလည်း စျေးတွေ အဆမတန်တက်နေသလို ငွေကြေးအဆင်ပြေရင်တော့ ဝယ်ခြမ်းစရာတွေရှိနေပေမဲ့ နေစရိတ်၊ စားစရိတ်တွေ ကြီးနေပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းကလည်း မရှိသလောက်ဖြစ်နေပါတယ်။ တနေ့လုပ်တနေ့စား အခြေခံလုပ်သားတွေအဖို့တော့ ဝင်ငွေရလမ်းမရှိပါဘူး။ ဒါ့အပြင် တခြားဒေသကို စစ်ဘေးရှောင်နေကြချိန်မှာ နေအိမ်ဖောက်ထွင်းခံရမှုတွေက အများကြီးဖြစ်နေတာပါ။ အိမ်ရှင်ရှိမနေတဲ့ အိမ်တိုင်း ဖောက်ထွင်းခိုးယူခံနေရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

“ဘေးအိမ်ကို ဖောက်နေတာ မြင်လည်း မပြောရဲဘူး။ သူတို့က အဖွဲ့ နဲ့ တုတ်တွေ ဓါးတွေလည်းပါတယ်။” လို့ လွိုင်ကော်မြို့ ခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပြဖူးပါတယ်။

လက်ရှိလွိုင်ကော်မြို့ အခြေအနေအရတော့ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ တခြားဒေကမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကြောင့် နေရပ်ပြန်လာကြတဲ့ မြို့ခံတွေရှိပေမဲ့ မြို့တွင်းမှာလည်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကလည်း အလားတူပါ။

တဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက “ပြန်လာရင်တော့ နေလို့တော့ ရမယ်။ ဒါပေမဲ့ အသက်အန္တရယ်တော့ အာမခံချက်မရှိဘူး။ နောက်ခုနလို စားသောက်စရိတ်ကလည်းကြီးမယ်။ ဘယ်ချိန်ဘာထပ်ဖြစ်မယ်ဆိုတာ တော့မသိဘူးပေါ့နော။” လို့ လွိုင်ကော်မြို့ကို ပြန်ရောက်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေး အောင်မြင်သလား

၁၁၁၁ စစ်ဆင်ရေး အတွင်း မယ်စဲ့ ၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မိုးဗြဲ၊ နန်းမယ်ခုံ စတဲ့ မြို့ ၇ မြို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ပြီလို့ ဆိုထားပါတယ်။ စစ်ဆင်ရေး စတင်ပြီး ၃ ရက်မြောက်နေ့ ( နိုဝင်ဘာလ ၁၃ ) မှာ နန်းမယ်ခုံမြို့နဲ့ မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်သလို၊ ၂၀၂၄ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့မှာ စစ်ကောင်စီဗျူဟာပြုထားတဲ့ ရှားတောမြို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာပါ။ အလားတူပဲ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဘောလခဲမြို့နယ် ရွာသစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီးလို့ KNDF က ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တပ်စခန်း ၁၆ ခုကနေ ဆုတ်ခွာသွားတာရှိပြီး ၊ လွိုင်ကော်မြို့နယ်က စစ်ကောင်စီစခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့နယ်မျာ ၁၃ ခု၊ ဖားဆောင်းမျာ ၉ ခု ဘောလခဲမှာ  ၅ ခု ၊ ရှားတော မှာ ၇ ခု နဲ့ ဖယ်ခုံမြို့နယ်မျာ ၁၇ ခု အပြင် မယ်စဲ့မယ်တစ်ခု နဲ့ ဖရူဆိုမှာ ၁ခု၊ စုစုပေါင်း တပ်စခန်း ၆၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNDF ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါတွေဟာ ၁၁၁၁ စစ်ဆင်ရေးရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ဒီးမော့ဆို ၊ဖရူဆို နဲ့ တခြားသော မြို့နယ် တွေကို စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို ပြန်လည်ရုတ်သိမ်းလိုက်ရပါတယ်။ ဒါ့ကြောင့် ၁၁၁၁ စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေ၊ မြေပြင် ထောက်ပို့ လမ်းကြောင်းတွေကို ဖြတ်တောက်ပေးထားနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေရရှိလာတယ်လို့ဆိုနိုင်ပါတယ်။ စစ်ကောင်စီဟာ ကရင်နီမှာ အခြေစိုက် စခန်းတွေရှိနေဆဲဖြစ်ပေမဲ့ တပ်စခန်းရဲ့ အပြင်ဘက်ကို ထွက်လာနိုင်တာမျိုးမရှိပဲ ခံစစ်သဘောသာ ပြင်ဆင်ထားကြရတာကိုတွေ့ရပါတယ်။ မြေပြင် စစ်ကြောင်း၊ စစ်ကူ နဲ့ ထောက်ပို့ တွေကို ပို့ဆောင်နိုင်တာမရှိတော့တဲ့အတွက် လေကြောင်းကသာ စစ်ကောင်စီတပ်ရဲ့ အဓိက အားထားရာ ဖြစ်လာပါတယ်။

“အရင်တုန်းကကျေးရွာတွေထဲမှာလိုက်လံမီးရှို့သတ်ဖြတ် ဖမ်းဆီးလုပ်နေတဲ့ကောင်တွေအားလုံး အခုချိန် သူ့တပ်တွေထဲမှာ ပြန်ပုန်းနေရတဲ့အနေအထားတွေ ပြန်ဖြစ်နေတယ်ပေါ့လေနော သိပ်မကြာသေးခင်က တပ်အပြင် နည်းနည်းထွက်လာတာရှိတယ်။ အခုကျနော်တို့အဲ့တာ တိုက်ခိုက်ခြေမှုန်းနေတယ်ပေါ့လေနော” လို့ KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

ကရင်နီပြည်မှာရှိနေတဲ့တော်လှန်ရေးတပ်ဖွဲ့ တွေ ပူးပေါင်းပြုလုပ်တဲ့ စစ်ဆင်ရေးဟာ အဓိက လွိုင်ကော်မြို့ မှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တာယားကို ဖြိုချဖျက်စီးဖို့ ကို အဓိက ရည်ရွယ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFရဲ့  ဒု စစ်ဦးစီးချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်)ကို ပြောထားပါတယ်။

“အဲ့ဒီစစ်ဆင်ရေးရဲ့အောင်မြင်မှုကတော့ ရည်မှန်းချက်ပြည့်မီတယ်။ ရာခိုင်နှုန်းနဲ့ ပြောကြေးဆိုရင်တော့ အကုန်ပြည့်မီပါတယ်။” လို့ KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်) ကိုပြောထားပါတယ်။

လက်ရှိလွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေး ရှိနေဆဲဖြစ်ပြီး တိုက်ပွဲကြီးကြီးမားမား မရှိပေမဲ့ တိုက်ပွဲငယ်လေးတွေရှိနေဆဲ ဖြစ်ပါတယ်။ ၁၁၁၁ စစ်ဆင်ရေးဟာ ရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တာယားကို ဖြိုချဖျက်ဆီးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပြီးမြောက်သွားပေမယ့်လည်း  နောက်ထပ် စစ်ရေးရည်မှန်းချက်တွေလည်းရှိနေတာကြောင့် ပြင်ဆင်မှုတွေကို ဆက်လက်လုပ်နေတယ်လို့  ဒုစစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။

ကရင်နီမှာတော့ တစ်ပြည်နယ်လုံးသော ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရသူတွေဖြစ်ပြီး စစ်ဖြစ်ပွားတဲ့အချိန်ကာလ ကွဲပြားမှုကြောင့် တိမ်းရှောင်ရတဲ့ ကာလအပိုင်းအခြားလည်း ကွဲပြားနေကြပါတယ်။ ပထမဦးဆုံး စစ်ပွဲဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်က ဒေသခံတွေကတော့ ဒီ မေလ အတွင်းမှာ စစ်ဘေးရှောင်နေရတာ သုံးနှစ်အထိ ရှိနေပြီဖြစ်ပြီး ယနေ့အချိန်ထိ နေရပ်ပြန်လာနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။

၁၁၁၁ စစ်ဆင်ရေးစတင်ချိန်မှာတော့ KNDF ရဲ့ ဥက္ကဌ ဖြစ်တဲ့ ခွန်းဘီထူးက လွိုင်ကော်မြို့ခံတွေကို ယာယီနေရာရွေ့ပြောင်းပေးဖို့နဲ့ မကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတက်တဲ့ လွိုင်ကော်မြို့ကို ပြန်အသက်သွင်းကြရအောင်လို့ ပြည်သူလူထုကို သတင်းစကားပေးထားတာ ရှိပါတယ်။

ဒါပေမဲ့လည်း ခွန်းဘီထူးရဲ့ သတင်းစကားမှာပါတဲ့ “မကြာမီ” ဆိုတဲ့ စကားလုံး ဟာ “ဘယ်လောက်ကြာမှာလဲ” ဆို တိကျတဲ့ အဖြေမပါပါဘူး။  ဒါပေမဲ့လည်း စစ်အာဏာရှင်ကို တနိုင်ငံလုံးက ကျရာကဏ္ဍကနေ တိုက်ခိုက်တွန်းလှန်နေတဲ့ အချိန်မှာ လွိုင်ကော်မြို့ခံတွေရဲ့ စွန့်လွတ်အနစ်နာခံမှုဟာ အနာဂါတ် မျိုးဆက်တွေကို စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့ အဓိကကျတဲ့ အချက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

spot_img
spot_img