spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကရင်နီဒေသခံတွေလည်း မျက်မြင်ကိုယ်တွေ့ ခံစားနေကြရပြီး အဲဒီကျူးလွန်မှုကိုလုပ်ဆောင်တဲ့ စစ်ကောင်စီလုပ်ရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ) ချိုးဖောက်မှာပဲ။ အဲ့တော့ သူတို့လုပ်ရပ်ကို ကျနော်တို့သိတယ်ဆိုရင် ရက်တိုင်း ပြောနိုင်မယ်ဆိုရင် မလုပ်ရဲတော့ဘူး။ ဒါက သဘောသဘာဝဖြစ်တယ်။ လူ့အခွင့်အရေးကိုချိုးဖောက်တယ်ဆိုတဲ့နေရာမှာ အကောင်းဆုံးကတော့ သတင်းအချက်အလက်ကနေ ထုတ်ဖော်ပြီးတော့မှ သူတို့လုပ်ရပ်ကို မာမာထန်ထန် တုန့်ပြန်ပြောဆိုတာကို သူတို့လည်း ကြောက်တာပဲ။ အဲ့ဒီအတွက်ကြောင့်မလို့ ကျန်တဲ့သူအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုက လျော့ကျသွားမယ်။” လို့ ဆရာဗညားက ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို သတင်းအချက်အလက်ပေးဝေခြင်းမှတဆင့် လူတိုင်းသိရှိအောင် အထူးသဖြင့် နိုင်ငံတကာသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုကြလို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးမေးမြန်းခြင်းခံရတာ၊ ရိုက်နှက်ခံရတာတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အမည်အရင်းထိန်ချန်ထားတာ၊ လုံခြုံစိတ်ချတဲ့နေရာရောက်မှ ဖွင့်ဟပြောဆိုတာ လုပ်ဆောင်သင့်တယ်လို့ ဆရာဗညားက သုံးသပ်ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ပြောဆိုနိုင်မှုတွေ အားနည်းလျှင် စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို လူတိုင်းက သိရှိမှာမဟုတ်ဘဲ သူတို့က ဆက်လက်ကျူးလွန်နိုင်တာကြောင့် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့တော့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်နေပြီး လမ်းသွား၊လမ်းလာပြည်သူတွေကို နေ့တိုင်းလိုလို ဖမ်းဆီးစစ်ဆေးတာတွေ၊ အထူးသဖြင့် လူငယ်အမျိုးသားတွေရဲ့ ဖုန်းကို စစ်ဆေးတာတွေကြောင့် အပြင်ကိုထွက်ဖို့ လုံခြုံရေးအရ စိုးရိမ်နေရတယ်လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“လူ့အခွင့်အရေးအရဆိုရင် ကျနော်တို့ဆီမှာ လွတ်လပ်စွာ သွားလာခွင့်မရှိတော့ဘူး။ နောက်ဖုန်းတွေကို ယူစစ်တယ်ဆိုတာ privacy ကိုချိုးဖောက်တာအပြင် မသင်္ကာမှုနဲ့ ဖမ်းဆီးတာမျိုး ရိုက်ပုတ်တာမျိုး တွေ ရှိနေတယ်။ ဖမ်းဆီးရိုက်နှက်တာတော့ ကိုယ်တိုင်မကြုံဖူးဘူး၊ ကြုံဖူးတဲ့သူတွေပြောပြတာ။ တားလို့ မရပ်ပေးတာမျိုး ဒါမှမဟုတ် ဖုန်းထဲက သူတို့ တစ်ခုခုတွေ့တဲ့အခါ မျိုးမှာ စစ်ဆေး လိုချင်တာမဖြေမချင်း တိကျမှုမရှိမချင်း ရိုက်ပီး စစ်ခံရတယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီကနေ လမ်းသွားပြည်သူကို စစ်ဆေးမေးမြန်းတာ ပုံစံအမျိုးမျိုးနဲ့ရှိပြီး မသင်္ကာဘူးလို့ ယူဆရတဲ့သူတွေကို လက်သီးနဲ့ထိုးတာ၊ သေနတ်ဒင်နဲ့ ရိုက်တာတွေကြောင့် ထိခိုက်သွားသူတွေ လည်းရှိတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ မြို့ပေါ်နေရာတွေမှာတောင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေသလို တိုက်ပွဲဖြစ်ပွားတဲ့နေရာဒေသက ဒေသခံတွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ ၊ ဖမ်းဆီးမိတဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ အရပ်သားတွေ ရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်ရက်ဆက် ကျေးရွာ၊ စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးပစ်ခတ်တာတွေကြောင့် လူထိခိုက်သေဆုံးမှုလည်း ရှိနေဆဲဖြစ်ပါတယ်။

ဒီလိုရည်ရွယ်ချက်ရှိရှိ လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကို စစ်ကောင်စီက ကျူးလွန်နေတာကြောင့် ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts