spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် တော်လှန်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှာ အသက် ၆၁ အရွယ် ဒေါ်ငွေရင်တစ်ယောက် ကြီးမားတဲ့ ညောင်ပင်ကြီးတစ်ပင်အောက်မှာ ဒူးလေးထောက်ပြီး သူမ ယုံကြည်တဲ့တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို စစ်ဘေးရှောင်စခန်းမှာ ရောက်ရှိနေတဲ့ ပြည်သူတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ဆိုပြီး ဆုတောင်းနေပါတယ်။

သူမ ဆုတောင်းနေတာကို မြင်ပြီး တခြားသော ဘာသာခြားတွေကလည်း သူမ အေးဆေးလွတ်လပ်စွာ ဆုတောင်းလို့ ရအောင် အနှောင့်အယှက်တစ်စုံတစ်ရာ မပေးပဲ တိတ်ဆိတ် နေထိုင်ပေးကြပါတယ်။

“ စစ်ဘေးရှောင်ပြေးလာတာ ဒီတောထဲမှာလာနေတာကိုးကွယ်စရာမရှိဘူးဆိုပြီး ဒီတိုင်းနေတယ်ပေါ့နော။ နေခါကျတော့ အော် စခန်းနာမယ်တင်မှရမယ် ရွာပြန်တော့လည်း ပြန်လို့မရခါကျတော့ ကျမတို့ဒီညောင်ပင်ကြီးကို သန့်ရှင်းရေးလုပ် လုပ်ပြီးတော့မှ ဒီညောင်ပင်ကြီးကို ကိုးကွယ်တယ် ဘုရားပွဲတွေလုပ်တယ် ဘုရားပန်းတွေလဲပြီးတော့မှ ဒီညောင်ပင်ကြီးကိုပဲ ဘုရားတရား ဘယ်လိုပြောမလဲ မြေစောင့်နတ်ရေစောင့်နတ်ပေါ့။ သစ်ပင်စောင့်နတ် ကျမတို့ကို စောင့်ရှောက်ကြည့်ရှုနေ ကောင်းကျန်းမာအောင်ပေါ့ အဲ့လိုမျိုး။”
စစ်ရှောင်စခန်းမှာက လူမျိုးဘာသာ ခွဲခြားတာမရှိတဲ့အတွက် အဒေါ်အနေနဲ့ သူယုံကြည်ရာကို သူကိုးကွယ်တာရှိသလို တခြား ဘာသာတွေကလည်း သူတို့ယုံကြည်ရာ ဘာသာကို ကိုးကွယ်ရင်း စစ်ရှောင်စခန်းမှာ အတူတူနေထိုင်လာကြတာဖြစ်တယ်လို့ ဒေါ်ငွေရင်က သူတွေ့နေရတာတွေကို ပြောပြပါတယ်။
“အတူတူပဲစုပေါင်းပြီးတော့မှ ကိုးကွယ်ကြတယ် သူ့ဘာသာသူကိုးကွယ်တယ် ကျမတို့ဘာသာကျမတို့ ကိုးကွယ်တယ်ပေါ့နော။ လူမျိုးမခွဲခြားဘဲနဲ့အတူတူနေ ရှိရင်လည်းအတူတူ မရှိရင်လည်းအတူတူ အဲ့လိုမျိုးပေါ့နော မျှဝေစားကြတာပေါ့။”

ကရင်နီ တစ်ပြည်နယ်လုံး လူဦးရေ ၃ သိန်းကျော်ရှိတဲ့အထဲက အခုဆို ၁ သိန်းခွဲကျော်က တောထဲတောင်ထဲ စစ်ဘေးရှောင်နေကြသူရှိသလို တခြားရပ်ဝေးရွာဝေး ဆွေမျိုးရှိတဲ့ ဒေသဘက်ကို စစ်ရှောင်နေကြရပတာပါ။

စစ်ရှောင်စခန်းမှာ မိမိနဲ့ နီးစပ်ရာ စစ်ဘေးရှောင်နေရာတွေမှာ ခိုလှုံနေကြရတဲ့အတွက် စစ်ဘေးရှောင်စခန်းတိုင်မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူ ယှဉ်တွဲနေထိုင်ကြပါတယ်။
ကိုးကွယ်ယုံကြည်မှုတွေနဲ့ပတ်သက်လို့ ဒီလို စစ်ရှောင်စခန်းမှာ စုပေါင်းနေချိန်မှာတော့ အပြန်အလှန်လေးစားမှုတွေကတော့ တစ်ဦးနဲ့တစ်ဦးရှိနေကြတယ်လို့ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်နေရာမှာ သွားရောက်ခိုလှုံနေရတဲ့ ကက်သလစ်ဘာသာဝင် ကိုကျော်နီကပြောပါတယ်။

“ စစ်ရှောင်စခန်းမှာတော့ ဘာသာခြားတွေလည်းရှိတယ်ပေါ့နော။ ပြည်သူသာ ပြည်သူပဲရှိတဲ့အတွက် ကျနော်တို့ကတော့ ခုန ဘာသာရေးအရနဲ့ကတော့ ကျနော်တို့အတူယှဉ်တွဲနေထိုင်မှုကတော့ အဓိကကတော့ တစ်ဦးနဲ့တစ်ဦးလေးစားမှုပေါ့နော။ သူ့ရဲ့ကိုးကွယ်ယုံကြည်မှုကို လေးစားမှုရှိရင်တော့ အဲ့ဒါ ကျနော်တို့အဲလိုနဲ့ပဲသွားနေပါတယ်။”

တနိုင်ငံလုံးထဲက လူဦးရေအနည်းဆုံးလည်းဖြစ် အဆင်းရဲဆုံးပြည်နယ်လည်းဖြစ်တဲ့ ကရင်နီပြည်နယ်မှာဆိုရင် ဘာသာပေါင်းစုံကိုးကွယ်ယုံကြည်သူတွေ ရှိကြပါတယ်။

စစ်ဘေးကြောင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ထိန်းချုပ်နယ်မြေထဲက ရောက်လာတဲ့အချိန်မှာတော့ ကိုယ်ယုံကြည်ရာ ကို လွှတ်လွှတ်လပ်လပ် ပြန်ကိုးကွယ်ရတဲ့အတွက် စိတ်ခွန်အားတွေ ပြန်ရလာစေတယ်လို့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတဲ့ ဒေါ်နားမိုက ပြောပါတယ်။

“ ကျမက ကက်သလစ်ဘာသာပါ။ ဒီတစ်ကြိမ်မှာကျတော့ ကျမတို့ ဒီမှာရောက်လာတာက အခုကတော့ နည်းနည်း စိတ်သက်သာရာ ရှိတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆို အနောက်ဖက်ကမ်းမှာ နေတုန်းက စိတ်သက်သာမှု မရှိဘူး။ ကိုယ့်လူနဲ့ကိုယ် နေနိုင်မှ စိတ်ပျော်ရွှင်တယ်။ ကိုယ့်လူ မဟုတ်ဘူး။ သူများကြားမှာ ရောက်နေတယ် သူများဘာသာမတူတဲ့ကြားမှာ ရောက်နေတယ်ဆိုရင် ကျမတို့မှာ စိတ်ခံစားမှုတစ်ဖက်နဲ့ စစ်တပ်က တစ်ဖက်နဲ့ စားဝတ်နေရေး အဆင်မပြေတာ တစ်ပိုင်းနဲ့ဆို လုံးဝစိတ်က သိမ်ငယ်မှု တအားရှိတယ်။ လူလည်း ပင်ပန်းတယ်။ စိတ်လည်းပင်ပန်းတယ်။ ဒီမှာရောက်လာတာ သက်တောင့်သက်သာတော့ ရှိတယ်။ ကိုယ့်ရဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပေးတယ်။”

ဒေါ်နားမိုဟာ ယခင်က စစ်ဘေးရှောင်ခဲ့ရစဉ်က စစ်ဘေးရှောင်တဲ့ နေရာတွေမှာ သွားရောက်နေထိုင်ခဲ့တဲ့အခါ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီအာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့အခါ သူမ သွားရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတွေ စုဝေးနေထိုင်ကြပေမယ့် မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိခဲ့တယ်လို့ဆိုပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်စခန်းမှာဆိုရင် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာအလိုက် ဘုရားကျောင်းတွေ တည်ဆောက်ပေးပြီး စေတီလည်း တည်ထားပေးတာကို တွေ့မြင်ရပါတယ်။

ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးများ နေ့စဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်တွေအပါအဝင် ဘာသာရေးအဆောက်အဦးတွေ မြောက်များစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒီတစ်နှစ်မှာတော့ ကရင်နီပြည်နယ်အတွင်းက ခရစ်ယာန်ဘာသာဝင်တွေအပြင် မြန်မာနိုင်ငံအနှံ့မှ ခရစ်ယာန်ဘာသာဝင်တွေအဖို့ နေ့ထူးနေ့မြတ် ခရစ်စမတ် ပွဲတော်တွေကို ကျင်းပနိုင်ခွင့် မရရှိခဲ့ပါဘူး။

အခုလို ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးပွဲတော် နေ့ထူးနေ့မြတ်တွေကို မကျင်းပနိုင်ခြင်းဟာလည်း ထပ်တူကျစွာ ခံစားရကြောင်း ဘာသာခြားတွေကလည်း ပြောဆိုထားကြတာရှိပါတယ်။

ဘာသာရေးပဋိပက္ခများဟာ မမှန်ကန်သော သတင်းအမှားများနဲ့ ကောလာဟလများမှတစ်ဆင့် ဖြစ်ပေါ်လာလေ့ရှိတာပါ။ စစ်ကောင်စီဟာ စစ်ရေးမှာ ထိခိုက်နစ်နာမှု များပြားတဲ့အခါ နည်းလမ်းမျိုးစုံနဲ့ လူထုတွေကို မိုင်းတိုက်နေပါတယ်။ ၎င်းတို့ရဲ့ မိုင်းတိုက်ဝါဒီကို နားယောင်မသွားပဲ မိမိတို့အနေနဲ့ အတူတကွ စည်းရုံးစုစည်းပြီး တော်လှန်သွားမှသာ အမြန်ဆုံးပြီးမြောက် အောင်မြင်မှာဖြစ်ကြောင်း အမည်မဖော်လိုသူ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် တစ်ဦးက ဆိုပါတယ်။

အာဏာရှင်တွေဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တာရား ပိုမိုလွယ်ကူလာအောင် လူထုတွေကို မှိုင်းတိုက်နေမှာ ဖြစ်တဲ့အတွက် လူထုတွေအနေနဲ့ ပိုမိုစည်းလုံးသွားရင်း အာဏာရှင်ကို တွန်းလှန်သွားကြဖို့ လူထုတွေကို ပြောလိုကြောင်း ကရင်နီပြည်နယ်မှ လူငယ့်အရေး လုပ်ရှားဆောင်ရွက်နေသူ လင်းယုန်နက်က ပြောပါတယ်။

“ အာဏာရှင်တွေကတော့ ကျနော်တို့ကို ကွဲပြားလာအောင် သူတို့ကတော့ အမျိုးမျိုး မှိုင်းတိုက်နေမှာပဲ။ ဘာလို့လဲဆိုရင် အဓိကက သူတို့ရဲ့ အုပ်ချုပ်မှု ယန္တာရား ပိုပြီးတော့မှ လွယ်ကူသွားစေဖို့ ကျနော်တို့ကို ကွဲပြားအောင် လုပ်ပြီးမှ အုပ်ချုပ်ရတယ်ဆိုတာက သူတို့အတွက် အရမ်းလွယ်တယ်ပေါ့နော။ ဒါပေမယ့် ကျနော်တို့ မကွဲပြားသေးသရွေ့ကတော့ သူတို့ ခက်ခဲနေဦးမှာပဲပေါ့နော။ အဲ့ဒါကြောင့် ကျနော်တို့က ပိုပြီးတော့ စည်းလုံးဖို့လိုတယ်။ အာဏာရှင်တွေက ကျတော်တို့ကို ဘာပဲ ပြောပြော ကျနော်တို့က ကျနော်တို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ တော်လှန်ရေးအောင်မြင်ဖို့ဆိုတဲ့ဟာကို ဦးတည်ချက်ထားပြီးတော့မှ ကျနော်တို့ အချင်းချင်း ပိုပြီးတော့ စည်းလုံးရမယ်။ ကျနော်တို့ရဲ့ ဘာသာရေး၊ လူမှုရေးမှာ ကြုံနေရတဲ့ အရာတွေကို အတူတကွ မျှဝေပြီးတော့မှ စည်းစည်းလုံးလုံးနဲ့ အာဏာရှင်ကို ကျနော်တို့ တွန်းလှန်ကြမယ်။” လို့ လင်းယုန်နက်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲခါစ နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့အချိန်မှာပဲ တပ်မတော်ဟာ ထပ်မံ အာဏာသိမ်းမှုကို ၄ ကြိမ်မြောက် ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနဲ့ ကွဲပြားသော တခြားဘာသာဝင်များ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ကြတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းထဲမှာနေတဲ့ ဒေါ်ငွေရင်ကတော့ နေ့စဉ်ညတိုင်း ကြီးမားတဲ့ ညောင်ပင်အောင် ဒူးထောက်လျှက် တောင်းနေမြဲ သူမရဲ့ ဆုတောင်းခြင်းကတော့ တော်လှန်ရေး စစ်ပွဲကြီး အမြန်ပြီးဆုံးပြီး အိမ်အမြန်ဆုံး ပြန်ရဖို့ပါပဲ။

အခုဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းကို သူမ ရောက်ရှိလာတာ ၇ လနီးပါး ရှိသွားပါပြီ။ ၇ လအတွင်း စစ်ဘေးရှောင်စခန်းမှ ကျွေးမွေးထားတဲ့ ရိက္ခာတွေနဲ့ စားသောက်နေရပြီး ဝင်ငွေရ အလုပ်တစ်စုံတစ်ရာ မရှိတဲ့အတွက် ရေရှည်မှာ စားနပ်ရိက္ခာလုံလောက်စွာ မစားရတော့မှာကို စိုးရိမ်တယ်လို့လည်း သူမက ဆိုပါတယ်။

သူမဘာကြောင့်စစ်ရှောင်တာလဲလို့မေးကြည့်တဲ့အခါမှာ မြန်မာပြည်တွင်းမှာနေရတာ အခက်အခဲမျိုးစုံရှိပြီး အထူးသဖြင့် မြန်မာစစ်တပ်ကိုကြောက်ရွံတာ ငယ်စဉ်ကတည်းကဖြစ်သလို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး လူထုအပေါ် ပိုမိုဖိနှိပ်လာတဲ့အတွက် လွတ်လပ်ခွင့်ရှိပြီး စိတ်ချမ်းသားနိုင်မလားဆိုတဲ့ မျှော်မှန်းချက်နဲ့ ရောက်ရှိတာဖြစ်တယ်လို့ ပြောပြပါတယ်။

“ကျမတို့တောထဲမှာ နေရတာ အဆင်မပြေတော့ တစ်ရွာပြီးတစ်ရွာ၊ တစ်နေရာပြီးတစ်နေရာ ကျမတို့ ရှောင်ရတယ်။ ရှောင်ရင်းနဲ့ ကျမတို့ ပြန်သေးတယ်။ ပြန်တော့ ပိုဆိုးတယ်။ ပိုပြီး လုပ်တယ်။ အဲ့ကြောင့် ကျမတို့က မထူးဘူးဆိုပြီး ဒီဖက်ကို ထွက်လာလိုက်တာရှင့်။”

ဒါ့အပြင် သူမဟာ မြန်မာစစ်တပ်မှ ပေါ်တာထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပေါ်တာထမ်းဖို့ တောထဲကို ၂ ညအိပ် ၃ ရက်ခရီး သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူမ ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားခံရတဲ့အချိန်ဟာ ၈ တန်း တက်နေချိန်ဖြစ်ပါတယ်။ သူမနဲ့အတူ ၆ လသားအရွယ် ကလေးမိခင်အပါအဝင် အသက် ၆၀ ဝန်းကျင်အထိ အမျိုးသမီး ၁၅ ဦး ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

“၂၀၀၀ ခုနှစ်မှာ အခုလို ရိတ်သိမ်းတဲ့အချိန်မှာ ကျောင်းပိတ်တော့ မိဘတွေနဲ့ အလုပ်ကူလုပ်တော့ တောထဲမှာ သွားလုပ်တယ်။ အဲ့ဒါ စစ်သားတွေက ပေါ်တာထမ်းဖို့ ခေါ်သွားတယ်။ မိန်းကလေးလည်း မိန်းကလေးမဆန်တော့ဘူး ခေါ်သွားတယ်။ သူတို့ခေါ်သွားတာတော့ ဘာမှ မခိုင်းပါဘူး။ ဒါပေမယ့် သူတို့မှာ ရန်သူက သူတို့ကို တိုက်မှာစိုးလို့ဆိုပြီးတော့ ခေါ်သွားတာ။ မိန်းကလေးကို အကြောင်းပြပြီးမှ ခေါ်သွားတာ သူတို့ကို မတိုက်ရဲအောင်ဆိုပြီးတော့ ခေါ်သွားတာပေါ့နော။ ယောကျာ်းတွေဆိုတော့ ပေါ်တာထမ်းခိုင်းတယ်။ ပုလိုင်းတွေ၊ တောင်းတွေလည်း ထမ်းခိုင်းတယ်ပေါ့နော။ မိန်းကလေးတွေထဲမှာ ပေါ်တာဆွဲတဲ့ထဲမှာ ကျမလည်း ပါခဲ့ရတယ်။ နှစ်ည၊ သုံးည ပါသွားခဲ့ရတယ်။” လို့ ဒေါ်မိုနန်းက သူမ ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားခံခဲ့ရတဲ့ နေ့တွေကို ပြန်ပြောင်းပြောပြပါတယ်။

အသက် ၄၀ ဝန်းကျင်ရောက်တဲ့အထိ လူ့အခွင့်အရေးလို့ပြောရင် ဘားမှန်းတောင်မသိလိုက်ရဘဲ ငယ်ရွယ်စဉ်က အမျိုးသမီးငယ်ဖြစ်လျက်နဲ့ ပေါ်တာခေါ်ဆောင်ခံရတာ၊ အရွယ်ရောက်တဲ့အခါမှာလည်း စစ်တပ်ကအာဏာသိမ်း၊ မုဆိုးမဖြစ်တဲ့အတွက် သားသမီးရဲ့ရှေ့ရေးကို အစစအရာရာပူပန်နေရ၊ တပ်နဲ့နီးတဲ့ ကျေးရွာတွေမှာ နေထိုင်ရတာ ဖြစ်တဲ့အတွက် လုံခြုံမှုကင်းမဲ့တာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးလို့ပြောလိုက်တာနဲ့ မွေးရာပါ အခြေခံအခွင့်အရေး နဲ့လွတ်လပ်ခွင့်ကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံသားရဲ့လူ့အခွင့်အရေး အခြေခံတွေဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှဖြစ်ခွင့်၊ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးဖြစ်တဲ့ မိမိကိုယ်ပိုင်ယဉ်ကျေးမှုမှာ လွတ်လပ်စွာ ပါဝင်ခွင့်၊ အစားအစာရရှိခွင့်၊ အလုပ်လုပ်ကိုင်ခွင့် နဲ့ ပညာသင်ကြားခွင့် တို့ပဲ ဖြစ်ပါတယ်။

သို့ပေမယ့် ဒေါ်မိုနန်းအတွက်ကတော့ အဲ့လိုအခွင့်အရေး မခံစားရတဲ့အတွက် သူမရဲ့ သွေးသားရင်းချာ သား၊သမီး ၃ ဦးကိုတော့ ပညာသင်ကြားခွင့်ရဖို့အတွက် တစ်ပတ်ကြာတဲ့ ခြေလျင်ခရီးကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမမှာ ပိုင်ဆိုင်တာဆိုလို့ သား၊ သမီးပဲ ဖြစ်တဲ့အတွက် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားစေလိုပြီး ပညာတတ်တွေအဖြစ်သာ ရှင်သန်စေချင်တာ သူမရဲ့ တစ်ခုတည်းသော အိမ်မက်ပါ။ သို့ပေမယ့် သူမရဲ့ အိမ်မက်၊ ပန်းတိုင်၊ မျှော်မှန်းချက်တွေဟာ အာဏာသိမ်းမှုအောက်က ရေစုန်မျောသလို မျောပါသွားပါပြီ။ သို့ပေမယ့် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ပညာသင်ကြားခွင့်ကိုတော့ သူမက ရလိုစိတ်ရှိနေပါတယ်။

ဒါကြောင့်လည်း ခက်ခဲပင်ပန်း အသက်အန္တာရယ်ပါ စိုးရိမ်ရတဲ့ ရှည်ကြာတဲ့ လမ်းခရီးကို ရွေးချယ်ပြီး ရတဲ့ နည်းလမ်းနဲ့ သား၊ သမီးတွေကို ပညာသင်ခွင့် ရအောင် လုပ်ယူနေခဲ့တာပါ။

သူမလိုပဲ အာဏာသိမ်းမှုအောက်မှာ အိမ်မက်၊ ရည်မှန်းချက်၊ ပန်းတိုင် ပျောက်ဆုံးသွားသူတွေဟာ ကရင်နီပြည်နယ်မှာ ဒုနဲ့ဒေးပါ။

မိန်းကလေးတွေကို ပေါ်တာဆွဲတာဟာ မဖြစ်သင့်သလို လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း လူသားဒိုင်းကာ အဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ သူမက ဝေဖန်ပြောဆိုပါတယ်။

“စစ်သားတွေအနေနဲ့ ကျမတို့ကို ဘယ်ချိန်၊ ဘယ်ခါ လာပြီးတော့မှ နှိပ်စက်မလဲ။ ရက်ရက်စက်စက်ပေါ့နော။ အရင်တုန်းကဘဝတွေ ကျမတို့ မြင်ခဲ့တဲ့ အရာတွေ၊ သူများကို မီးရှို့သတ်ခဲ့တာတွေ၊ ပေါ်တာထမ်းပြီး မီးရှို့သတ်တာ ကျမ မြင်ဖူးတယ်လေ။ အဲ့ဒါတွေကြောင့် ကိုယ့်ကိုယ်ကို မခံစားနိုင်ဘူး။ သူတို့နဲ့ လွတ်တဲ့နေမှာပေါ့နော။ သူတို့နဲ့ ခပ်ဝေးဝေးဆိုပြီးတော့ သွားလိုက်တယ်။ ဒါပေမယ့် ဒီနေရာမှာ ရောက်ရင်လည်း ကိုယ်က အခြေအနေ မသိဘူးပေါ့နော။ ဝေးလား၊ မဝေးလားလည်း မသိခဲ့ဘူး။ စိတ်ကတော့ နည်းနည်းလေး လုံခြုံတယ်။ နည်းနည်းလေး အိပ်လို့ကောင်းတယ် အဲ့လိုပဲပေါ့နော။ ဟိုမှာကျတော့ အိပ်လို့လည်း မပျော်ဘူး။ စားလိုက် ပြေးလိုက် လုပ်ရတယ်။ နေ့တိုင်း အဲ့လိုလုပ်နေကျတော့ မလုပ်နိုင်တော့ဘူး။ ဒါကြောင့်မို့ ထွက်လာလိုက်တယ်ရှင့်။”

သူမဟာ တချိန်က သားဖွားဆရာမအဖြစ် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့ဖူးသူပါ။ ကျေးလက်တောရွာတွေမှာ ဆေးကုသပေးဖို့ သူမမှာ လိုအပ်တဲ့ ဆေးဝါးတွေ အထောက်အပံ့ မရတာကြောင့် သူမ ဝါသနာပါတဲ့ အလုပ်ကို စွန့်လွတ်လိုက်ရတယ်လို့ ပြောပါတယ်။

“ကျမက ဘာကြောင့်ဆက်မလုပ်လဲဆိုတော့ ကျမတို့ကို ဆေးတွေ မထောက်ပံ့ပေးဘူးရှင့်။ ဆေးတွေဆို ကိုယ်တိုင်ဝယ်ရတယ်။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ပဲ ဆေးတွေ ဝယ်ပြီး ရွာထဲမှာ သွားပြီးတော့မှ ထိုးပေးတယ်။ ဆေးတွေ မဝယ်တဲ့ခါကျတော့ ကျမတို့လည်း ဆက်မလုပ်နိုင်တော့ဘူး။ ကလေးတွေဆိုရင်လည်း သူတို့က ဆေးတွေကလည်း တစ်ဖက်၊ ဆေးတွေပဲ ဝယ်ထိုးရတယ်ဆိုတော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ ပြီးတော့ ထိုးပေးပြီး ပိုက်ဆံ မပေးနိုင်တဲ့သူတွေ ရှိတယ်။ အဲ့ကြောင့် ကျမတို့မှာလည်း တောင်းလို့မရဘူးလေ။ စေတနာ့ဝန်ထမ်းကို အလုပ်လုပ်နေတော့ ဆေးတွေ ထုတ်မယ့် အရင်းနှီး မရှိတဲ့ခါကျတော့ ကျမမှာ အမျိုးသားလည်း မရှိတော့ ကျမ ရပ်နားလိုက်ရတယ်ပေါ့နော။”

လက်ရှိ သူမ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ သူမ တတ်မြောက်ထားတဲ့ ပညာနဲ့ စစ်ဘေးရှောင်နေရတဲ့ သူတွေကို ပြန်ပြီး ကူညီချင်ပေမယ့် အသုံးလိုအပ်တဲ့ ပစ္စည်းတွေ မရှိတာကြောင့် အခက်တွေ့တယ်လို့ ပြောပါတယ်။

ဒေါ်မိုနန်းလိုပဲ အသက် ၃၄ နှစ်အရွယ် မုဆိုးမ ဒေါ်စိုးမယ်ဟာလည်း ငယ်စဉ်ကတည်းက စစ်ဘေးရှောင်ခဲ့ရပြီး အခုလို အိုး၊ အိမ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရတာဟာ ဒီတစ်ကြိမ်ပါ လေးကြိမ်တိုင်တိုင် ရှိလာပါပြီ။ လက်ရှိမှာ သားနှစ်ယောက်နဲ့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်စခန်းတစ်ခုမှာ လာရောက်ခိုလှုံနေပါတယ်။

သူမအနေနဲ့လည်း လူ့အခွင့်အရေးဆို မသိရလောက်တဲ့အထိ ဆုံးရှုံးဖူးသူဖြစ်တဲ့အတွက် အခွင့်အရေးနဲ့ပတ်သက်ရင် မယ်မယ်ရရ မရရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။

“ကျမ တခါမှ လုံလုံလောက်လောက်မရခဲ့ဘူး။ ရလည်းမရနိုင်ဘူး။ ဒါက ကျမတစ်ယောက်တည်း ခံစားရတာပဲ ရှိသေးတယ်။ နောက်ထပ်ကိုယ့်ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေလည်း ရစရာမရှိတော့ဘူး။ တစ်ခုလာလည်း ဆုံးရှုံးတယ်။ နှစ်ခုလာလည်း ဆုံးရှုံးတယ်။ ကျမတို့ အသက်မပြည့်သေးတုန်းကဆိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆန်တွေ သွားပို့ပေးရတာတို့။ မသွားသင့်ပေမယ့်လည်း သွားနေရတယ်ပေါ့နော။ ကျမက အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘာမှ မယ်မယ်ရရ မရခဲ့ဘူးလေနော။”

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့အတောအတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာ၊ နေအိမ်ကိုဖောက်ထွင်း ဖျက်ဆီးတာ ပြုလုပ်ခဲ့ပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့မှတ်တမ်းအရ မေလ ၂၁ရက်နေ့မှ ဒီဇင်ဘာလ ၂၀ရက်နေ့အထိ လူနေအိမ်စုစုပေါင်း (၆၅၁)လုံး၊ ဘာသာရေးအအောက်အအုံ ၆ လုံး၊ ကျေးလက်ဆေးပေးခန်း ၁လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲအထိရှိနေပြီး တိုက်ပွဲကလည်း ပြည်နယ်အတွင်းမှာ မကြာခဏဖြစ်ပွားနေတဲ့အတွက် သူတို့အနေနဲ့ အိမ်ကိုပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကြောင့် ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှ မြောက်များစွာသော လူထုတွေ အိုး၊ အိမ်တွေကို စွန့်ခွာလျှက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ ကရင်နီလူထုရဲ့ လူဦးရေ ထက်ဝက်ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ပိုမိုဆိုးရွားတဲ့ အခြေအနေကို နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ဆိုပါတယ်။

“ အချက် ၃၀ ရှိတယ်ပေါ့နော။ ၁ နဲ့ ၂ က အခြေခံအချက်ပေါ့လေ။ ကျန်တဲ့ ၂၈၊ ၂၉၊ ၃၀ ကတော့ တာဝန်၊ ဝတ္တရားတွေပေါ့နော။ ဒါပေမယ့် ကျန်တဲ့ တကယ့် အာတီကယ်လ် အပိုင်း ၂၅ ခုလုံးကိုတော့ ကျနော်တို့ ကရင်နီပြည်နယ်အနေနဲ့ တစ်ပိုဒ်မှ မခံစားရဘူးလို့တော့ ကျနော် အလွယ်ကူဆုံးတော့ ပြောပါရစေ။ လွတ်လပ်စွာ သွားလာပိုင်ခွင့် မပြောနဲ့။ ကျနော်တို့ အိမ်ထဲကနေ အိမ်ပြင်ထွက်တာတောင် စိုးရိမ်နေရတယ်။ ကျနော်တို့ ကရင်နီပြည်အခြေအနေက။ အဲ့တော့ လူတစ်ယောက်အတွက် အလွယ်ကူဆုံး ရတဲ့ အခြေခံ အခွင့်အရေးတောင်မှ ဆုံးရှုံးနေပြီဆိုရင် ကျန်တဲ့အချက်တွေကို ကျနော်တို့ ပြောစရာတောင် မလိုတော့ဘူး။” လို့ ဦးဗညားက လက်ရှိ ကရင်နီလူထုတွေ လက်ဝယ်ထွေးပိုက်ထားရတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုးထားခဲ့တာပါ။ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူသားတစ်ဦးစီတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးဟာ အချက် ၃၀ ပါဝင်ပါတယ်။

အဖက်အဖက်က လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ဒေသခံလူထုတွေ အထူးသဖြင့် ကျေးလက်တောရွာက ဒေသခံတွေရဲ့ ပျောက်ဆုံးသွားတဲ့ အိမ်မက်၊ ပန်းတိုင်၊ ရည်မှန်းချက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ တစ်နိုင်တစ်ပိုင် အိုး၊ အိမ် တွေကိုလည်း ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုတာ ဝေးလှပါသေးတယ်။

spot_img
spot_img

Recent posts