spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စက်တင်ဘာလအတွင်း တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၁၁ဦးရှိပြီး လက်နက်ကြီးကြောင့် သေဆုံးသူ ၈ဦးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်တွင်းမှာ စက်တင်ဘာလ ၁ရက်နေ့ကနေ ၂၇ရက်နေ့အထိ ဒေသတွင်းတိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု ၁၁ဦးရှိခဲ့ပြီး လက်နက်ကြီးကြောင့် သေဆုံးသူ ၈ ဦးရှိနေတယ်လို့ ဒေသခံတွေပြောကြားချက်နဲ့ ကန္တာရဝတီတိုင်း(မ်)မှ ကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးသုံးဦးပါဝင်ပြီး စက်တင်ဘာလ ၉ရက်နေ့မှာ အသက် ၈နှစ်အရွယ် ယောကျ်ားလေးတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့ရပါတယ်။ဒါ့အပြင် စက်တင်ဘာလ (၁၈)ရက်နေ့က မြို့တွင်းဘုန်းကြီးကျောင်းတစ်ခုမှာ စစ်ဘေးရှောင်နေရင်း လက်နက်ကြီးကျရောက်တာကြောင့် ပွဲကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၁နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး အပြင် အမျိုးသားနှစ်ဦးလည်း လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရတာကြောင့် မိုးဗြဲမြို့အတွင်း အရပ်သားသေဆုံးသူ ၅ဦးရှိနေတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

လွိုင်ကော်မြို့ စက်တင်ဘာလ ၁၇ ရက်နေ့က ပဒါးညေးကျေးရွာတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတဲ့ မြေပဲခင်းမှာ အလုပ်လုပ်နေရင်းအနီးအနားမှာ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးစထိမှန်ပြီး အရပ်သားတစ်ဦးအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ လွိုင်ကော်မြို့ ဆောင်ကန်း(ရှမ်း)မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးလည်း ကျေးရွာအနီးအနားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာတွင်း လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် အသက် ၆၀အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေရပ်ပြန်လည်နေထိုင်ရင်း စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး နှိပ်စက်ညှင်းပန်းခံရပြီး အသတ်ခံရတဲ့ အရပ်သား အမျိုးသားနှစ်ဦးလည်း ပါဝင်ပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ပေမယ့် လက်နက်ကြီးအန္တာရာယ်တွေကို ရင်ဆိုင်နေရတဲ့ ကရင်နီပြည်တွင်းက စစ်ရှောင်တွေကတော့ လက်နက်ကြီးသံကြားရတိုင်း စိုးရိမ်မှု ရှိနေတယ်လို့ ဆိုကြပါတယ်။

“ဟုတ်ကဲ့ ကြောက်လန့်မှုတွေ ရှိတယ်ပေါ့နော။ နောက်ပြီးတော့ ဘယ်လိုပြောရမလဲ။ ဘယ်လိုပြေးရမှန်းမသိ ဘယ်ကိုလာရမှန်းမသိ ကလေးတွေကလည်း စာသင်တော့ ကြောက်စိတ်အမျိုးမျိုးပေါ့နော။ စိုးရိမ်စိတ်တွေအများကြီးပဲ နောက်ကလေးတွေ အထိတ်တလန့်တွေ တအားဖြစ်တယ်။ နောက် ကလေးတွေက စိတ်ရောဂါရမှာကို တအားစိုးရိမ်တယ်ပေါ့နော။” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်တဲ့ ဒေါ်လူစီးယာက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်ပွဲဇုံအပြင် အရပ်သားပြည်သူတွေကိုပါ ရန်သူအဖြစ်သတ်မှတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက သုံးသပ်ပြောဆိုပါတယ်။

“စစ်ကောင်စီအနေနဲ့ ပြည်သူလူထုအပေါ်မှာ လုံးဝ ရန်သူအဖြစ်သတ်မှတ်ပြီးတော့မှ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ကျနော်တို့ ဖမ်းဆီး သတ်ဖြတ်မှုတွေကိုတော့ ဆက်တိုက်ကျူးလွန်နေတယ်။ အဲ့ဒီဟာက ပုံစံနှစ်ခုတော့ မြောက်တယ်ပေါ့နော။ ကျနော်တို့ ဒီဘက်ခေါ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ပုံစံနဲ့ပဲ ကျူးလွန်တာရှိတယ်။ တခြားတစ်ဖက်မှာလည်း လူသားမျိုးနွယ်စုအပေါ်မှာ ချိုးဖောက်သော စစ်ရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုတာကို ကျနော်တို့ ထပ်ပြောလို့ရတယ်။” လို့ ဆရာဗညားက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားရှိရာနေရာဖက်ကို စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုရှိနေတာကြောင့် နေအိမ်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကရင်နီပြည်တွင်းမှာ စစ်ဘေးဒဏ်ရဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၃၂၂ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က စက်တင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts