spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ပစ်ခတ်မှုရှိနေတဲ့အတွက် မီးရှို့သတ်ဖြတ်ခံရတဲ့ အရိုးစု မကောက်နိုင်သေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတစ်ဝိုက်မှာ လက်ရှိစစ်ကောင်စီကတပ်စွဲထားပြီး ပစ်ခတ်မှုရှိနေတဲ့အတွက် မီးရှို့သတ်ဖြတ်ခံရတဲ့ ပြည်သူတွေရဲ့ အရိုးစုကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ မကောက်နိုင်သေးဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“တစ်ဦးချင်းကိုတွက်တဲ့အချိန်မှာ ၂၇ဦးကို ရေတွက်လို့ရတယ် ဒါပေမယ့် ရေတွက်လို့မရနိုင်သေးတဲ့အခြေအနေတစ်ခုကတော့ ဒိုင်ဘာကားအလတ်ပေါ်မှာပေါ့ အစုအပြုံလိုက် မီးလောင်ကျွမ်းတဲ့ အရိုးစုတွေကိုတော့ စစ်လို့မရသေးဘူး အဲ့တစ်ခုရှိတယ်။အဲ့တော့ ကျနော်တို့က ဆက်ပြီးတော့မှ ဒီဟာကို ဆက်စုံစမ်းဖို့ကြိုးစားတဲ့အချိန်မှာတော့ စစ်ကောင်စီကလည်း အဲ့ဒီကနေ အဝေးမဆုတ်ဘဲနဲ့ အဲ့ဒီကနေ သူတို့မီးရှို့သတ်ဖြတ်ထားတဲ့နေရာဖက် အနီးလာတဲ့သူတွေကို သေနတ်တွေနဲ့ လက်နက်ကြီးတွေနဲ့ ပုံမှန်ပစ်ခတ်တာရှိတယ် မနေ့ကအထိလည်း တိုက်ပွဲ အဲ့နားတဂွင်မှာ ဆက်ဖြစ်နေသေးတယ်ပေါ့။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

မီးလောင်ကျွမ်းတဲ့အရိုးစု အရေအတွက်အရ ၂၇ဦးကို အတိအကျရေတွက်နိုင်ပေမယ့် ကျန်တဲ့အရိုးစုအရေအတွက်ကိုတော့ ရေတွက်လို့မရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က မီးလောင်ကျွမ်းတဲ့အရိုးစုသွားသယ်တဲ့သူတွေကို ပစ်ခတ်မှုရှိနေသလို တပ်စွဲထားလျက်ရှိပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့အလောင်းတွေကို ဖျက်ဆီးဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့မှ ပျောက်ဆုံးနေတဲ့ ဒေသခံ ၈ဦး၊ Save the Children ဝန်ထမ်းနှစ်ဦး၊ လောဂျာကျေးရွာမှ ၄ဦး၊ ခိုရားခူကျေးရွာမှ တစ်ဦးမှာ မိုဆိုကျေးရွာအနီးတစ်ဝိုက် အကြမ်းဖက်မှုဖြစ်စဉ်မှာ ပျောက်ဆုံးလျက်ရှိပြီး ၎င်းတို့စီးနင်းလာတဲ့ ကား၊ ဆိုင်ကယ်မှာ မီးလောင်ကျွမ်းတဲ့ထဲ ပါဝင်သွားတယ်လို့ သိရပါတယ်။

ပျောက်ဆုံးတဲ့ထဲ ဖရူဆိုမြို့ လောဂျာကျေးရွာက အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဖရူဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်ရင်း ဒုတိယအကြိမ် ထပ်မံရှောင်ရှားဖို့သွားတဲ့လမ်းမှာ ဆွေမျိုးတွေနဲ့အတူ မီးရှို့သတ်ဖြတ်ခံရတဲ့ပတ်ဝန်းကျင်နားမှာ ကားနှစ်ဦးနဲ့အတူ ပျောက်ဆုံးသွားတယ်လို့ ကျန်ရစ်မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“သေနတ်သံတွေ ဆက်တိုက်ကြားတော့ သူတို့ကို စိုးရိမ်တော့ ဖုန်းခဏခဏဆက်တယ်။ ဖုန်းကိုင်နေသေးတယ်။ ခဏနေတော့ ဖုန်းထပ်ဆက်မယ် ဆိုပြီးဆက်တော့ ဖုန်းမရတော့ဘူး။ အဲ့နောက်ပိုင်းပဲ။” လို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

ကလေးငယ်၊ အမျိုးသမီးအပါအဝင် မီးရှို့သတ်ဖြတ်ခံရတဲ့ ပြည်သူ (၃၅)ဦးရှိပြီး ရုပ်အလောင်းများမှာ မီးကျွမ်းပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သလို ဒန်ပါကား ၃စီး၊ ကားငယ် ၃စီး၊ ထော်လာဂျီ၊ ဆိုင်ကယ် ၅စီးမီးရှို့ဖျက်ဆီးခံရတယ်လို့ KNDF က အတည်ပြုထားပါတယ်။

ပျောက်ဆုံးသူတွေရဲ့စာရင်းကို လိုက်လံစုစည်းနေပြီး မီးရှို့ခံထားရသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပြီး အလောင်းတွေကို စနစ်တကျပြန်လည်သင်္ဂြိုလ်သွားမယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ကျနော်တို့စဉ်းစားတာကတော့ ကနဦးစဉ်းစားတာ ဒီအလောင်းတွေကို စနစ်တကျပြန်ကောက်မယ် ပြီးတော့မှ ဆွေမျိုးတွေကို စုံစမ်းပြီးတော့မှ ဘာသာရေးအရ ပြန်ပြီးသင်္ဂြိုလ်ဖို့အတွက် ဘာသာရေးအရလုပ်ဖို့အတွက် ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဘယ်လိုမှ မရသေးဘူးပေါ့နော။ ဒါပေမယ့် တစ်ခုလုပ်ဖို့ရှိတာက ပျောက်ဆုံးသွားနိုင်ခြေရှိသော စစ်ဘေးရှောင်တွေရဲ့ မိသားစုတွေ မဟုတ်လည်း စစ်ဘေးရှောင်တွေကျန်ခဲ့တဲ့မိသားစုဝင်တွေကို ပြန်စုံစမ်းဖို့ရှိတယ် အဲ့ဒီကနေ အခြေခံပြီးတော့မှ ကျားမဘယ်နှစ်ဦးပေါ့နော ဘယ်သူတွေလဲ ဘယ်ရွာကလဲ ဆက်လက်ဖော်ထုတ်ဖို့တော့ ကျနော်တို့လုပ်ထားတာရှိပါတယ်။” လို့ ဦးဗညားက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၄ရက်နေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲကြောင့် စစ်ရှောင်တဲ့ပြည်သူ၊ ခရီးသွားလာတဲ့ပြည်သူတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆိုပါ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မိုဆိုကျေးရွာအနီးမှာ ကင်းစခန်းချထားတဲ့ နယ်ခြားစောင့်တပ် ၄ ဦးကိုလည်း စစ်ကောင်စီက လက်ပြန်ကြိုးတုတ်ပြီး ပစ်သတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်ဟာ ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမဆန်တဲ့ ချိုးဖောက်မှုဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအပါအဝင် လူထုအရပ်ဖက်အဖွဲ့အစည်း(၅၉)ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြပါတယ်။

မိုဆိုကျေးရွာမနီးမှာ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့တပ်မ (၆၆)လက်အောက်ရှိ ခမရ (၁၀၈)မှ တပ်ဖွဲ့ဝင်တွေက ပြည်သူ(၃၅)ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

spot_img
spot_img