spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စက်သုံးဆီဈေးမြင့်တက်လို့ မလည်ပတ်နိုင်တော့တဲ့ ရွာမီးစက်

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်က ကျေးရွာတစ်ရွာမှာ ကိုယ်ထူကိုယ်ထ ရွာမီးစက်ကို မလည်ပတ်နိုင်တော့ပဲ ရပ်နားထားတာ ခုဆိုရင် နှစ်နှစ်လောက်ရှိသွားပြီ ဖြစ်ပါတယ်။

အဲ့ဒီမီးစက်ကို ၂၀၁၈ ခုနှစ်မှာ အလှူရှင်တစ်ဖွဲ့က လှူဒါန်းခဲ့တာဖြစ်ပြီး ဒီဇယ်ဆီအတွက် ကျေးရွာရဲ့ ကောက်ခံရရှိငွေတွေနဲ့ ရွာကို မီးပေးနိုင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာကြောင့် ကျေးရွာသူ၊ကျေးရွာသားတွေ စက်သုံးဆီအတွက် ငွေကြေးထည့်ဝင်ဖို့ အခက်အခဲရှိလာလို့ လေးနှစ်လောက်လည်ပတ်ခဲ့တဲ့ ရွာမီးစက်ကို ရပ်နားထားခဲ့ရတာပါ။

“မီးလင်းဖို့ဆို အိမ်ခြေ အိမ်တိုင်းကောက်ရတာပေါ့။ တစ်အိမ်ထောင် တစ်လဆို နှစ်ထောင်၊ နောက် ဆီဈေးနည်းနည်း ထပ်တက်လာခါကျတော့ သုံးလအတွင်းလားမသိဘူး။ တစ်လ သုံးထောင်တိုးခါကျတော့၊ ဆီဈေးထပ်တက်ခါကျတော့ ကျနော်တို့ ရပ်နားလိုက်တယ်။” လို့ ကျေးရွာတာဝန်ခံ စခွန်းမောင်ကြီး က ဆိုပါတယ်။

အာဏာမသိမ်းခင် နိုင်ငံရေးတည်ငြိမ်ခဲ့တဲ့အချိန်မှာတော့ ဒီဇယ် တစ်ဂါလံကို ဒေသပေါက်ဈေး ၆၀၀၀ ကျပ် ဝန်းကျင်လောက်သာ ကုန်ကျခဲ့ပေမယ့်၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၁၂၀၀၀ ကျပ် ဝန်းကျင်လောက်အထိ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

ရွာမီးစက်ကိုလည်း မလည်ပတ်ဘဲထားတာ ကြာသွားလို့ ပျက်စီးသွားပေမယ့်၊ ဆီဖိုးမတတ်နိုင်ကြလို့ မပြုပြင်ဘဲ ထားထားတယ်လို့ ဆိုပါတယ်။

မီးစက်လည်ပတ်နိုင်တဲ့ အချိန်တုန်းကတော့ အိမ်ခြေ (၅၀) ကျော် နဲ့ လူဦးရေ (၄၀၀) လောက်ရှိတဲ့ အဲ့ဒီကျေးရွာ မီးလင်းရေးအတွက် အကျိုးပြုခဲ့သလို၊ ကလေးပညာရေးနဲ့ ပွဲလမ်းသဘင်တွေအတွက်လည်း အကျိုးပြုခဲ့တယ်လို့ ဆိုပါတယ်။

မီးစက်မလည်ပတ်နိုင်တော့တဲ့ နောက်ပိုင်း ရွာအတွက်ရော၊ ကလေးပညာရေးအတွက်ပါ အဆင်မပြေမှုတွေ ဖြစ်လာတယ်လို့ ကျေးရွာသား စခွန်းမိုးစက်က ပြောပါတယ်။

“ရွာမီးရတဲ့အချိန်ကဆို ကလေးအတွက်အဆင်ပြေတယ်။ နောက် မိသားစုအတွက်လည်း အဆင်ပြေတယ်ပေါ့။ ဘာဖြစ်လည်းဆို ညဆို မီးလင်းကောင်းတော့ ကလေးစာကျက်ဖို့အတွက်လည်း ကောင်းတယ်။ အခု မီးမရခါကျတော့ အထူးသဖြင့်ကလေးပေါ့။ ကလေးစာကျက်တဲ့အပိုင်းလည်း ဖယောင်းတိုင်မီးနဲ့ ထင်းရှုးမီးနဲ့ ထွန်းတော့ အဆင်မပြေဘူးပေါ့။ ရွာမိသားစုအပိုင်းလည်း ဆိုလာမရှိတဲ့အိမ်ကျတော့ မှောင်မည်း အဲ့လိုပဲ နေရတာပေါ့။”

ငွေကြေးတတ်နိုင်တဲ့ မိသားစုအနည်းငယ်လောက်ကပဲ ဆိုလာမီးတပ်ဆင်နိုင်ကြပြီးတော့၊ အများစုကတော့ ဖယောင်းတိုင်မီးနဲ့ ဆီမီးတွေကိုပဲ အသုံးပြုနေကြရပါတယ်။

“ရွာမီးစက်မရတော့တဲ့ နောက်ပိုင်းခါကျတော့ သူတို့ စာကျက်လည်း ပျင်းတာပေါ့နော်။ မီးမရှိခါကျတော့ သူတို့ အာရုံစိုက်မှုလည်း သိပ်မရှိဘူး။ ပြီးလို့ရှိရင်လည်း ဆီမီးဝယ်ရတာနဲ့ ဖယောင်းတိုင်ဝယ်တဲ့နေရာမှာလည်း ပိုက်ဆံကုန်တာပေါ့နော်။ သူတို့လည်း စိတ်ဝင်စားမှု တွေ မရှိဘူး။ ပိုပြီးတော့လည်း ပြောရတာလည်း ခက်တယ်၊ ပင်ပန်းတာပေါ့နော်။ အချိန်လည်း ပေးရတာပေါ့။”လို့ ကျောင်းနေအရွယ် ကလေးသုံးယောက်မိခင် စမူကမဲလာ ကဆိုပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ လောပိတရေအားလျှပ်စစ်စက်ရုံကနေ ရန်ကုန်မြို့ကို ပို့လွှတ်လိုက်တဲ့ လျှပ်စစ်တာဝါတိုင်ကြီးတွေ ဖယ်ခုံမြို့နယ်က သူတို့ရွာအနီးကို ဖြတ်သန်းသွားပေမယ့်၊ သူတို့ကျေးရွာမှာ လျှပ်စစ်မီးရဖို့ကိုတော့ ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြရပါတယ်။

အဲ့ဒီကျေးရွာဟာ ကိုယ်ထူကိုယ်ထမီးစက်ကို ပြန်ပြီးပြင်ဆင်လည်ပတ်နိုင်ဖို့အတွက် စက်သုံးဆီဈေးပြန်ကျလာမယ့် အချိန်ကိုပဲ မျှော်လင့်နေကြရပါတယ်။

spot_img
spot_img