spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို နှင်ထုတ်မယ့် “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်း

ကန္တာရဝတီတိုင်း(မ်)

“အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ မောင်းသူမဲ့ လေယာဉ် ဌာန (UAV) ကနေ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ကမ်ပိန်း(campaign) ပြုလုပ်သွားမှာဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်အထိ တော်လှန်ရေးကြာရှည်လာတာနဲ့ အမျှ အောင်မြင်မှုတွေလည်း ပိုမိုများပြားသလို တစ်ဖက်မှာကလည်း အားနည်းချက်တစ်ချို့တွေ ရှိလာတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေး အချိန်ကြာလာတာနဲ့ အမျှ ကျနော်တို့ရဲ့ ကူညီထောက်ပံမှုတွေက တစ်ဖြေးဖြေးနည်းပါးလာတယ်ပေါ့နော်။ ကျနော်တို့ ဒီ UAV ဌာနမှာဆိုရင် ဒီဒရုန်းတွေကို ထုတ်လုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ ကူညီပံပို့မှုတွေ အများကြီး လိုအပ်နေပါတယ်ပေါ့နော်။ ဒီ ၂၀၂၃ မှာ စစ်ရေးအရှိန်မြင့်မားလာတာနဲ့အတူ ကျနော်တို့ UAV ထုတ်လုပ်တဲ့ဟာတွေ တိုက်ခိုက်တဲ့ဟာတွေမှာ လိုအပ်ချက်တွေ များစွာရှိလာတယ်” လို့ ဌာနမှူး 3D(သရီးဒီ) က ကမ်ပိန်း ပြုလုပ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ပြောပါတယ်။

“အဲဒိုပေါ်မီ” ဆိုတာက ကရင်နီလူမျိုးတွေ အလေးမြတ်ထားတဲ့ ရိုးရာ ပွဲတော်တစ်ခုဖြစ်ပြီး အဲဒီပွဲတော်ဟာ ကျေးရွာအတွင်းမှာရှိတဲ့ နတ်ကောင်းနတ်မြတ်တွေ၊ ကွယ်လွန်ပြီးသွားတဲ့ ဝိညာဉ်တွေကို ပူဇော်ပသတာဖြစ်ပြီး ပွဲတော်ရက်ပြီးသွားတာနဲ့ ကျေးရွာထဲက မကောင်းဆိုးဝါးတွေကို ရွာထဲက ထွက်သွားဖို့ မောင်းထုတ်လေ့ရှိပါတယ်။

သမိုင်းကြောင်းအရ ရှေးကရင်နီလူမျိုးစုတွေဟာ ယွန်းလူမျိုးတွေရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရပြီး အဆိုပါ ယွန်းလူမျိုးကို ပြန်လည်တိုက်ခိုက်တွန်းလှန်နိုင်ခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ ကရင်နီလူမျိုးစုတွေက အဲဒိုပေါ်မီပွဲကို ကျင်းပကြတာလည်းဖြစ်ပါတယ်။

” အဲဒီ သင်္ကေတ ကလွတ်မြောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဆောင်တယ်ပေါ့နော်။ ဆိုတော့ ဒီကျနော်တို့ လွတ်မြောက်ဖို့အတွက်က ဒီဟာတွေ များများ ကျနော်တို့ ဆီမှာ ရှိဖို့ လိုတယ်ပေါ့နော်။ လိုအပ်တဲ့ ပစ္စည်းတွေ ဒရုန်းတွေ များများရှိဖို့လည်း လိုတယ်။ ဒါကြောင့် ဒီအဓိပ္ပါယ်ကို ယူပြီးတော့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းကို ပြုလုပ်ရခြင်း ဖြစ်တယ်” လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ဒီလိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက် UAV ဒရုန်းတပ်ဖွဲ့လေးဟာ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ “ကမ်ပိန်းကို ပြုလုပ်ပြီး ကရင်နီလူမျိုးတွေရဲ့ ကျေးရွာအတွင်းက မကောင်းဆိုးဝါးတွေကို နှင်ထုတ်တဲ့နည်းအတိုင်း၊ စစ်ကောင်စီတပ်ကို ကရင်နီပြည်တွင်းက နှင်ထုတ်နိုင်ဖို့ အတွက် ရံပုံငွေရှာနေတာပဲ ဖြစ်ပါတယ်။

KNDF ရဲ့ မောင်းသူမဲ့ လေယာဉ်ဌာန UAV ဟာ လက်နက်အင်အား၊ လူအင်အား သာလွန်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အဖွဲ့ တစ်ခုဖြစ်ပါတယ်။

မောင်းသူမဲ့ လေယာဉ်ငယ် ၊ ဒါမှမဟုတ် ဒရုန်းတွေကို အသုံးပြုပြီး အင်အားများတဲ့ စစ်ကောင်စီကို တိုက်ခိုက်တာဟာ ပိုပြီးထိရောက်တဲ့အပြင် ကိုယ့်ဘက်က လူတွေကိုလည်း အထိအခိုက်နည်းစေတယ်လို့ ရဲဘော်တွေက ပြောပါတယ်။ လူကိုယ်တိုင်ဝင်ဖို့ မလွယ်ကူတဲ့နေရာတွေမှာ ဒရုန်းတွေကို အသုံးပြုပြီး တိုက်ခိုက်ကြတာပါ။

ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီဟာ မြေပြင်မှာရှိတဲ့ သူတို့ရဲ့ လူတွေကိုလက်နက်ကြီးတွေနဲ့ မနားတမ်း ပစ်ကူလေ့ရှိပါတယ်။ ဒီလို လက်နက်ကြီး အဆက်မပြတ် မပစ်ခတ်နိုင်အောင် UAVရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး ရပ်တန့်စေနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ UAV တွေကို သုံးပြီးတိုက်ခိုက်တဲ့အခါမျိုးဆိုရင် ကျနော်တို့ ရန်သူတွေရဲ့ လက်နက်ကြီး ပစ်ကူတွေကို ကျနော်တို့ ဟန့်တားနိုင်တယ်ပေါ့နော်။လက်နက်ကြီးဆက်တိုက်မပစ်နိုင်အောင် ကျနော်တို့ နှောက်ယှက်နိုင်တယ်ပေါ့နော်။ ပြီးတော့ ရှေ့တန်းမှာလည်း UAV တွေကရန်သူတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်တယ်။ လက်နက်ကြီးပစ်တာထက် အများကြီး ပိုတိကျပြီးတော့ ရန်သူတွေကို ကျဆုံးမှုများအောင် ကျနော်တို့ စွမ်းဆောင်နိုင်ခဲ့တယ်ပေါ့နော်။” လို့ UAV ဌာနရဲ့ ဌာနမှူး 3D (သရီးဒီ) ကပြောပါတယ်။

အဆိုပါ UAV ရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ပဲ ကရင်နီပြည်က တိုက်ပွဲကြီး ၁၂ ခုမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်အတွင်းမှာတော့ တိုက်ပွဲပေါင်း ၂၅ ပွဲမှာ ပူးပေါင်းပါဝင်နိုင်ခဲ့တယ်လို့ ဌာနမှူး 3D (သရီးဒီ) ကပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်အောင်မြင်မှုရရှိနိုင်ရေးအတွက် လက်ရှိ ပြုလုပ်နေတဲ့ ကမ်းပိန်းကို ပါဝင်အားဖြည့်ကြဖို့ ရှေ့တန်းရဲဘော်တစ်ဦးက တိုက်တွန်းပြောဆိုပါတယ်။

” ရန်သူဘက်ကလည်း အကျအဆုံးတွေ များစွာ ရှိတယ်။ဒီဒရုန်းတွေကလည်း တိုက်ပွဲအဖြေကို အများကြီး ပြောင်းလဲပေးနိုင်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတွေ ပြုလုပ်နိုင်ဖို့ ကျနော်တို့ ဘတ်ဂျက် အလုံအလောက်မရှိဘူးပေါ့နော်။ အဲဒီအတွက် ကျနော်တို့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ”ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်တယ်။ ဒီကမ်ပိန်းမှာလည်း ပြည်သူတွေက ကျနော်တို့နဲ့အတူတူ ပူးပေါင်းပြီးတော့ မိစ္ဆာတွေကို နှင်ထုတ်နိုင်ဖို့အတွက် ကူညီပေးပါဦးလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်”

“အဲဒိုပေါ်မီ မိစ္တာနှင်ပွဲ” ကမ်ပိန်းကို မြန်မာငွေ ကျပ်သိန်းပေါင်း (၄၅၀၀) ကျပ် (အမေရိကန်ဒေါ်လာ 150,000) အထိ ရည်မှန်းထားပြီး KNDF – UAV ဌာနမှ ကိုယ်တိုင်ထုတ်လုပ်တဲ့ Long Range Fixed Wings UAVs ကို အမြောက်အမြားထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img