spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ငါးဆင့်စစ်ရှောင်ရင်း ထိုင်းနယ်စပ်ကို ရောက်လာသူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နယ်မြေအသစ်မှာ ရပ်တည်နိုင်ဖို့အတွက် ဒေါ်ဖြူစင်(အမည်လွှဲ) တယောက် မြူတွေဆိုင်းပြီးအုံ့မှိုင်းနေတဲ့ မနက်ခင်းလေးမှာ သူမခွင်ပွန်းနဲ့အတူ ရွာထိပ်ကိုထွက်လာခဲ့တယ်။

ရောက်တာ တလ၀န်းကျင်သာရှိသေးတဲ့ သူတို့လင်မယားနှစ်ယောက် ဒီနယ်မြေအသစ်မှာ လုပ်ကိုင်စားသောက်ဖို့အတွက် ဥယာဉ်ခြံတွေကို ခုတ်ထွင်းရှင်းလင်းဖို့ ရွာထိပ်ကိုထွက်လာကြတာဖြစ်ပါတယ်။ ဒီခြံလေးမှာ လာမယ့်မိုးတွင်းကာလရပ်တည်ဖို့ သီးပင်စားပင်တွေစိုက်ပျိုးကြမယ်လို့ဆိုပါတယ်။

အသက် ၅၅ နှစ် အရွယ် ဒေါ်ဖြူစင်တို့မိသားစုဟာ ခင်ပွန်းသည် အပါအဝင် သားသမီး ၅ ယောက်နဲ့ စစ်ရှောင်ရင်း ထိုင်းနယ်စပ်ဖက်ကို ရောက်လာတဲ့ ကရင်နီထပ်ဆင့်စစ်ရှောင်တွေပဲ ဖြစ်ပါတယ်။

ဒီကို ရောက်ဖို့ ပွဲစားကနေတဆင့် ဝင်လာရတာဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းတွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပြောရမယ်ဆိုတော့ ကားနဲ့ပဲပြောရရင် ခရီးက သုံးဆင့်လေးဆင့်လောက် စီးရတယ်။ ကားပြောင်းစီးရတယ်ပေါ့နော။ ပြီးတော့ လမ်းမှာဆိုရင် အစကနေအဆုံးထိတွက်လိုက်မယ်ဆိုတော့ ၁၀ ရက်ကြာသွားတယ်။” လို့ လာခဲ့ရတဲ့ ခရီးစဥ်အကြောင်းကို သူမက ပြန်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်းမှာ သားသမီးတွေအတွက် စိုးရိမ်ပြီး မူလစစ်ရှောင်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကနေ ထိုင်းနယ်စပ်ကို မိသားစုအလိုက် ရွှေ့ပြောင်းလာခဲ့တာဖြစ်တယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထဲမှာ စစ်မှုထမ်းရမယ့်အသက်အရွယ်ဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်သေးသူ နဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်မပြည့်သေးသူတွေ အကျုံးဝင်ပြီး ၂ နှစ်အထိ တာဝန်ထမ်းရမယ်လို့ ပါရှိပါတယ်။ လက်ရှိမှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့ စတင်ခေါ်ယူနေပြီး အမျိုးသမီးတွေကို တစ်နှစ်အတွင်း မခေါ်ယူသေးပါဘူး။

ဒေါ်ဖြူစင်ရဲ့ သားသမီးတွေကတော့ အငယ်ဆုံး ၁၂ နှစ်နဲ့ အကြီးဆုံး ၃၅ နှစ်အတွင်းမှာရှိတဲ့ လူငယ်လူရွယ်တွေ ဖြစ်ကြတဲ့အတွက် သူတို့အတွက် စိုးရိမ်ပြီး တိုင်းတပါးကို ရွှေ့ပြောင်းဖို့ အခက်အခဲတွေကြားက ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ကျေးရွာကို ရွှေ့ပြောင်းနေထိုင်ဖို့ အသိမိတ်ဆွေတွေကနေ့ တဆင့် မေးမြန်းပြီး ရောက်လာခဲ့ရတာဖြစ်ပါတယ်။

လမ်းခရီးစရိတ်အတွက် နဲ့ လက်ရှိ အိမ်ငှားစရိတ်ပေးနိုင်ဖို့အတွက် ပိုင်ဆိုင်သမျှပစ္စည်းတွေနဲ့ စုဆောင်းထားတဲ့ အတွင်းပစ္စည်းတွေကိုထုတ်ရောင်းခဲ့ရပါတယ်။

“အခက်ခဲတော့ အများရှိတယ်ပေါ့နော။ ဒါပေမဲ့ ကိုယ်ရှိတဲ့ဟာလေးနဲ့ ထုထောင်းပြီးတော့ ကိုယ်ထွက်လာရတာပေါ့နော။ အကုန်ကျလည်း များတာပေါ့နော။ အဲ့ဒီရောင်းလိုက်တယ်ဆို အထူးသဖြင့်ဆိုင်ကယ်တို့ ဘာတို့ပေါ့နော။ နောက်ကိုယ့်မှာလည်း အဲ့ဒီ ရွှေလေးဘာလေးရှိတာလည်း ရောင်းတာလည်းပါတာပေါ့နော။” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ကာလမှာပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ရှမ်းပြည် တောင်ကြီးမှာတော့ အတည်တကျနေထိုင်ဖို့ မရှိရှိတဲ့ ငွေနဲ့ ဝယ်ထားတဲ့ အိမ်ကိုလည်း ထားရစ်ခဲ့ရပါပြီ။

ရှမ်းတောင်မှာပဲ အခြေချနေထိုင်မယ်လို့ဆုံးဖြတ်ခဲ့ကြပေမယ့် ထင်မှတ်မထားတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တခြားနေရာဒေသတွေကို ရွှေ့ပြောင်းသွားတဲ့ ကရင်နီစစ်ရှောင်တွေ ပိုများလာပါတယ်။

“အဲ့ဒီစစ်မူထမ်းရမယ်ဆိုတဲ့ကိစ္စပေါ်လာတဲ့ခါကြတော့ လူတွေက ပိုထွက်သွားတယ်ပေါ့နော။” လို့ ဒေါ်ဖြူစင်က ပြောပြပါတယ်။

ဒေါ်ဖြူစင်တို့မိသားစုဟာ ကရင်နီမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတရွာ မှာနေထိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ကတည်းက စစ်ရှောင်ခဲ့တာဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံနယ်စပ် အထိဆိုရင် စစ်ရှောင်တဲ့ ဘယ်နှနေရာမြောက်မှန်းတောင် သေချာမမှတ်မိတော့ဘူး လို့ ဒေါ်ဖြူစင်က ပြောပါတယ်။

“မှတ်မိသလောက်တော့ ပြန်ပြောရမယ်ဆို အားလုံး သုံးပိုင်းတော့ ဖြစ်သွားတယ်ပေါ့နော။ ရှောင်ရတာက ပထမက အိမ်ကနေ စထွက်တယ်ပေါ့နော။ ပြောမယ်ဆိုရင် မေလ ၂၁ လားမသိဘူး” လို့ ဒေါ်ဖြူစင်ကပြောပါတယ်။

ကရင်နီမှာ တိုက်ပွဲစတင်ချိန်မှာတော့ အနီးအနားက ကျေးရွာတွေမှာရှောင်ရင်း စစ်ဧရိယာကျယ်ပြန့်လာတာနဲ့ အမျှ လွိုင်ကော်မြို့တွင်းကို ထပ်မံ စစ်ရှောင်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲကူးစက်လာတာကြောင့် တောင်ကြီးမြို့ထဲကို တဖန် စစ်ရှောင်ရပြန်ပါတယ်။ အဲကနေတဆင့် တောင်ကြီးမြို့နယ်ထဲက ဆွေမျိုးတွေရှိတဲ့ နောက်ထပ်တနေရာကို ရောက်ပြန်ပါတယ်။

အဲဒီနေရာမှာ ကရင်နီက စစ်ရှောင်တွေ အများအပြား လာရောက်ခိုလှုံခဲ့ကြတဲ့ တောင်ကြီးမြို့နယ်ထဲက ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အာဏာပိုင်တွေဟာ စစ်ရှောင်တွေ တအိမ်ထဲ စုဝေးနေကြတာကို လက်ခံမပေးနိုင်တဲ့အတွက် ခြံကွက်တွေရိုက်ပြီး စစ်ရှောင်တွေကို ရောင်းချပေးခဲ့ပါတယ်။

စစ်ရှောင်ကာလ ကြာရှည်လာသလို တနေရာပြီးတနေရာ ပြောင်းရွှေ့ရတဲ့ စရိတ်စက တွေကြောင့် ပအို၀့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ကိုယ်ပိုင်ခြံကွက်နဲ့ နေထိုင်နိုင်ဖို့ ရှိသမျှအလုပ်တွေဖြစ်တဲ့ နေ့စားအငှားလိုက်တာ၊ အလှူ/ မင်္ဂလာပွဲတွေမှာ အကူအလုပ်တွေမကျန် လိုက်လုပ်နေရသလို ပိုက်ဆံမလောက်နိုင်တဲ့အတွက် ချေးပြီး မြေကွက်ကို ဝယ်ယူခဲ့ရပါတယ်။

ဒါတွေအပြင် ဧည့်သည်အနေနဲ့ နေထိုင်တာကို ခွင့်မပြုဘဲ နောက်ဆုံး အိမ်ထောင်စုစာရင်း ပြောင်းရတဲ့အထိ ဖိအားပေးတာ ခံခဲ့ရတယ် လို့ ဆိုပါတယ်။

အိမ်ထောင်စု စာရင်းပြောင်းဖို့ ဝင်ကြေး ၊ လစဉ်ကြေးစသဖြင့် ငွေကောက်ခံတာတွေလည်း ပေးဆောင်ရသလို ရပ်ရွာလုံခြုံရေးကို အကြောင်းပြပြီး ဒေါ်ဖြူစင်လို မိန်းမသား ကိုယ်တိုင် ကင်းစောင့်တဲ့အလုပ်ကိုလည်း လုပ်ဆောင်ခဲ့ရပါတယ်။

“စစ်မဖြစ်ရင်ပြီးရော” ဆိုတဲ့ စိတ်နဲ့ တနေ့စာ ဝမ်းစာပြည့်ဝဖို့ ရှိတဲ့အလုပ်ကို လုပ်ပြီး ဖြေရှင်းခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကြောင့် ဒေါ်ဖြူစင်တယောက် သားသမီးတွေအတွက် စိုးရိမ်ပြီး ထပ်မံစစ်ရှောင်ရပြန်တယ်။

လက်ရှိရောက်ရှိနေတဲ့ထိုင်း-မြန်မာ နယ်စပ်နေရာက အရင်က မိမိနေထိုင်ခဲ့တဲ့ အိမ်လို လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူးဆိုရင်တောင် ပြည်တွင်းမှာ စစ်ရှောင်ခဲ့တဲ့ နေရာတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အစစအရာရာ အဆင်ပြေတယ်လို့ ဆိုပါတယ်။

“ဒီမှာတော့ပိုအဆင်ပြေတယ်ပေါ့။ ဘာဖြစ်လဲဆို ဒီမှာက ရေတွေမီးတွေလည်းပြည့်ပြည့်စုံစုံသုံးရတယ် ပြီးတော့သူခိုးတို့ လုယက်တာတို့မရှိဘူးပေါ့နော။ အဲ့တာဆိုလို့ရှိရင်ကိုယ့်အတွက် အများကြီး စိတ်ချမ်းသာ တာပေါ့” လို့ ဒေါ်ဖြူစင်က ပြောပြလာပါတယ်။

လက်ရှိမိသားစု စားဝတ်နေရေးအတွက် ပါလာတဲ့ ငွေသားတချို့ ကို ချွေတာသုံးစွဲနေရပြီး ရေရှည်ရပ်တည်နိုင်ဖို့အတွက် အလုပ်အကိုင်ရရှိဖို့လည်း ဒေါ်ဖြူစင်က မျှော်လင့်နေပါတယ်။

သို့ပေမဲ့ သူမတို့ ရောက်ရှိတဲ့ ထိုင်းနယ်စပ်မှာတော့ အလုပ်အကိုင်ရှားပါးတာကြောင့် နဲ့ တရားဝင်နေထိုင်ခွင့် မရှိတာကြောင့် အလုပ်အကိုင်ရရှိဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရပြန်ပါတယ်။

ဒီလိုထိုင်းနယ်စပ်မှာ ပြည်တွင်း စစ်ပဋိပက္ခတွေကြောင့် နေထိုင်လို့မရတော့ဘဲ ရေကြည်ရာမြက်နုရာကို ရွေးချယ်ရောက်လာတဲ့ မူလက ကရင်နီစစ်ရှောင်တွေ ရှိသလို စစ်မှုထမ်းဥပဒေကြောင့် ထပ်မံရောက်လာတဲ့ သူတွေများလာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းလည်း ရဖို့ ခက်ခဲလာကြပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိလာပြီး တရားမဝင် နေထိုင်တဲ့သူတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံရတာရှိသလို အလုပ်လုပ်မယ်ဆိုရင်လည်း လုပ်ငန်းရှင်တွေရဲ့ လုပ်အားခလျော့ပေးခံရတာတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း( FED ) မှ အမှုဆောင်ဒါရိုက်တာ ဆရာထူးချစ်က ပြောပါတယ်။

“ဒီ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးနောက် ထိုင်းနိုင်ငံထဲကိုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေက ကျနော်တို့ အတိအကျမပြောနိုင်ပေမယ့် တော်တော်များလာတယ်လို့ပြောလို့ရတယ်” လို့ သူကပြောပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးအထိ စာရင်းအရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံပြောင်းရွှေ့အလုပ်သမား ၄ သန်း ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ပိုဆိုးလာတဲ့ နိုင်ငံရေးနဲ့စစ်ရေး ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဒီထက်အဆပေါင်းများစွာ တိုးလာနေပါတယ်။

လက်ရှိ ဒေါ်ဖြူစင်တို့ ရောက်ရှိတဲ့ ထိုင်းနယ်စပ်ကကျေးရွာမှာ ကရင်နီက ပြောင်းရွှေ့လာသူ တွေရှိနေပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်က ဒေသခံ နှစ်သိန်းခွဲဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

ဒေါ်ဖြူစင်ကတော့ လက်ရှိ သူမရောက်ရှိတဲ့နေရာမှာ သူမတို့လို တိုင်းတပါးမှာ ပြောင်းရွှေ့နေထိုင်တဲ့
သူတွေကို တရားဝင်တဲ့ နည်းလမ်းတမျိုးမျိုးနဲ့ လက်ခံပေးဖို့ မျှော်လင့်နေပါတယ်။

လက်ရှိရောက်ရှိတဲ့နေရာမှာ စစ်ရှောင်ဘ၀ရဲ့ အဆုံးသတ်မလား မသိရသေးပေမဲ့လည်း ဒီနေရာမှာ ဘဝကို အစကနေပြန်စပြီး ကိုယ်ပိုင်အိမ်မဟုတ်ရင်တောင် အတည်တကျနဲ့ နေချင်ကြတယ်လို့ ဒေါ်ဖြူစင်ကပြောပါတယ်။ ရှိသေးလား မရှိတော့တာလား သေချာမသိတော့တဲ့ ကရင်နီပြည်နယ်ထဲက အိမ်ကိုတော့ အားလုံး အေးချမ်းသွားမှပဲပြန်တော့မယ်လို့ဆိုတယ်။

“ပြီးမှပဲ ပြန်ချင်တယ်ပေါ့နော။ အေးဆေးပြီးသွားမှ အဲ့မျိုးတော့ ပြန်ချင်တယ်ပေါ့”

spot_img
spot_img

Recent posts