spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

စက်သုံးဆီစျေးနှုန်းမြင့်တက််တာကြောင့် စပါးကြိတ်ခ ပေးဆောင်နေရတဲ့အတွက် တောင်သူတွေအခက်ကြုံ

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ဆန်စက်တွေမှာ ဓာတ်ဆီ ၊ဒီဇယ် စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတာကြောင့် စပါးကြိတ်ခ အဖြစ် ဆန်တစ်အိတ် ကို တစ်ထောင့်ငါးရာ ကနေ သုံးထောင် အထိ ပေးဆောင်နေရတဲ့အတွက် စပါးကြိတ်သူတွေ အခက်ကြုံနေတယ်လို့ သိရပါတယ်။

” ကျနော်တို့ ရွာမှာ ကျနော်သိသလောက်ဆိုရင် ဆန်သွားကြိတ်ကြတယ်။ စပါး နှစ်အိတ်ကြိတ်ရင် ဆန်တစ်အိတ်ပြန်ရတယ်။ သွားကြိတ်မယ့်သူတွေက ပိုက်ဆံ ကုန်တယ်။ ကားခ လည်း နှစ်ထောင် ပေးရတယ်။ ဆန်ကြိတ်ရင်လည်း နှစ်ထောင်ပေးရတယ်။ စပါးနှစ်အိတ်က ဆန်တစ်အိတ်ပဲရတယ်။ ပိုက်ဆံက လေးထောင် ကုန်သွားတယ်။ အ့လိုမျိုးပေါ့။ တချို့မတတ်နိင်တဲ့သူတွေဆို လူနဲ့ပဲထောင်းကြတယ်။ နေပူလှန်းပြီးတော့မှ ထောင်းကြတယ်။ အဲ့လိုလုပ်တော့ အချိန်ပိုပေးရတယ်။ ကျနော်တို့ မှာ ခြံသွားရမယ့်အချိန်တွေ ကုန်သွားတယ်” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ယခင်က ဆန်စက်တွေမှာ စပါးကြိတ်ပြီး ထွက်လာတဲ့ ပွိုင့်နဲ့ ဖွဲနု ကိုသာ ယူပေမယ့် လက်ရှိမှာတော့ ဓတ်ဆီ၊ ဒီဇယ် စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် အဆင်မပြေတော့ဘဲ ခုလို ငွေကြေး ကောက်ခံရတာဖြစ်တယ်လို့ ဆန်စက် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ဟိုအရင်တုန်းကဆိုရင် ဒီဇယ်လည်း ဈေးသက်သာသေးတယ်။ ပွိုင့်တို့ ဖွဲနု တို့က အပိုကျန်တော့ အဆင်ပြေတယ်။ ခုက ဒီဇယ်တွေ ဈေးမြင့်လာတော့ ပွိုင့်တို့ ဖွဲနု တို့က ဒီဇယ်ဖိုးကို မကာနိုင်တော့ဘူး။ စက်နာခ လည်း မကျန်တော့ဘူး။ အဲ့ကြောင့် တစ်အိတ်ကို တစ်ထောင်ငါးရာ တောင်းတယ်။ အဲ့လိုတောင်းတော့ ဒီဇယ်ဖိုးတော့ ပြန်ရတယ်ပေါ့နော။ ပြီးတော့ တခါတလေ အလုပ်သမားတွေ ခေါ်ရတော့ အလုပ်သမားခလည်း ပေးရတယ်” လို့ ဆန်စက် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဝင်ငွေရှိတဲ့သူတွေအတွက် တစ်အိတ်ကို တစ်ထောင် နှစ်ထောင်က ပြသာနာမရှိဘူးဆိုပေမယ့် အခုလို စစ်ရှောင်နေရတာကြောင့် ဝင်ငွေမရှိတော့ဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ် သွားကြိတ်မယ်ဆိုရင်လည်း လမ်းခရီး အခက်အခဲ၊ အစစ်အဆေးတွေ ရှိနေတာကြောင့် အနီးအနားက ကျေးရွာရှိ ဆန်စက်တွေမှာပဲ စစ်ရှောင်နဲ့ ဒေသခံအများစုက ကြိတ်ကြတာ ဖြစ်ပါတယ်။

တချို့ ဆန်စက်တွေကတော့ စစ်ရှောင်ကာလ ဖြစ်တာမို့ ဝင်ငွေမရှိကြတဲ့အတွက် စပါးကြိတ်ခ မတောင်းပဲ ဆန်ယူပေးတာလည်း ရှိတယ်လို့ သိရပါတယ်။

” ယူတော့ယူရတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီဇယ်က အဆမတန် ဈေးတက်တာလည်း ရှိတယ်လေနော။ အဲ့မျိုးခါကျတော့ ယူမှအဆင်ပြေတာ ကျနော်တို့က။ ဘာဖြစ်လို့လဲဆိုတော့ တစ်လုံးထိုးနဲ့ပဲ လည်နေရတယ်ဆိုတော့။ စစ်ရှောင်ဆို ဝင်ငွေမှ မရှိတာနော။ ဆန်တစ်အိတ်ကို တစ်ပိဿာခွဲ ယူတယ်။ ပိုက်ဆံဆို ကလေးမုန့်ဖိုးတောင်မှ အဆင်မပြေဘူးလေ ကျနော်က အဲ့လိုတွေးပြီးတော့မှ ဆန်ပဲ ယူထားပေးတာ” လို့ စပါးလာကြိတ်သူတွေဆီက ပိုက်ဆံမယူပဲ ဆန်သာယူထားပေးတဲ့ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေကြောင့် မြို့ပေါ်တက်ပြီး စပါးကြိတ်ဖို့ ခက်ခဲလာတာကြောင့် စပါးကြိတ်သူတွေ ယခင်ကထက် ပိုမိုများပြားလာတယ်လို့ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts