spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကဦးစီးကျင်းပတဲ့သင်္ကြန် သိုသိုသိပ်သိပ်ပြုလုပ်၊ မြို့တွင်း စစ်ဆေးမှုရှိ

လွိုင်ကော်မြို့တွင်း သွားလာလုပ်ရှားမှုပုံရိပ်အချို့(ပုံဟောင်းအသုံးပြုထားသည်။)

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ သင်္ကြန်မဏ္ဍပ် ၄ နေရာရှိပြီး အစိုးရဌာန ရုံးဝန်းထဲမှာပဲ ဝန်ထမ်းတွေနဲ့ ပြုလုပ်သွားဖို့ ရှိတယ်လို့ လွိုင်ကော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

“မြို့နယ်ခန်းမဝန်း၊ ပြည်နယ်ရဲဝန်း၊ ဒကစ ရုံးဝန်း၊ ပြည်နယ်အစိုးရရုံးဝန်းထဲ မဏ္ဍပ်ရှိမယ်။ အကျဉ်းချုံးလုပ်မယ်လို့ သိရတယ်။ အဲ့ဒါပဲသိတယ် လောလောဆယ်တော့။ သိုသိုသိပ်သိပ်လုပ်တဲ့သဘော ဝန်ထမ်းမိသားစုပဲထင်တယ်။ ဝန်းထဲမှာဆိုတော့ ရေကစားမဏ္ဍပ်ရှိမှာပါ။ ယိမ်းအကလည်း ပါတယ်လို့ သိရပါတယ်။” လို့ လွိုင်ကော်မြို့ခံတစ်ဦးဆီကနေ သိရပါတယ်။

လွိုင်ကော်မြို့လယ် နာရီစင်တစ်ဝိုက်၊ ကယားဒေးကွင်းတစ်ဝိုက်၊ ပြည်နယ်အစိုးရရုံးတစ်ဝိုက်ကို သွားလာခွင့် ပိတ်ဆို့ထားပြီး ရဲ၊ စစ်သား ဝတ်စုံဝတ်ဆင်ထားတဲ့ အစောင့်တပ်သား ၂၀ ဝန်းကျင်က ဒီမနက်မှာ နေရာယူ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင်း စစ်ကောင်စီ စီစဉ်တဲ့ရေကစား မဏ္ဍပ်မရှိသလို ရပ်ကွက် ကျေးရွာမှာလည်း ရေကစားမယ့် မဏ္ဍပ်မရှိဘူးလို့ ဆိုပါတယ်။ ပုံမှန်ချိန် လွိုင်ကော်မြို့တွင်း စစ်ဆေးမှုရှိပေမယ့် သင်္ကြန်ကာလတစ်လျှောက် စစ်ဆေးမှု၊ တင်းကြပ်မှုရှိနိုင်တယ်လို့ လွိုင်ကော်မြို့ခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

လက်ရှိ ကရင်နီပြည် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ နေရာအနှံအပြားမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက ဦးစီးကျင်းပတဲ့ သင်္ကြန်ပွဲကို မပူးပေါင်းကြဖို့၊ စစ်ရှောင်ပြည်သူတွေကို ဆက်လက်ကူညီပေးဖို့၊ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို တတ်နိုင်တဲ့ဖက်က ပံ့ပိုးပေးကြဖို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဒီးမော့ဆိုတို့ ဖရူဆိုတို့ ဖက်မှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတဲ့အချိန် လာမယ့် ရှေ့ရက်တွေမှာ လွိုင်ကော်မှာ သင်္ကြန်ပွဲတွေ စစ်ကောင်စီက ဦးစီးပြီး ကျင်းပ ပြုလုပ်တဲ့ အတာသင်္ကြန်တို့မှာလည်း မပူးပေါင်းကြဖို့။ စစ်ရှောင်နေတဲ့ မိဘပြည်သူတွေကို ဆက်လက်ကူညီပေးဖို့ ပြီးတော့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ အထူးသဖြင့် ကျနော်တို့ ပြည်နယ်မှာ တော်လှန်နေတဲ့ အင်အားစုတွေ အတွက်လည်း တတ်နိုင်တဲ့ဖက်ကနေ ပံ့ပိုးပေးကြဖို့ ကူညီပေးကြဖို့ ကျနော့်အနေနဲ့ ပြောချင်တယ်။” လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်တွင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားဆောင်းမြို့မှာလည်း သင်္ကြန်မဏ္ဍပ်မရှိသလို ရေကစားတဲ့သူလည်း ဒီကနေ့ မနက်ပိုင်းအထိ မတွေ့ရှိရသေးဘူးလို့ ဖားဆောင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ခုမှမရှိဘူး ဖွင့်ပွဲတွေ ဘာတွေလုပ်မယ့်ဟာလည်းမရှိဘူး မဏ္ဍပ်လည်းမရှိဘူး အခြေအနေကတော့ အရင်ကအတိုင်းပါပဲ။ ကျနော်မြို့ထဲပတ်တော့ ပြင်ဆင်တာ မတွေ့ရဘူးပေါ့ ဒီမနက်အကြိုနေ့ကတော့။ မနက်ဖြန် သဘက်ခါတော့မသိဘူးပေါ့နော။ စိတ်ထဲမှာတော့ ပျော်ချင်တာပေါ့ ဘယ်သူမဆို သင်္ကြန်ကို လူတိုင်းကပျော်ရွှင်ချင်တာပဲ။ ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ မပျော်နိုင်ဘူးပေါ့ ပြည်နယ်အတွင်းမှာ တိုက်ပွဲလည်းဖြစ်နေတယ်။ တော်လှန်ရေးရဲဘော်တွေ အကျအဆုံးလည်းတွေ့နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မပျော်နိုင်ပါဘူး ပါဝင်ဆင်နွဲမှာလည်းမဟုတ်ပါဘူး။” လို့ ဖားဆောင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၁၃ရက်နေ့ မဟာသင်္ကြန်အကြိုနေ့မှာ တခြားတိုင်းနဲ့ပြည်နယ်မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ သင်္ကြန်ပွဲပြုလုပ်နေတာရှိပြီး ကရင်နီပြည်မှာတော့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ အသုံးပြုတိုက်ခိုက်တာတွေရှိနေပါတယ်။

လွိုင်ကော်မြို့တွင်း သွားလာလုပ်ရှားမှုပုံရိပ်အချို့(ပုံဟောင်းအသုံးပြုထားသည်။)
spot_img
spot_img