spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကျဆုံးမှုများပြားတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ်ဒေသတွေမှာ နှစ်လကြာအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုတွေ ရှိနေသလို စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတွေ များပြားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ (ဧပြီ ၂၈ရက်) မွန်းလွဲပိုင်းအချိန်မှာလည်း ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း တစ်နေရာမှာ စစ်ကောင်စီ လေကြောင်းနဲ့ဗုံးကြဲတာ ရှိပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူးလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကနေ ယနေ့အချိန်ထိ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF – KK) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ခွန်ဘင်ဂျမင်က ပြောပါတယ်။

“ ပင်လောင်း၊ ဖယ်ခုံက အမြဲတမ်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့။ အခုချိန်ထိ လေကြောင်းသုံးတိုက်ခိုက်တာတွေရှိနေတယ်။ သူတို့အနေနဲ့ မြေပြင်ကော လေကြောင်းကော အမြဲတမ်းလိုလို အင်အားဖြည့်ပြီးတော့ လေကြောင်းတွေနဲ့ အမြဲတမ်းသုံးနေပါတယ်။ ကျဆုံးသွားတဲ့ သူတို့ရဲ့ အလောင်းတွေ ပြန်မကောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက် ကျနော်တို့ အနေနဲ့ အလောင်းတွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေ ရှိတဲ့အတွက် စစ်ကောင်စီ အများအပြားကျဆုံးကြောင်း ကျနော်တို့ ပြောနိုင်ပါတယ်။“ လို့ ခွန်ဘင်ဂျမင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၂၆) ရက်နေ့မှာလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းနဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ (၂၀) ဦးသေဆုံး၊ (၂) ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဖက် ဂျက်ဖိုက်တာနဲ့ (၄) ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံ-ပင်လောင်း အစပ်မှာရှိတဲ့ မြောက်စလုံးကျေးရွာမှာလည်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဧပြီလ ၂၄ ရက်နေ့က ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ (၃၀) ဦးအထက် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမှာ KNDFတပ်ရင်း (၁၁) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီ (၂၅) ရက်နေ့မှာ စစ်ကောင်စီက မြောက်စလုံးရွာကနေ တောင်မဲသင်းကျေးရွာဖက် ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီ အင်အားဖြည့်တင်းတာတွေလည်း ရှိနေတယ်လို့ ဖယ်ခုံမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပြပါတယ်။

“ သူတို့ လူအင်အားတော့ ထပ်ဖြည့်ထားတယ်။ စစ်ကြောင်းထိုးလာနိုင်ချေတော့ရှိမယ်ထင်တယ်။ မြောက်စလုံးမှာ သူတို့ ထိုင်ဖို့တော့ တော်တော်ခက်ခဲမယ်ထင်တယ်။ သူတို့ အထိအခိုက်များသွားတယ်ကော အဲမှာ။” လို့ အဆိုပါ ကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောပါတယ်။

စစ်ကောင်စီတပ်ကနေပြီး ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာအုပ်စု၊ လယ်ချား(လယ်ကြား) ကျေးရွာ ဒေသခံကျေးရွာသား(၃)ဦး လက်နောက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းအသုံးပြုတာတွေရှိခဲ့ပါတယ်။
ဒါ့အပြင် ဧပြီလ ၂၆ ရက်က လယ်ချား(လယ်ကြား) ကျေးရွာမှာ လက်နောက်ပြန် ကြိုးတုပ်ထားပြီး မျက်လုံးနှစ်လုံး အထုတ်ခံထားရသလို ဦးခေါင်း၊ ဦးနှောက်ထွက်ပြီး သေဆုံးနေတဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ပူးပေါင်းတပ်ဖွဲ့တို့ တွေ့ရှိခဲ့ပါတယ်။

KNDFထုတ်ပြန်ချက်အရ ဧပြီ (၂၄) ရက် မြောက်စလုံးတိုက်ပွဲနဲ့ (၂၆) ရက် မိုးဗြဲ၊ ညောင်ဝိုင်းတိုက်ပွဲမှာ MA – 1, 2, 3,4၊ MG-3 ၊ RPG 7၊ 60MM စိန်ပြောင်း တို့ပါဝင်တဲ့ လက်နက် (၂၆)လက် ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts