CJ (ကန္တာရဝတီတိုင်း(မ်))
အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်မာရိဟာ ရင်သားကင်ဆာ ရောဂါကိုခံစားနေရတဲ့ ရောဂါသည် တစ်ဦးပါ။ ဖရူဆိုမြို့နယ် ထီးသဲကူး ကျေးရွာမှာနေထိုင်ပြီး အဲဒီကင်ဆာရောဂါကို ဆေးမီးတိုတွေ၊ သစ်ဥသစ်မြစ်တွေ နဲ့ သက်သာလို သက်သာငြား ကုသနေပါတယ်။
ဒေါ်မာရိဟာ သူရဲ့ ရင်သားကင်ဆာကို ၂၀၁၈ ခုနှစ်က ခွဲစိတ်ကုသမှု ခံယူခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ ရောဂါကုသဖို့ အတွက် ခက်ခဲလာပြီး ငွေကြေးမတတ်နိုင်တော့တာက တစ်ကြောင်း စစ်ပွဲတွေကြောင့် တဖုံနဲ့ အခုဆိုရင် သူရဲ့ ကင်ဆာရောဂါကို ဆက်မကုသ နိုင်တော့ပါဘူး။
“သက်သာလားဆိုတော့ သက်သာတယ်လို့တော့ မသိဘူး၊ ဒါပေမယ့် ဒီလိုလိမ်းရင် ခန္ဓာကိုယ်အေးလို့ ကျမ အမြဲလိမ်းဖြစ်တာ” လို့ သစ်ဥသစ်မြစ်တွေနဲ့ ကုသနေရတဲ့ အခြေအနေကို ဒေါ်မာရိက ပြောပြပါတယ်။
ဒေါ်မာရိတို့ နေထိုင်တဲ့ ထီးသဲကူးကျေးရွာဟာ ဖရူဆိုမြို့ နယ် ထဲမှာတည်ရှိပြီး စစ်ဘေးရှောင်နေကြရတဲ့ အထဲမှာပါဝင်ပါတယ်။ စစ်ဘေးရှောင်နေရတာကြောင့်လည်း ဒေါ်မာက က ပုံမှန် ဆေးကုသမှု ကိုမခံယူနိုင်ခဲ့ပါဘူး။
“သူတို့ကို ဆေးခန်းလိုက်မပို့ဖြစ်တာက အခြေအနေက သိတဲ့အတိုင်းပဲ ပြီးတော့ အစ်မ ဒေါ်မာရိကလည်း သူ မသွားချင်တော့တာရယ် သူ့မှာလည်း ငွေကြေးအခက်အခဲကြုံတွေ့နေရတယ်။ ဆန်တောင်ဝယ်စားနေရတော့ ဆေးရုံ၊ ဆေးခန်း မသွားဖြစ်ကြတော့တာပါ “ဟု ဒေါ်မာရိ နဲ့ အမြဲ လိုက်ပါကူညီပေးနေတဲ့ ဒေါ်ဆီးဆီးက ပြောပါတယ်။
ဒေါ်မာရိတို့ နေထိုင်တဲ့ ထီးသဲကူးကျေးရွာဟာ ဆေးရုံဆေးခန်းတွေနဲ့ ဝေးပြီး ဆေးကုသမှုခံယူနိုင်ဖို့ အတွက် အခွင့်အရေးတွေက မရှိသလောက်ပါပဲ။ လက်ရှိမှာတော့ ဆေးဖက်ဝင်တယ်ဆိုတဲ့ သစ်ဥသစ်မြစ်တွေ၊ သစ်ရွက်တွေကို ပါ ရေနွေးနဲ့ ပြုတ်ပြီး ချိုးနေရပါတယ်။
ဒါပေမဲ့ ရေရှားတဲ့ ထီးသဲကူးကျေးရွာမှာ ရေပုံမှန်ချိုးနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်။ မိုးရာသီကုန်လို့ ဆောင်းနဲ့ နွေရာသီတွေမှာ သောက်သုံးရေးရရှိဖို့အတွက် ဝေးလံတဲ့ နေရာတွေအထိ လူကိုယ်တိုင် ခြေကျင်နဲ့ ဖြစ်စေ ၊ ဆိုင်ကယ်နဲ့ ဖြစ်စေ သွားရောက်ခပ်ယူကြရတာပါ။
ရောဂါကြောင့် အိမ်အလုပ်တွေကို သိပ်မလုပ်နိုင်တော့ တဲ့ ဒေါ်မာရိတစ်ယောက် မိသားစုဝင်တွေ ခပ်ပေးတဲ့ ရေကိုသာ သစ်ဥသစ်မြစ်တွေနဲ့ ပြုတ်ပြီး ချိုးနေရတာဖြစ်ပါတယ်။
လာမယ့်နွေရာသီမှာတော့ ကင်ဆာဆေးမရှိတဲ့ ဒေါ်မာရိတစ်ယောက် ဆေးမြစ်တွေနဲ့ ချိုးဖို့ ရေကို ဘယ်သူတွေခပ်ပေးမလဲ၊ ရေရှိပါတော့မလားဆိုတာကို စိုးရိမ်နေရပါတယ်။
ထီးသဲကူးကျေးရွာမှာ ဒေါ်မာရိလိုပဲ ဘဝတူ ကင်ဆာရောဂါသည် ၃ ဦးရှိနေတယ်လို့ သိရပါတယ်။