spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ သင်္ကြန်ပွဲလုပ်ဖို့စီစဉ်နေပြီး ရာထူးကြီးဝန်ထမ်းတွေကို စစ်ကောင်စီပြန်ခေါ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းက ဌာနဆိုင်ရာရုံးတွင်းမှာ စစ်ကောင်စီက သင်္ကြန်ပွဲလုပ်ဖို့ စီစဉ်နေပြီး ယခင်က လွိုင်ကော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးကြီးပိုင်းဝန်ထမ်း တွေကို ပွဲတက်ရောက်ဖို့ ပြန်ခေါ်နေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ Non-CDM တစ်ဦးက ” အောက်ခြေ ဝန်ထမ်းတွေတော့မပါဘူး။ ရာထူးကြီးသူတချို့ကိုတော့ လွိုင်ကော်ကို ပြန်ခေါ်မယ် လို့ ကြားတယ် ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်)မှာ လွိုင်ကော်မြို့ ၊ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍုပ် ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူရှိခဲ့ပါတယ်။
သို့ပေမဲ့ ဒီနှစ်မှာလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ပေါ်မှာ မဖြစ်မနေ သင်္ကြန်ပွဲကို သိုသိုသိပ်သိပ်ပြုလုပ်သွားဖို့ရှိနေတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောဆိုကြပါတယ်။

“မနှစ်က ဒရုန်းနဲ့ကြဲတာတောင် လုပ်တော့ ဒီနှစ်လည်း ဆက်လုပ်မယ်တော့ ထင်တာပဲ။ ဒါပေမဲ့ ပြည်သူတွေ မရှိပဲ သင်္ကြန် လုပ်တော့ရော ဘာထူးမှာလဲဗျာ။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေး ဆင်နွဲနေတဲ့ လွိုင်ကော်မြို့ပေါ်မှာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မြို့တွင်းနေရာတချို့မှာသာ ဒေသခံတွေ နေထိုင်ကြပါတယ်။ ဒေသခံအများစုကတော့ နေရပ်ပြန်လို့မရဘူးလို့ ရှမ်းပြည်နယ်အတွင်း စစ်ရှောင်နေတဲ့ လွိုင်ကော်ဒေသခံအမျိုးသမီးက ပြောပါတယ်။

“သင်္ကြန် မလိုပါဘူး။ အိမ်လေးပဲ ပြန်ရရင်ကို တော်ပါပြီ။ ခုက ပြန်စရာအိမ်ကို မရှိတော့ဘူး” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ရက်နေ့က လွိုင်ကော်မြို့မှာ မဟာသင်္ကြန်ပွဲကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ကနေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ရိုးရာအစဉ်အလာမပျက် ကျင်းပသွားမှာဖြစ်ကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပရိတ်တရားနာယူခြင်း နဲ့ သက်ကြီးပူဇော်ပွဲကိုလည်း ကျင်းပသွားမယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာကနေ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီပြုလုပ်တဲ့ သင်္ကြန်ပွဲကတော့ မြို့တွင်း၊ ရပ်ကွက်အတွင်း ပြုလုပ်မှာမဟုတ်ဘဲ ဌာနဆိုင်ရာရုံးဝန်း၊ ဒကစရုံးဝန်းတွေမှာသာ ပြုလုပ်သွားမှာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့သာ ပြုလုပ်သွားမယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img