spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို တန်ပြန်တော်လှန်ရာမှာ အဓိကျတဲ့ အရေးပေါ်လိုအပ်ချက် ပွိုင့် 5 အတွက် ကမ်ပိန်းကို အားဖြည့်ပေးကြဖို့ KNDF မေတ္တာရပ်ခံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လေကြောင်းအသုံးပြုတိုက်ခိုက်မှုကိုသာ အဓိကထား လုပ်ဆောင်လာတဲ့ စစ်ကောင်စီကို တန်ပြန်တော်လှန်ရာမှာ အဓိကျတဲ့ အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်တဲ့ ပွိုင့် 5 အတွက် ကမ်ပိန်းကို အားဖြည့်ပေးကြဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။

၂၀၂၃ ခုနှစ် မတ်လကနေစပြီး ယနေ့အချိန်ထိ ကရင်နီကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အပြင် တပ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေကို ရဟတ်ယာဉ်အသုံးပြုပြီး ဖြည့်တင်းလာတာတွေကို အဓိကထား လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ကရင်နီပြည်နယ်မှာ အလုံးအရင်းနဲ့ သူတို့ထိုးစစ်တွေ ဆင်နေတယ်။ ဆိုတော့ ဒီစစ်ကြောင်းတွေ ထိုးပြီးတော့မှ စစ်ဆင်ရေးကြီးကြီးမားမား လုပ်နေတယ်ပေါ့နော။ ၂၀၂၃ မတ်လ ကနေ စတယ်။ မြေပြင်မှာက ကျနော်တို့ စစ်ကောင်စီနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာက ကျနော်တို့ ရလဒ်ကောင်းတွေ အမြဲတမ်း ရထားတယ်။ ကျနော်တို့ အသာစီးရတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဘယ်လောက်ပဲ မြေပြင်မှာ အသာစီးရရပေါ့နော် ကျနော်တို့ ဒုက္ခပေးနေတာ တခုရှိတယ်။ အဲ့ဒါက ဘာလဲဆို ဒီလေကြောင်းတိုက်ခိုက်မှုတွေပေါ့နော။ လေယာဉ်နဲ့လာပစ်တာမျိုးတွေ၊ နောက်တခုက သူတို့ ရဟတ်ယာဉ်နဲ့ ထောက်ပို့လုပ်တယ်ပေါ့နော။ အင်အားဖြည့်တာတွေ၊ ရိက္ခာပို့တာတွေ၊ လက်နက်ခဲယမ်း ဖြည့်တာတွေပေါ့။ အဲ့ဒါတွေကို လုပ်နေတယ်ပေါ့။ အဲ့ဒါတွေကို ကျနော်တို့ ဖြတ်တောက်တိုက်ခိုက်ဖို့အတွက် တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် ကျနော်တို့မှာက အရေးတကြီးလိုနေတာက ဒီ ပွိုင့် 5 ပေါ့နော။ ဆိုတော့ ဒီလေကြာင်းတိုက်ခိုက်မှုတွေကို ပွိုင့် 5 သာ ရမယ်ဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်နိုင်မယ်ပေါ့နော။” လို့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လေကြောင်းအဓိကထား အသုံးပြုတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေနဲ့ ပြန်လည်တော်လှန်နိုင်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ကနေ “ကရင်နီ ပွိုင့် 5” ကမ်ပိန်းတစ်ခုကို ပြုလုပ်နေပြီး ပါဝင်ပေးကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဥက္ကဌ ခွန်းဘီထူးကလည်း NST ဖေ့ဘုတ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က စတင် တိုက်တွန်းတောင်းဆိုထားပါတယ်။

ကမ်ပိန်းကာလကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး ဒေါ်လာ ၄ သိန်း ရရှိဖို့ မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။

ဒီပွိုင့် 5 ဟာ KNDF တစ်စုံတည်းအတွက်သာ မဟုတ်ပဲ ကရင်နီစစ်မြေပြင်မှာ စစ်ကောင်စီကို တော်လှန်နေကြတဲ့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်ဆင်ရေးလုပ်ဆောင်ရာမှာ အသုံးဝင်လာမဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာ နေထိုင်တဲ့ လက်နက်မဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်ပေးနိုင်ဖို့ လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်လို့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောပါတယ်။

“တိုက်ပွဲတွေထဲမှာ လာရောက်ပစ်တာမျိုးတွေကိုတော့ ကျနော်တို့ဘာမှ မပြောလိုပေမယ့် အရပ်သားပြည်သူ လက်နက်မဲ့အရပ်သားတွေကိုပေါ့နော။ မြေပြင်တိုက်ပွဲမှာလည်း ကျနော်တို့ ဖြတ်တောက်တိုက်ခိုက်နိုင်ဖို့လိုတယ်။ တဖက်မှာလည်း လူထုတွေကို ဒုက္ခပေးနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ကျနော်တို့ တနည်းတဖုံနဲ့ ကျနော်တို့ ပြန်ပြီးတော့မှ အကာအကွယ်ပေးဖို့ လိုတယ်ပေါ့နော။ လေကြောင်းတိုက်ခိုက်မှုကတော့ တော်တော်လေး ဆိုးရွားလာတယ်ပေါ့နော။ နေ့စဉ်နီးပါးကို လေကြောင်းပစ်ခတ်မှု ရှိနေတာပေါ့။” လို့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာသာ လေကြောင်းအသုံးပြုတိုက်ခိုက်နေတာ မဟုတ်ပဲ တိုက်ပွဲနဲ့ အလွန်ဝေးတဲ့ နေရာဒေသ၊ တောတောင်ထဲမှာ တဲထိုးပြီး နေထိုင်ကြတဲ့ လက်နက်မဲ့ အရပ်သားတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့အပြင် ဆေးပေးခန်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“လူထုတွေလည်း တော်တော်လေး ပင်ပန်းကြပါတယ်။ ဒီပရောဂျက်တွေအတွက်ပေါ့နော ထည့်ကူကြတဲ့သူတွေ ၊ ရုန်းကူကြတဲ့လူတွေ၊ လှူကူကြတဲ့သူတွေပေါ့ တော်တော်လေး ပင်ပန်းကြတယ်ဆိုတာ သိတယ်။ သို့သော်လည်းပဲ ဒါက တကယ့်မြေပြင်မှာ လိုအပ်ချက်တခုအနေနဲ့ အရေးပေါ်လိုအပ်ချက်တခုအနေနဲ့ ဖြစ်နေတာ ဖြစ်တဲ့အတွက် အချိန်မစောင့်နိုင်ပဲနဲ့ လုပ်လိုက်တဲ့အခါမှာ Target က လောလောဆယ်မှာ ပြည့်ဖို့ အများကြီး လိုသေးတယ်ပေါ့။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ကော နောက်တခုက ပြည်တွင်းပြည်ပက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကောပေါ့နော။ ဒီပရောဂျက်ကို နည်းနည်းလေး အာရုံစိုက်ပြီးတော့ ကျနော်တို့ကို ရုန်းကူကြပါဦး၊ ထည့်ကူကြပါဦး၊ ပြီးတော့ Target ပြည့်သွားအောင်လို့ ကျနော်တို့ကို အဖက်ဖက်ကနေ ဝိုင်းကူပေးကြပါလို့ ပြောချင်တယ်။” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက တိုက်တွန်းတောင်းဆိုထားပါတယ်။

ကရင်နီပြည်မှာ ဧပြီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ လက်နက်မဲ့အရပ်သား ၁ ဦး ရှိပြီး ၅ ဦး ဒဏ်ရာရရှိသွားတဲ့အပြင် ( ၁၀၈ ) ကြိမ်ထက်မနည်း လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်ပေါင်း (၂၀)ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ (၂) ရုံ၊ ကျေးရွာ ဆေးပေးခန်း (၂) ခန်း ပျက်စီးသွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဧပြီလ တစ်လတာ စစ်ရေးသတင်း အနှစ်ချုပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ်ပိန်းကို အားဖြည့်ပါဝင်လိုပါက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ တရားဝင် ဖေ့ဘွတ်လူမှုစာမျက်နှာဖြစ်တဲ့ https://www.facebook.com/KNDF.HQ မှာ ဆက်သွယ်နိုင်ပြီး ကရင်နီပွိုင့် 5 ကမ်ပိန်းအကြောင်း အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

spot_img
spot_img

Recent posts