spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကနေပြီး ဒေါညေးခူကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းကို မီးရှို့ဖျက်စီးခဲ့၊ ၆ရက်ဆက်တိုက် တိုက်ပွဲဖြစ်

မော်မီမြာ / ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ (ဇွန်လ ၁၅) ညနေ ၃နာရီ ကျော်အချိန် ဖရူဆို၊ ဒေါညေးခူရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီကနေပြီး ကျေးရွာအတွင်း ကက်သလစ်ဘုရားကျောင်း တစ်ကျောင်းကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ ယမန်နေ့ (ဇွန် ၄ရက်) မှာလည်း ကျေးရွာအတွင်း နေအိမ်လေးလုံးကိုလည်း မီးရှို့ဖျက်စီးခဲ့ပါတယ်။

“ မနေ့က မီးရှို့ဖျက်စီးတာ အိမ်လေးလုံးကျော်တယ်။ အဓိက ဒေါညေးခူ ရွာထဲမှာပေါ့ လေးလုံးကျော်တယ်။ ဒီရက် ၁၅ ရက်နေ့ခါကျတော့ ဒေါညေးခူရွာမှာရှိတဲ့ ဘုရားကျောင်းပေါ့ ဘုရားကျောင်းကို အကြောင်းမဲ့ မီးရှို့ဖျက်စီးလိုက်တယ်။ ညနေ ၃ နာရီကျော်လောက်မှာ စစ်ခွေးတွေက အကြောင်းမဲ့ မီးရှို့ဖျက်စီးလိုက်တယ်ပေါ့။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၀ရက်နေ့က နေ စပြီး ထီးပေါ်ဆိုနဲ့ ဒေါညေးခူ ကျေးရွာတွေမှာ စစ်ကြောင်းထိုး တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာ ၆ ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ တိုက်ပွဲအတွင် စစ်ကောင်စီဖက် ထိခိုက် ကျဆုံးတာတွေရှိပြီး ပူးပေါင်းတပ်ဖွဲ့ဖက်တော့ ဒဏ်ရာရရှိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဇွန် ၁၂ရက်နေ့က တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထီးပေါ်ဆိုကျေးရွာ နှစ်ခြင်း ဘုရားကျောင်း နဲ့ အသင်းတော်နေအိမ် လက်နက်ကြီး ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာထဲ က နေအိမ်တွေကို ဖောက်ထွင်း ဝင်ရောက် ဖျက်စီးတာတွေလည်း ရှိနေပါတယ်။

“ ကျနော်တို့ ဒီမှာကလေ တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်ပေါ့။ သူတို့က နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ လုပ်တယ်။ ပြီးရင် ရွာထဲဝင်ဆိုရင် ဝင်တဲ့အတိုင်းပဲ ပြန်ထွက်သွားတာမျိုး မဟုတ်ဘူးပေါ့လေ။ နေအိမ်ထဲက ပစ္စည်းတွေ ခိုးတာတွေ နောက် အိမ်တွေ ဖျက်စီးတာတွေ မီးရှို့တာတွေ အဲ့တာတွေ လုပ်တဲ့အတွက် ကျနော်တို့ တောက်လျောက် ရွာတွေ အဝင်မခံပဲနဲ့ ခုခံ တိုက်ခိုက်တာမျိုးပေါ့နော။ ခုခံတိုက်ခိုက်တာတွေ လုပ်တဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တာပေါ့နော။ “ လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ( ဇွန် ၁၅) အချိန်ထိမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒေါညေးခူ ကျေးရွာမှာပဲ ရှိနေသေးတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ နေ့စဉ် ဒီးမော့ဆိုမြို့နယ် အတွင်းတွေမှာ လက်နက်ကြီး ပစ်ခတ်နေတာတွေလည်း ရှိနေပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ ဒီးမော့ဆို အနောက်ခြမ်း ငံရိုးကျေးရွာထဲ လက်နက်ကြီး ကျပြီး ပြည်သူ ၁ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရခဲ့ပြီး ဇွန်လ ၁၄ရက်နေ့မှာ လက်နက်ကြီး ကြောင့် ယူဆမိုဆို ကျေးရွာ က ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img