spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဂျပန်အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့ပေမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ကရင်နီစစ်ရှောင်မရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ လူသားချင်းစာနာထောက်ထားတဲ့အကူအညီကိစ္စ ဆွေးနွေးခဲ့ပေမယ့် စစ်ကောင်စီရဲ့ကန့်သတ်မှုကြောင့် ကရင်နီစစ်ရှောင်အတွက် အကူအညီရရှိနိုင်မှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“သူတို့သဘောတူညီထားတာလည်းရှိတယ်။ အဲ့ဒါကဘာလဲဆိုတော့ သူတို့က စစ်ကောင်စီရဲ့ခွင့်ပြုချက်မပါဘဲနဲ့ သဘောတူညီချက်မရှိဘဲနဲ့ ခွင့်ပြုချက်တော့မဟုတ်ဘူး။ သဘောတူညီချက်မရှိဘဲနဲ့ သူတို့ပို့ဖို့၊ လူသားချင်းစာနာထောက်ထား ပံ့ပိုးဖို့ဆိုတာ သူတို့အနေနဲ့ နိုင်ငံတကာအရပေါ့နော ဆက်ဆံရေးအရတော့ ခက်ခဲလိမ့်မယ်။ နောက်တစ်ခုက စစ်ရေးတွေပြင်းထန်နေတဲ့ ပြည်နယ်တစ်ခုဖြစ်သလို စစ်ကောင်စီကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်။ ဒါ့အပြင် တကယ်လို့ လူသားချင်းစာနာတဲ့အကူအညီတွေ ထိုင်းနယ်စပ်ကနေ ပေးမယ်ဆိုလို့ရှိရင်လည်း ထိုင်းအစိုးရရဲ့ခွင့်ပြုချက်ကလည်းလိုတယ်လေ။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့အတွက် သူတို့ဆီက ရဖို့အတွက်ကတော့ မျှော်လင့်လို့မရဘူးပေါ့နော။ စကားအရကတော့ ကြိုးစားသွားပါ့မယ်။ လမ်းစရှာသွားမယ်ဆိုတဲ့ဟာမျိုးတော့ ပြောခဲ့တာတော့ရှိတယ်ပေါ့။” လို့ KNPP အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဌလည်းဖြစ်သလို ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာဆာဆာကာဝါဦးဆောင်တဲ့ အဖွဲ့မှ လူသားချင်းစာနာထောက်ထားမှုပေးမယ့်ကိစ္စကို စစ်ကောင်စီကနေ စာထုတ်ထားတာရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့ထဲက လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ CNF ၊ KNU အဖွဲ့အစည်းမှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကသာ အဲ့ဒီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ရရှိမှာဖြစ်ပါတယ်။

မစ္စတာဆာဆာကာဝါနဲ့ တွေ့ဆုံမှုမှာလက်ရှိ ကရင်နီပြည်နယ်အခြေအနေ၊ လူသားချင်စာနာထောက်ထားမှု အကူအညီကိစ္စကို ထည့်သွင်းဆွေးနွေးပြီး လူမှုရေးကိစ္စကိုသာ အဓိကထား ဆွေးနွေးခဲ့သလို နိုင်ငံရေးကိစ္စရပ်တွေတော့ မဆွေးနွေးခဲ့ပါဘူး။ ယခင်က ထောက်ပံ့မှုအကူညီပေးထားပြီး နှစ်ဖက်တွေ့ဆုံခဲ့တဲ့ ဆက်ဆံရေးရှိထားတာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

“သူတို့ကူညီနိုင်မှာမဟုတ်ဘူးဆိုတာ အစောပိုင်းကတည်းက ကျနော်တို့သိပြီးသားဖြစ်တယ်လေ။ ဘာကြောင့်လဲဆိုရင် ခုနကပြောသလို စစ်ကောင်စီထုတ်ထားတဲ့စာတွေလည်းရှိပြီးသား ဖြစ်တာကိုးနော။ ဆိုတော့ ကျနော်တို့ကတော့ ဆက်ဆံရေးအရပဲသွားတာပေါ့။ သွားတယ်ဆိုတာ ကျနော်တို့အတွက်က ရလဒ်ကတော့ ဘားမှလည်းမရှိပါဘူးပေါ့နော။ ဘားမှလည်းသုံးသပ်စရာမလိုဘူးပေါ့ သွားကတည်းကိုက ကျနော်တို့က ရလဒ်ကောင်းရလာမယ်လို့ မျှော်လင့်ထားတာလည်းမရှိပါဘူးပေါ့။”

ကရင်နီပြည် ဒီးမော့ဆိုမြို့၊ လွိုင်ကော်မြို့၊ နယ်စပ် မိုးဗြဲမြို့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲရပ်နားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအပြင် လက်နက်ကြီးတရစပ်ပစ်ခတ်မှု၊ တာဝေးပစ် လျှော့ဒုံးအတွဲလိုက်ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှု ဆက်တိုက်ပြုလုပ်နေတဲ့အတွက် စစ်ဘေးရှောင်လူဦးရေ နှစ်သိန်းနီးပါးတိုးလာပြီး ၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts