spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ် ပိတ်ဆို့ဖျက်စီထားသည့်တောင်ယာသွားလမ်း တောင်သူများပြန်လည်ပြုပြင်

Author

Date

Category

နော်ဒွေးအယ်ခူ

ကယား(ကရင်နီ)ပြည်နယ် ဒီမော့ဆိုမြို့နယ် ၆မိုင်စံပြ ကျေးရွာအုပ်စု၊ ဒေါဆိုရှေ့ကျေးရွာရှိ တောင်သူတွေ သွားတဲ့ တောင်ယာလမ်းတွေကို အမတ ၃၆ဝ တပ်ရင်းကနေ မြောင်းတူးပြီး ပိတ်ဆို့ဖျက်စီးထားတဲ့အတွက် ဒေသခံတွေက ပြန်လည်ပြုပြင်နေကြရတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

ပိတ်ဆို့ဖျက်စီးသွားတဲ့တောင်ယာလမ်းတွေကို ဒေါဆိုရှေ့တောင်သူတွေကနေ မေလ ၃ဝ ရက်နေ့မှာ လယ်ယာမြေစိုက်ပျိုးထွန်ယက်သွားလာနိုင်ဖို့ အချိန်မှီ ပြန်လည်တူးဖော်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေါဆိုရှေ့တောင်သူတစ်ဦးဖြစ်တဲ့ ဦးဆော်ရယ်က ပြောပါတယ်။

“အလုပ်လုပ်မှရမှာ ဒီအတိုင်းပဲ စောင့်နေလို့မဖြစ်ဘူးလို့ ရွာသူရွာသားခေါ်ပြီးမှ ပြန်ပြင်တာပေါ့နော။ ဖျက်စီးတဲ့လမ်းပြန်ပြင်တယ်။ ဘာအတွက်ကြောင့်ပြင်တာလဲဆိုရင် အလုပ်လုပ်ဖို့ စိုက်ဖို့ ပျိုးဖို့ အချိန်တန်ပြီလေ။” လို့ ပြောပါတယ်။

ဖျက်စီးခံရသည့်တောင်ယာလမ်းများကို ပြန်လည်ပြုပြင်နေကြရစဉ်ဖြစ်သည်။ ပုံ – ကန္တာရဝတီတိုင်း(မ်)

စိုက်ပျိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် တောင်သူတွေက တောင်ယာသွား စိုက်ပျိုးဖို့ လိုအပ်တာကြောင့် အမတ ၃၆ဝ တပ်ရင်းကနေ ပိတ်ဆို့ထားတဲ့ ၅ နေရာကို မေလ ၃ဝရက်နေ့မှာ ပြန်လည်တူးဖော်မှာဖြစ်ပြီး နောက်တစ်နေ့မှာ ပြန်လည် စိုက်ပျိုးသွားမယ်လို့ ပြောကြပါတယ်။

“သူတို့လာပိတ်ရင်လည်း ဆက်ပြီးလုပ်မှာပဲ ပိတ်ပါစေ ကျတော်တို့တော့ ဂရုမစိုက်ဘူး။ ဒီမြေမလုပ်စားခိုင်းရင် ကျတော်တို့ ဘာစားမလဲ။ မရမက လုပ်မှာပဲ” ဦးဆော်ရယ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ဝရက်နေ့မှာလည်း ဒေါဆိုရှေ့တောင်သူတွေက အမတ ၃၆ဝ ကနေ သိမ်းဆည်းထားတဲ့ တောင်ယာမြေအပေါ် စိုက်ပျိုးခွင့်ရဖို့အတွက် ထွန်တုံးတိုက်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

ဖျက်စီးခံရသည့်တောင်ယာလမ်းများကို ပြန်လည်ပြုပြင်နေကြရစဉ်ဖြစ်သည်။ ပုံ – ကန္တာရဝတီတိုင်း(မ်)

တောင်သူတွေက ခြံစည်းရိုးစိုက်ထူဖို့ ထွန်စက်တွေနဲ့ ထွန်ယက်နေတဲ့အချိန်မှာ အမတ ၃၆ဝ တပ်ရင်းက တာဝန်ရှိသူတွေ အရပ်ဝတ်စုံနဲ့ လာပြီး ဆက်ပြီး မလုပ်ဖို့ တားမြစ်ခဲ့သလို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တရားဥပဒေအရ အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

“တောင်ယာက တစ်သက်လုံးလုပ်တာပဲ စားတာပဲ တစ်သက်လုံးသားသမီးတွေကို ကျွေးရတယ် အဲတောင်ယာပဲ။ လယ်လည်းမရှိဘူး ယာလည်းမရှိဘူး အဲဒီအလုပ်ပဲလုပ်မယ်” တောင်သူတစ်ဦးဖြစ်တဲ့ ဦးပါစကွားလယ်ဖားပေး ကပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာလည်း ၆မိုင် စံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသခံတောင်သူတွေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒေါဆိုရှေ့တောင်ယာမြေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အဲဒီဆွေးနွေးပွဲမှာတော့ သက်ဆိုင်တဲ့အကြီးအကဲတွေကနေ ညှိနှိုင်းမှုပြုလုပ်ရအုံးမယ်လို့ ပြောဆိုထားပြီး တောင်သူတွေအနေနဲ့ ထွန်ယက်စိုက်ပျိုးတာကို ရပ်နားဖို့ လိုအပ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်သဲရယ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ သက်ဆိုင်ရာလူကြီးတွေကနေ တစ်စုံတစ်ရာပြောဆိုလာခြင်းမရှိတဲ့အပြင် လက်ရှိအချိန်မှာလည်း အမတ ၃၆ဝ တပ်ကနေ တောင်ယာသွားလမ်း ပိတ်ဆို့ထားတယ်လို့ ဒေါဆိုရှေ့တောင်သူတွေက ပြောပါတယ်။

တောင်သူ ဦးပါစကွားလယ်ဖားပေး က “အခုက မလုပ်မနေရပေါ့။ ကျတော်တု့ိတော့ ဆက်လုပ်မှာပဲ။ အရှုံးမပေးဘူး။ အရှုံးပေးမယ်ပေးရင်တော့ ကျတော်တို့တစ်ရွာလုံးကို သတ်လိုက်ရင် ကျေနပ်တယ်လို့။ မသတ်ဘူးဆိုရင်လည်း ငါတို့တောင်ယာပဲဆက်လုပ်ရမှာပေါ့” လို့ တစ်ရွာလုံး ရင်ဆိုင်ရတဲ့ အခက်အခဲကို ပြောထားပါတယ်။

Advertisement

၂၀၀၂-၂၀၀၃ ခုနှစ်မှာ အမတ ၃၆ဝတပ် တည်ထောင်တဲ့အချိန်မှစပြီး ဒေါဆိုရှေ့တောင်သူတွေ လုပ်ကိုင်စားသောက်တဲ့မြေတွေကို တပ်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ကြပြီး ဧက ၂၀၀ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အဲဒီမြေနေရာကို တောင်သူတွေကို လုပ်ကိုင်စားသောက်ခွင့်ပေးထားပေမယ့်လည်း တပ်ရင်းမှူး အပြောင်းအလဲကြောင့် တောင်သူတွေအနေနဲ့ ထွန်ယက်စိုက်ပျိုးမယ်ဆိုရင် သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက်ရမှသာ စိုက်ပျိုးခွင့်ပေးတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts