spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဆေးရုံသွားရမှာကို စိုးရိမ်

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

တိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့ ကရင်နီပြည်မှာ စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပိုမို တိုက်ခိုက်လာတာကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ နေထိုင်ရမယ့် မွေးလူနာတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

“စိုးရိမ်ပူပန်တာတော့ ပြောမနေနဲ့။ ခုလည်း စိုးရိမ်ရတဲ့ အခြေအနေပဲပေါ့။ ခွဲစိတ်မွေးရမယ့် လူတစ်ယောက်လည်းဖြစ်တယ်။ ခွဲမွေးပြီးရင်လည်းပေါ့နော် ခုလိုမျိုး စစ်ကာလ တော်လှန်ရေးကာလမှာဆို ထပ်ပြီးတော့ ပြေးရှောင်ရမယ်ဆိုရင် အထူးသဖြင့် ကိုယ်၀န်သည်တွေ ကလေးငယ်မိခင်တွေဆို တအားခက်ခဲတယ်။ ကျန်းမာရေး ရှု့တောင့်ကနေကြည့်မယ်ဆိုရင်လည်း သွေးနုသားနုနဲ့ ဗုံးခိုကျင်းထဲ ပြေး၀င်လို့လည်း အဆင်မပြေဘူး။ အဲ့လိုမျိုးလေးတွေရှိတော့ အခက်အခဲတွေတော့ အများကြီးရှိတယ်။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက အသက် ၃၆ နှစ်အရွယ် ကိုယ်၀န်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

မွေးလူနာတွေအနေနဲ့ ဆေးရုံ၊ဆေးခန်းမှာ ယာယီနေထိုင်ရတဲ့အတွက် နေထိုင်စဉ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲမှာကိုလည်း စိတ်ပူနေကြရတယ်လို့ သူကဆက်ပြောပါတယ်။

“အများအားဖြင့် ဆေးရုံ၊ ဆေးခန်းတွေ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေယာဉ်ကြဲတာတွေ ပြုလုပ်လာတာကြောင့် လုံခြုံမှု မရှိဘူးပေါ့။ ကြိုတင် စိုးရိမ်ရတယ်။ ဆေးရုံသွားရမလိုလို ကြောက်ရမလိုလိုနဲ့ မသိတော့ဘူး။” လို့ အဆိုပါ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်ရဲ့ လူဦးရေ ၃ပုံ ၂ ပုံခန့်ဟာ နေရပ်ကိုစွန့်ခွာပြီး စစ်ရှောင်နေကြရတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအဖို့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြည့်အဝ မရရှိနိုင်ကြတဲ့အပြင် မွေးဖွားချိန်မှာလည်း အခုလိုစိုးရိမ်နေကြရတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ တချို့နေရာတွေမှာ ခွဲမွေးရမယ့် မွေးလူနာတွေအတွက် အဆင်မပြေဘူးလို့လည်း ကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။

“ဒီမှာ ဆေးပေးခန်းတော့ ရှိတယ်။ ဒါပေမယ့် ခွဲမွေးရမယ့် လူတွေအတွက်ဆို အဆင်မပြေဘူး”လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ကျန်းမာရေးလုပ်သား တစ်ဦးကပြောပါတယ်။

ကရင်နီပြည်မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီက လေကြောင်း အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ ၆ ခု နဲ့ ဆေးပေးခန်းတွေ ပျက်စီးခဲ့ရတယ်လို့ ကရင်နီဆရာဝန်များအစည်းအရုံးက ကန္တာရဝတီတိုင်း(မ်)ကို ပြောဆိုထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင် လူဦးရေ တစ်သောင်းနီးပါးရှိနေပြီး ကိုယ်၀န်ဆောင်မိခင်တွေ နဲ့ နို့တိုက်မိခင်တွေ ၈၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts