spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ငြိမ်းချမ်းရေးကို ဆုပ်ကိုင်ပြီး ပြည်သူတွေကို မျက်နှာမူပါ”

Author

Date

Category

မော်ဦးမြာ

လွိုင်ကော်မြို့ ကနေ ၃ နာရီခန့် ( ကားဖြင့်) ခရီးနှင်ရတဲ့ ဖားဆောင်းမြို့ တွင်းမဝင်ခင် ၂ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ပါပုကျေးရွာဟာ ပြည်ထောင်စု လမ်းမကြီးဘေးမှာ တည်ရှိနေပေမဲ့ ဖွံ့ဖြိုးမှု နည်းပါးနေဆဲဖြစ်သလို ဆက်သွယ်ရေးလည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။

၁၉၀၀ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီကတည်းက တည်ရှိနေခဲ့တဲ့ ကျေးရွာလေး ဖြစ်တယ်လို့ ကျေးရွာလူကြီးတွေ ပြုစုထားတဲ့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ကျေးရွာအပြင်ဖက်နားလေးမှာ တိုင်းရင်းသားလက်နက်ကိုင် ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ရဲ့ ဆက်ဆံရေးရုံး တည်ရှိပါတယ်။

လက်ရှိမှာ ဖားဆောင်းမြို့ နယ်အတွင်း ငြိမ်းချမ်းရေးအနှစ်သာရကို ဘယ်လောက်ထိ ခံစားနေရပြီလဲဆိုတာကို ပါပု ကျေးရွာအတွင်းက ဒေသခံတချို့ကို မေးမြန်းကြည့်ရာမှာတော့ “အဲ့လိုမျိုး လာမဲ့ ၂၀၂၀ -၂၀၂၁ မှာဆိုရင် အဲ့ဖြစ်ရပ်ဆိုးတွေ ပြန်ပြီးပေါ်လာမှာကိုပဲ ကြောက်နေတယ်ပေါ့နော။ အဲ့လိုမျိုးဖြစ်လာမှာကိုပဲ စိုးရိမ်နေတာ အဲ့လိုမျိုးသာ ဆက်မဖြစ်ဘူးဆိုရင် ဒီအတိုင်းလေးနဲ့ပဲ ငြိမ်းငြမ်းချမ်းချမ်းနဲ့ဆက်သွားနေမယ်ဆိုရင်လည်း ကျမတို့အတွက်ကတော့ အဆင်ပြေတယ်။” လို့ ကျေးရွာစာရင်းကိုင်တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အေးကြည်က ယခုလက်ရှိသူမ လက်တွေ့မြင်တွေ့ခံစားနေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောသွားပါတယ်။

“ငြိမ်းချမ်းရေးအတွက်ဆို ကျတော်တို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်လေး။ တစ်ဖက်နဲ့တစ်ဖက်လည်း နားလည်မှုပဲ ယူထားတာလားပေါ့ နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ ကျတော်တို့က သိပ်ပြီးတော့ မသိ၊ နားမလည်ဘူးလေ။ ကျတော်တို့ ဖြစ်စေချင်တာက သင့်သင့်မြတ်မြတ်ပဲ ဖြစ်စေချင်တယ်။ ပြည်သူလူထု သွားလာလှုပ်ရှားဖို့လည်း အဆင်ပြေပြေနဲ့ပဲ ဖြစ်စေချင်တယ်။ ပစ်တာခတ်တာကတော့ လုံးဝ မလုပ်စေချင်ဘူး။ ပြည်သူလူထုပဲ ဒုက္ခရောက်တယ်။ အခုတော့ ငြိမ်းချမ်းနေပြီလို့ပဲ ပြောရပါမယ်။ သူတို့လည်း ( တိုင်းရင်းသားလက်နက်ကိုင်) ကျတော်တို့ လိုအပ်ရင် ကူညီပေးနေတာပဲလေ” လို့ ကျေးရွာဥက္ကဌဖြစ်သူ ဦးမောင်ချိုက သူ့ရဲ့ အမြင်ကို ပြောပြသွားတာပါ။

ဒေသခံအများစုဟာ အသက်မွေးဝမ်းကြောင်းအတွက် တောင်ယာလုပ်ငန်းကိုသာ မှီခိုပြီး လုပ်ကိုင်စားသောက်ကြပါတယ်။ ဖားဆောင်းမြို့ နယ်ဟာ ကယားပြည်နယ်အတွင်း အပူချိန်မြင့်မားဆုံးဖြစ်တဲ့ ဒေသမှာ ပါဝင်နေတဲ့မြို့ နယ်လည်း ဖြစ်ပါတယ်။ ကျေးရွာအတွက် လက်ရှိမှာ အဓိက အခက်အခဲတစ်ခုအနေဖြင့် ရေအခက်အခဲရှိနေပြီး သက်ဆိုင်ရာကို တင်ပြတောင်းဆိုထာတာ ကြာပြီဖြစ်ပေမဲ့လည်း ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်မှုတွေ မရှိလာဘူးလို့ ကျေးရွာဥက္ကဠက ပြောပါတယ်။

“ကျတော်တို့ ရွာအောက်ဖက်မှာ ပွန်ချောင်းရှိတယ်။ ပွန်ချောင်းကနေ မြစ်ရေတင်ရင်တော့ ရမှာပေါ့။ ဒါပေမဲ့ ကျတော့်ရွာက ဆင်းရဲတယ်ဆိုတော့ စား၊ဝတ်၊နေ၊ရေး အတွက်တောင် အကြပ်အတည်းဖြစ်တယ်။ မြစ်ရေတင်ရင်တော့ မီးလျှောက်ရတော့မယ်လေ။ ဆိုတော့ တော်တော်ကုန်ကျတော့ များလိမ့်မှာပေါ့လေ။ တစ်လတစ်လ မီတာခတွေပေ့ါ။ ဆိုတော့ ကျတော်တို့ စဉ်းစားတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ တော်တော်လေး စဉ်းစားတယ်။” လို့ ကျေးရွာဥက္ကဌဖြစ်တဲ့ ဦးမောင်ချိုက ကျေးရွာရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ပြောပြသွားပါတယ်။

ဖားဆောင်းမြို့ နယ်ကို ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) အုပ်စု၊ ကျေးရွာငယ်ပေါင်း (၅၆) ရွာဖြင့် ဖွဲ့စည်းထားတယ်လို့ အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝက်ဆိုက်ဒ် စာမျက်နာမှာ ဖော်ပြထားပါတယ်။

ဖားဆောင်းမြို့ နယ်အတွင်း အ.ထ.က ကျောင်း( ၂)ကျောင်း၊အ.ထ.က ခွဲ (၂) ကျောင်း၊ အ.လ.က ကျောင်း( ၂) ကျောင်း၊ အ.လ.က ခွဲ ( ၂) ကျောင်း၊ မူလွန် ( ၂)ကျောင်း၊ အ.မ.က (၂၀)၊ မူလတန်းကြိုကျောင်း ( ၈) ကျောင်းရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်အထိ ဖားဆောင်းမြို့ နယ်ရဲ့ စာတတ်မြောက်မှုနှုန်းမှာ ၁၉.၄၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပါပုကျေးရွာမှာတော့ မူလွန်ကျောင်းရှိပေမဲ့ စာသင်ခန်း လုံလောက်မှု မရှိတဲ့အတွက် စာသင်ခန်းတစ်ခန်းထဲကို အတန်းနှစ်တန်း သင်ရတဲ့အခြေအနေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

ယခင် ဖြတ်လေးဖြတ် ကာလအတွင်း ၁၉၉၆ ခုနှစ်အတွင်းမှာ ပါပုကျေးရွာလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေထဲက တစ်ရွာ ဖြစ်ခဲ့ပါတယ်။ အပစ်အခတ်တိုက်ခိုက်ရေး တည်ငြိမ်လာစပြုတဲ့အချိန်မှာ ကျေးရွာကို ပြန်လည်အခြေချ နေထိုင်ကြတာ ဖြစ်တယ်လို့ ကျေးရွာလူကြီးတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယနေ့အချိန်မှာ အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဲ့ ဖော်ပြချက်အရ စာတတ်မြောက်မှုနှုန်းမှာ ၁၉ ရာခိုင်နှုန်းကျော် ရှိလာပြီဖြစ်ပေမဲ့ ထွက်ပြေးတိမ်းရှောင်ရတဲ့ နေ့ရက်တွေကိုသာ မဖြတ်သန်းခဲ့ရရင် ပညာသင်ယူနိုင်ခဲ့ပြီး ယနေ့အချိန်မှာ ပညာတတ်မြောက်မှုတွေ ယခုထက် အဆမတန် များပြားနေနိုင်တယ်လို့ ဒေါ်အေးကြည်က ပြောပါတယ်။

“အခုက အဲ့လိုမျိုး ရွာရှောင်လိုက်ကျတော့ လူတွေက ဒီမှာနေတဲ့ လူတွေက ကွဲပြီးကျတော့ အိမ်တွေလည်း ရွေ့ ရ၊ ယာတွေလည်း ရွေ့ရတော့ သူတို့ ပြန်ပြီး နှာလန်ထောင်နိုင်ဖို့က တော်တော်လေး မလွယ်ဘူး ဖြစ်နေတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း ကလေးတွေက ကျောင်းတွေ၊ ဘာတွေ ထွက်ရတယ်လေ။ ပညာရေးပိုင်းမှာလည်း ထိခိုက်သွားတယ်ပေါ့နော။ အဲ့လိုမျိုး ကျောင်းဖြစ်တဲ့ ပညာရေးပိုင်းတွေ၊ ကျန်းမာရေးပိုင်းတွေ ထိခိုက်သွားတာတွေ အများကြီး ရှိတာပေါ့။” လို့ သူမက လက်ထဲမှာ လသားအရွယ် သမီးငယ်လေးကို ချီရင်း အတိတ်ကြောင်းကို ရှင်းပြကာ သမီးငယ်လေးအတွက်သာမက ယနေ့ခေတ် ကလေးတွေအပေါ် သူမ ဖြစ်စေချင်တဲ့ အနာဂါတ်ကို ကြီးမားတဲ့ မျှော်လင့်ချက်ထားရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ ကွမ်းယာလေးဝါးပြီး ပြောပြနေပါတယ်။

ဖားဆောင်းမြို့ နယ်အတွင်း ပြည်သူ့ဆေးရုံ (၁) ခု၊ တိုက်နယ်ဆေးရုံ (၁) ခု၊ ကျေးလက်ဆေးပေးခန်း ( ၁၀) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ( ၉ ) ခု ရှိပါတယ်။ ပါပုကျေးရွာအတွင်းမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ရှိပါတယ်။

“အခက်အခဲကတော့ တော်တော်လေး များတယ်။ အဓိကကတော့ လုပ်ငန်းကိုင်ငန်းတွေပေါ့နော အလုပ်လက်မဲ့ဘဝနဲ့ ရပ်တည်နေရတာတော့ များတယ်။ နောက်ပြီး အလုပ်လုပ်တဲ့သူလည်း ခက်ခဲမှုတွေ ရှိတယ်ပေါ့နော အမျိုးသမီးပိုင်းဆိုရင်လည်း အမျိုးသမီးအလျောက် အလုပ်က ရှားတယ်။ အမျိုးသားဆိုလည်း အမျိုးသားအလျောက် ရှားတယ်။ တစ်ပိုင်တစ်နိုင်လေး တစ်ရက်လုပ် တစ်ရက်စားလောက်ပဲ ရှိကြတယ်။” လို့ ဒေါ်အေးကြည်က သူတို့ ကျေးရွာရဲ့ အခက်အခဲကို ပြောပြသွားတာပါ။

ရေရရှိရေး၊ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတောင်းဆိုထားပေမဲ့လည်း သုံးပုံမှာ တစ်ပုံတောင် မရရှိနိုင်တဲ့ ပြည်သူတွေအဖို့ ဆက်လက် တောင်းဆိုသွားဖို့ အင်အားမဲ့သွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖားဆောင်းမြို့ နယ်အတွင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၃ နေရာနဲ့ ပြည်ထောင်စု ကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ နေရာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းမှာ ပါပုကျေးရွာမှာ ရှိတဲ့ဒေသခံတွေလိုပဲ ယခင်ဖြတ်လေးဖြတ် ကာလကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ကျေးရွာပေါင်း မြောက်များစွာ ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ သူတို့တတွေဟာ ယခု ငြိမ်းချမ်းရေး( အပစ်အခတ်မရှိတော့တဲ့ အခြေအနေ) ကို ဆက်လက်ထိန်းသိမ်းသွားဖို့ အလိုရှိသလို နှစ်ပေါင်းများစွာ မေ့လျော့ခံနေရတဲ့ သူတို့အဖို့ သူတို့တတွေကို မျက်နှာမူမဲ့ အုပ်ချုပ်သူ အစိုးရတစ်ရပ်ကိုလည်း မျှော်လင့်နေကြပါတယ်။

လာမဲ့ ၂၀၂၀ မှာ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့မယ်ဆိုရင် ပြည်သူတွေကို အမှန်တကယ် မျက်နှာမူတဲ့ အစိုးရ၊ လွှတ်တော်ကိုသာ မျှော်လင့်နေမိတယ်လို့ ဒေါ်အေးကြည်က ပြည်သူတစ်ရပ်လုံးကိုယ်စား နီရဲနေတဲ့ မျက်ဝန်းတစ်စုံထဲမှာ ကြီးမားတဲ့ မျှော်လင့်ချက်အပြည့်နဲ့ ပြောသွားပါတယ်။

“ ဘယ်လိုလွှတ်တော်ရယ်၊ ဘယ်လိုအစိုးရရယ်လို့ မျှော်မှန်းထားလဲဆို ကျမတို့ရဲ့ ပြည်သူလူထုအပေါ်မှာ အလေးအနက်ထားရှိဖို့ရယ် နောက်ပြီး ကျမတို့ အောက်ခြေပြည်သူလူထုတွေကို သူတို့က အလေးထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီထက်ကောင်းတဲ့ အစိုးရကိုပဲ ကျမတို့ လိုချင်ပါတယ်။”

spot_img
spot_img

Recent posts