spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ငါတို့သေတွင်းထဲက လွတ်မြောက်ပြီ “

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ ညဆိုရင် တိတ်…. လုံးလုံးမီးမထွန်းရ။ မနက်ခင်းဆို သူတို့(စစ်ကောင်စီတပ်သား) ထမင်းချက်ပြောမှ ချက်ရတယ်။ မချက်ခိုင်းရင် မချက်ရဘူး။”

ဖေဖော်၀ါရီလ ၂၉ ရက်က စတင်ခဲ့တဲ့ ကရင်နီပြည်၊ ဖားဆောင်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ ထိန်းသိမ်းထားတဲ့ ဘုန်းကြီးကျောင်းတခုမှာ ပိတ်မိနေရာမှ လွတ်မြောက်လာခဲ့သူ အသက် ၄၈ နှစ်အရွယ် ဦးထွန်းဝင်း(အမည်လွှဲ) က ပြောပြနေတာဖြစ်ပါတယ်။

ဖားဆောင်းမှာ တိုက်ပွဲစတင်ပြီးနောက် မြို့နယ် မြောက်ပိုင်းရပ်ကွက်၊ ကွက်သစ်ဘုန်းကြီးကျောင်းမှာ ဒေသခံပြည်သူ ၁၃၀ ကျော် လာရောက်ခိုလှုံပြီး ရက်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတချို့လည်း အဲ့ဒီ ဘုန်းကြီးကျောင်းမှာ လာရောက်နေထိုင်ခဲ့ကြတာပါ။

စစ်ကောင်စီတပ်သား ၆ ယောက်ဝန်းကျင်လောက်သာ ရှိနေတာပါ။ ဒါပေမဲ့ လူထုတွေကို ဘုန်းကြီးကျောင်းဝင်းကနေ ပေးမထွက်တဲ့အတွက် ပိတ်မိခဲ့တာဖြစ်တယ်လို့ ပိတ်မိခဲ့သူတဦးဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် အဖွားမေဦး (အမည်လွှဲ) က ပြောပါတယ်။

“ စစ်သားတွေ သူတို့နေတာကျတော့ လမ်းသွားလမ်းလာတဲ့ နေရာလေးတွေပေါ့နော။ သူတို့ ပိတ်ဆို့ထားတာ ကိုယ်ကလည်း ထွက်ပေါက်ထွက်လမ်းမရှိဘူးလေ။“ လို့ အဖွားမေဦးက ပြောပြပါတယ်။

လူတရာကျော် ပိတ်မိခဲ့တဲ့ ဘုန်းကြီးကျောင်းဟာ ဖားဆောင်းမြို့နယ်၊ ကွက်သစ်ရပ်ကွက် အတွင်းမှာရှိတာဖြစ်ပြီး စစ်ကောင်စီရဲ့ ခလရ ၁၃၅ တပ်စခန်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းဝင်းထဲကနေ စစ်ကောင်စီတပ်သားတွေက မထွက်ခိုင်းသလို ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အနီးနားတဝိုက်မှာ မိုင်းထောင်ထားတာတွေရှိတဲ့အတွက် မထွက်ဖို့နဲ့ ထွက်သွားတာတွေ့ရင် သေနတ်နဲ့ ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိသလို၊ စစ်ကောင်စီတပ်စခန်းနဲ့ နီးတဲ့အတွက် တပ်သားတွေဟာ ကင်းလှည့်နေတဲ့အတွက် ကျောင်းဝင်းထဲကနေ ပြည်သူတွေ ထွက်ခွာလို့ မရဘဲ တလ၀န်းကျင် ပိတ်မိခဲ့တာ ဖြစ်ပါတယ်။

“ သူတို့ဆီမှာအဲ့လောက်ထိပေါ့။ ကျနော်တို့ကို ကြပ်တာကိုး။ တချို့ကပြောတယ် ငါတို့ဟာက ဂျပန်ထက်ဆိုးနေပြီ ကြာလေကြပ်လေ ကြာလေကြပ်လေ.. ” လို့ ဦးထွန်း၀င်းက ပြောပါတယ်။

အခုလို ပိတ်မိရာကနေ တချို့ကတော့ လွတ်မြောက်ဖို့ ထွက်လမ်းရှာတာတွေရှိပေမယ့် လွတ်လမ်းမရှာနိုင်တဲ့ အများစုက သေသေရှင်ရှင် အတူတူ ဖေးမနေထိုင်ခဲ့ကြတယ်လို့ ဦးထွန်းဝင်းက ဆက်ပြောပါတယ်။

“ကြာလေကြာလေ တယောက်ပြီးတယောက် ထွက်လမ်းရှာတယ်။ ရှာမယ်ဆိုတော့လည်း ကျနော့်တယောက်ထဲထွက်သွားမယ် ဆိုတော့လည်း အဘေးကလူရှိသေးတယ်လေ။ ပိုပြီးတော့ကြာတယ်။ သေမထူးနေမထူး အတူတူပဲနေကြမယ်ဆိုပြီး အကုန်လုံးနေတယ်။ “ လို့ ဦးထွန်းဝင်းက ဆက်ပြောပါတယ်။

ဖားဆောင်း ကွက်သစ်ရပ်ကွက်အတွင်း ပိတ်မိနေတဲ့ ပြည်သူ (၁၈)ဦး ဧပြီ (၂၉)ရက်က ထွက်ပြေးလွတ်မြောက်လာစဉ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက် မှာတော့ ဖားဆောင်းမြို့နယ်ထဲမှာရှိတဲ့ ဒေသခံ ၁၃၀ ကျော်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းအပါအဝင် ဆေးရုံဝန်း၊ ဝန်ထမ်းအိမ်ယာ အနီးအနားတွေကိုလည်း ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး ဗုံးကြဲခဲ့တယ်လို့ ပိတ်မိခဲ့သူတွေက ပြောပြပါတယ်။

ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရဟန်းအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၃ ဦး သေဆုံးခဲ့ရပါတယ်။

ဗုံးကြဲပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတချို့ ပိတ်မိနေတဲ့ ပြည်သူတွေဆီလာပြီး ဗုံးကြဲတာမဟုတ်ဘဲ ရှော့တိုက်ဒုံး ပစ်ခံရတာဖြစ်ကြောင်း လာရောက် ပြောဆိုခဲ့တာရှိတယ်လို့ ပြောပြပါတယ်။

“ခြေချော်လက်ချော်ကျလည်း ရှော့တိုက်ဒုံးကတလုံးပဲဖြစ်နိုင်မှာ။ အခုက လေး ငါး ခုနှစ် လုံးကို တောက်လျှောက်ပစ်တယ်ဆိုတော့ ပြည်သူလူထုကသိပြီးသား ဘယ်သူဘယ်ဘက်ခြမ်းကပစ်လဲဆိုတာ။ ပစ်လည်းပစ်ပြီးရော သေတဲ့လူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်းတငိုတယို။“ လို့ ပိတ်မိခဲ့သူတဦးဖြစ်တဲ့ ဦးဝင်းဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို စစ်ကောင်စီက ခလရ ၁၃၄ တပ်အတွင်းဆီခေါ်ပြီး အနာဆေးထည့်ပေးတာတို့ ပြုလုပ်ပေးခဲ့တာရှိတယ်လို့ ဆိုပါတယ်။

အဲဒီဗုံးကြဲမှုကြောင် သေဆုံးခဲ့ရသူ ၃ဦးမှာ တဦးကတော့ ပွဲချင်းပြီး သေဆုံးတာဖြစ်ပါတယ်။ ကျန်နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီရဲ့ ဆေးကုသပေးမှုကြားက ရက်ပိုင်းအကြာမှာ ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိတဲ့သူတွေကို စစ်ကောင်စီက ဆန်ရိက္ခာ တကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီ ဘုန်းကြီးကျောင်းဝင်းမှာပဲသင်္ဂြိုဟ်တယ် အဖွားသားကို၊ အပြင်ကိုသူတို့ပေးမထွက်ဘူး၊ အဖွားသား ဆုံးပြီးတညမှာလည်း မီးလည်းမထွန်းရ ဘာမှမလုပ်ရဘူး။ ရေမိုးချိုးပြီး မနက်အစောကြီး ကျင်း ကပြာကယာတူး၊ တူးပြီးတော့ အခုဆွမ်းစား အဲ့လိုမျိုး၊ နောက် အိမ်သာ ဒီဘက်ဘေးနားမှာပဲ ကျင်းတူးပြီးတော့ မြှုပ်ထားပေးလိုက်ရတယ်။”လို့ ဗုံးကြဲမှုဖြစ်စဉ်အတွင်း သားဖြစ်သူသေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို အဖွားမေဦး ကပြောပါတယ်။

သားဖြစ်သူကို မြုပ်နှံထားတဲ့ မြေကျင်းပေါ်မှာ ဇီးကိုင်းလေးအုပ်ပေးထားပြီး ဘုန်းကြီးတွေနဲ့လည်း သင်္ဂြိုဟ်ခွင့်ရလိုက်တဲ့အတွက် အဖွားမေဦးကတော့ သားဖြစ်သူဟာ ကောင်းမှုကုသိုလ်လေးရလိုက်တယ်ဆိုပြီး စိတ်ဖြေစရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေတဲ့ အတောအတွင်းမှာဆိုရင် စစ်ကောင်စီတပ်သားဘက်က နှိပ်စက်ခိုင်းစေတာတွေမရှိပေမယ့် စည်းကမ်းတင်းကြပ်တာတွေ ရှိတယ်လို့ ပြောကြပါတယ်။

ထမင်းချက်ချိန်တွေကို သတ်မှတ်တာ၊ ဘုန်းကြီးကျောင်းဝင်းအပြင်ပေးမထွက်တာ၊ ရေတင်ဖို့ဆိုရင် ခွင့်တောင်းရတာ၊ စားသောက်ဖို့အသီးအရွက်ခူးချင်ရင် ခွင့်တောင်းရတာ ၊ အကန့်အသတ်နဲ့ပေးသွားတာတွေ ရှိတယ်လို့ ဦးထွန်း၀င်းကပြောတယ်။

“ ကြပ်တာမှ ဘယ်လိုထိကြပ်လဲဆို ခင်ဗျားတို့ ဘယ်မှမထွက်နဲ့ ဘယ်မှမသွားနဲ့ အပြင်ထွက်တာ ဒီတခါတွေ့လို့ရှိရင် ပစ်သတ်မယ်။ တခါတလေလည်း ကလေးတွေ ဒီမှာရှိခါကျတော့ အိမ်သာတွေလည်း မလောက်ဘူးလေ။ ဟိုဘက် ခြံစည်းရိုးအပြင်မှာ အိမ်သာသွားတက်တယ်။“ လို့ ဦးထွန်းဝင်းကပြောပြပါတယ်။

ပိတ်မိခဲ့သူတွေထဲ ထက်ဝက်လောက်ဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး ကျန်တာကတော့ အမျိုးသား၊ သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အရေးပေါ် ဆေးဝါးကုသဖို့အတွက် အခက်အခဲတွေလည်း ရှိခဲ့တယ် လို့ဆိုပါတယ်။ ဆောင်ထားတဲ့ ဆေးဝါးအနည်းငယ်ကို စုပြီး မျှသုံးကြရပါတယ်။

“ ကလေးငယ်တွေပါတော့လည်း တချို့တွေဆို ဝမ်းတွေလျှောပြီး ဖျားနာကုန်တာလေ။ စားစရာမရှိတော့ အဲ့မှာ နွားတွေဘာတွေသေကုန်တော့လေ။ အဲ့ဒီအသားတွေပဲစား။ စားတော့ကလေးတွေဆို ဝမ်းတွေသွားတယ် ဖျားကြတယ်။“ လို့ အသက် ၃၄နှစ်အရွယ် ဒေါ်ဖောဖော(အမည်လွှဲ) က‌ပြောပါတယ်။

စားနပ်ရိက္ခာဆိုရင်လည်း ပါလာတဲ့ စားစရာတွေကိုပဲ စားသုံးခဲ့ရပြီး ရိက္ခာပြတ်လုနီး အခြေအနေမှာတောင် စစ်ကောင်စီက နေအိမ်ပြန်ပြီး ရိက္ခာယူဖို့ ခွင့်မပြုဘူးလို့ လည်းပြောပါတယ်။

ပိတ်မိခဲ့တဲ့ တလနီးပါးအတွင်း ဖားဆောင်းမှာဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လက်နက်ပစ်ခတ်သံ မကြားရတဲ့ ရက်မရှိတဲ့အကြောင်း ဦးထွန်းဝင်းက ပြောပါတယ်။

“ တရက်မှ မကြားဘူးဆိုတာ မရှိဘူး။ မနက်မနက်ဆို ဦးလေးကနောက်တယ်။ ဟေ့ရောင် တွေ မိုးခြိမ်းသံတွေတောင်ကြားပြီး ခဏနေ ကျည်ဆံမိုးရွာမလားမသိဘူးဆိုပြီး။ မနက်ဆိုထမင်းချက်ပြီးရင် အထဲထဲမှာနေတယ်။ ပူလည်းအထဲ အေးလည်းအထဲမှာဘဲ လွတ်လွတ်လပ်လပ်ဆိုတာ မရှိဘူး။ “ လို့ ဦးထွန်းဝင်းကပြောပါတယ်။

လက်နက်ပစ်ခတ်သံတွေကြား နေ့ရက်တိုင်းနေထိုင်ရပြီး ပြည်သူတွေဟာ စိတ်ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ ပိတ်မိခဲ့သူတွေရဲ့ ပြောဆိုချက်အရ တချို့ကတော့ ပြန်လွတ်လာနိုင်မယ်လို့ တွေးမထင်ထားပေမယ့် လာကယ်မယ့်သူတွေကိုတော့ မျှော်နေမိတယ်လို့ ဆိုပါတယ်။

“ လူ့အခွင့်အရေးချိုးဖောက်မှုကတော့ တော်တော်လေးကို ဒါလူတိုင်းသိပါတယ်ဗျာ။ ကျနော်တို့က ပြည်သူတယောက်အနေနဲ့ လွတ်လွတ်လပ်လပ်နေချင်တယ်ဗျာ။ ပြည်သူကို အုတ်တံတိုင်းပုံစံလိုထားတာခါကျတော့ ကျနော်တို့ပြည်သူအတွက်က ပွင့်ပွင့်လင်းလင်းပြောရရင် ဓားစာခံထားတဲ့ပုံစံလို ဖြစ်တယ်ဗျာ။ သူတို့ကိုတောင်းထွက်တော့လည်း သူတို့က လုံးဝထွက်ခွင့်မပေးဘူး။ “ လို့ ဦးဝင်းဦး (အမည်လွှဲ) က ပြောပါတယ်။

ဦးဝင်းဦးကတော့ ပိတ်မိရာကနေ လွတ်မြောက်ဖို့ ၃၀ ရာခိုင်နှုန်း ပဲ မျှော်မှန်းခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်မိပြည်သူတွေကို လာရောက်ကယ်ထုတ်ခဲ့ကြပါတယ်။

ပြည်သူတွေကို ကယ်ထုတ် လာစဉ်အတွင်း စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်း နင်းမိတဲ့ ဒေသခံအမျိုးသမီးတဦးမှာ ခြေတဖက်ဆုံးရှုံးခဲ့ရသလို ဦးဇင်းတပါးလည်း မိုင်းစထိမှန်ခဲ့ပါတယ်။

ကယ်ထုတ်မှုအတွင်းမှာဆိုရင် တော်လှန်ရေးတပ်ဖွဲ့ဘက် ရဲဘော်တဦးကျဆုံးခဲ့ရပါတယ်။ လက်ရှိမှာတော့ ပိတ်မိခဲ့တဲ့ပြည်သူတွေဟာ မြို့နယ်တခုအတွင်းက စစ်ရှောင်စခန်းမှာ ရောက်ရှိတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ကွက်သစ်ဘုန်းကြီးကျောင်းရဲ့ တခြားအပြင်ဖက် မှာလည်း နေထိုင်နေကြတဲ့ မိသားစုတချို့ရှိပြီး ကလေး၊ လူကြီး ခန့်မှန်းဦးရေ ၂၀ကျော် ရှိပါတယ်။ အဲ့ဒီအထဲက ၁၈ ဦးဟာ ဧပြီလ ၂၉ ရက်မှာပဲ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပါတယ်။

သူတို့တွေ ဆိုရင်လည်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်ထိန်းသိမ်းမှုအောက်မှာ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်ဆောင်တဦးနဲ့ ကလေးငယ် ၁၀ ဦးဝန်းကျင် ပါဝင်ပါတယ်။ ဒါ့အပြင် ၁၀ ဦးဝန်းကျင် ကတော့ ကွက်သစ်ဘုန်းကြီးကျောင်းမှာ ကျန်ရစ်နေဆဲဖြစ်ပြီး မသန်စွမ်းသူတွေလည်း ပါဝင်တယ်လို့ လွတ်မြောက်လာသူတွေဆီကနေသိရပါတယ်။

စစ်ကောင်စီကနေ ပြည်သူတွေကို အခုလို ထိန်းသိမ်းထားတာက စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

“ စစ်ကောင်စီကတော့ ပြည်သူလူထုကို လူသားဒိုင်းအဖြစ်နဲ့ ဖမ်းထားတဲ့ အစဉ်အလာကတော့ ဒါ သူတို့ လုပ်နေကျ စစ်ရာဇဝတ်မှု ပဲဖြစ်တယ်။ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်မြို့နယ်တွေမှာပဲ ဖြစ်ဖြစ် ပြည်သူလူထုကို လူသားဒိုင်းအဖြစ်နဲ့ အကာအကွယ်ယူပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကနေ ရှောင်လွှဲနိုင်အောင် လုပ်နေတာတွေရှိတယ်။ ဒါက စစ်ရာဇဝတ်မှုဖြစ်တယ်။ ဒီလိုလုပ်တာအတွက် စစ်ကောင်စီက ပြန်ပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ပဲ ပြောချင်တယ်။ “ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ပြည်သူ ၁၃၀ ကျော်ကို ကယ်ထုတ်ခဲ့ပြီးနောက် ဧပြီလ ၃ ရက်နေ့မှာလည်း ဖားဆောင်းမြို့ ၊ စစ်ကောင်စီရဲ့ တပ်စခန်း ခလရ ၁၃၄ တပ်တည်ရှိရာ တောင်ပေါ်ရွာမှာ တခြားပိတ်မိနေတဲ့ ပြည်သူ ၂၀၀ နီးပါးကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်ခဲ့ကြပါတယ်။

ဖားဆောင်းမှာတော့ တိုက်ပွဲစတင်တဲ့ ဖေဖော်ဝါရီလကုန်ကနေ ဧပြီလကုန်အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နေ့စဥ်နဲ့အမျှရှိနေပါတယ်။ ဖားဆောင်းမြို့တွင်းက စစ်ကောင်စီရဲ့ ခလရ ၁၃၄/၁၃၅ တပ်စခန်းကျန်ရှိသေးပြီး လက်ရှိအချိန်ထိ မသိမ်းယူနိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကိုဖြေဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ထိန်းသိမ်းခြင်း ကို တလနီးပါး ခံခဲ့ရတဲ့အထဲမှာပါတဲ့ အဖွား မေဦးကတော့ သေနတ်ကျည်ဆံ တရွှီးရွှီးကြား၊ မိုင်းကွင်းကြား တွေကနေ လမ်းအကြာကြီးလျှောက်ခဲ့ရပြီး ခက်ခဲပင်ပန်းစွာ ထွက်ပြေးလာခဲ့ရတယ်လို့ ပြောဆိုပါတယ်။

ဒါပေမယ့် အခုတော့ ဒါတွေက အခက်အခဲတွေမဟုတ်တော့ပါဘူးတဲ့။

“အခက်အခဲတော့မပြောတော့ပါဘူး ကိုယ်လွတ်မြောက်ဖို့ပဲ။ ငါတို့သေတွင်းထဲက လွတ်မြောက်သွားပြီ အဖွားတို့က အဲ့လိုမျိုးပဲယူဆတာ။ “ လို့ ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts