spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက မကြာခဏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ စတဲ့ တိုက်ပွဲ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီကနေပြီး မကြာခဏ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်တာတွေ ရှိနေပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက် ပျက်စီးတာတွေ၊ ပြည်သူလူထု ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတာဖြစ်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီ တပ်နဲ့ နီးတဲ့ ကျေးရွာက ဒေသခံတွေဟာဆိုရင် လက်နက်ကြီး ဒဏ်ကို ကြောက်နေရပါတယ်။

“ စိုးရိမ်ပူပန်မှုတော့ ရှိတာပေါ့။ ၂၄နာရီလုံး ရမ်းသန်းပြီးတော့ ပစ်နေတယ်ကော။ ထမင်းထိုင်စားနေရင်းနဲ့တောင်မှ ကိုယ့်ဘေးနား လက်နက်ကြီး ကျမလားဆိုပြီးတော့မှ တွေးပြီးကြောက်နေရတယ်။ ထမင်းတောင်မှ ကောင်းကောင်းမစားရတဲ့ အခြေအနေမျိုးမှာရှိနေတယ်။ “ လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း တနီးလားလဲကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွား ခြင်းမရှိတဲ့အချိန်တွေ၊ ညအချိန်၊ နံနက် ၁နာရီ စတဲ့ အချိန်တွေမှာ ပစ်ခတ်တာတွေရှိနေပြီး ပြည်သူတွေ အိပ်မောကျနေတဲ့အချိန်တွေမှာ ပစ်ခတ်တာတွေ ရှိနေပါတယ်။ လက်နက်ကြီး ပစ်သံကြားရင် ပြည်သူတွေက ဗုံးခိုကျင်း တူးထားတဲ့နေရာတွေ တချို့ဆိုရင် အိမ်ရှေ့ မြောင်းလေးတွေထဲမှာ ဖြစ်သလို ပုန်းနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“ သူ့ကို မထောက်ခံတဲ့ သူတွေ အားလုံး လက်နက်ကိုင် တော်လှန်တဲ့သူတွေ မဟုတ်ဘဲ နဲ့ တခြားသော ပြည်သူလူထု ကလေးသူငယ် အကုန်လုံးကို ရန်သူလို့ သဘောထား ပြီးတော့ သူ တိုက်ခိုက်နေတဲ့ သဘောပဲလေနော။ အဲ့ဒါကြောင့်မလို့ ဘယ်နေရာကျကျ ဘယ်နေရာထိထိ ဆိုပြီးတော့ သူပစ်တဲ့ သဘောပဲ ရှိတယ်လေ။ “ လို့ KNDF ဦးဆောင်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ ဧပြီလ နှစ်ပတ်အတောအတွင်း ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲ တွေမှာ စစ်ကောင်စီကနေပြီး လက်နက်ကြီး ပစ်ခတ်လျက်ရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ ဖရူဆို လောထောတနော ကျေးရွာအတွင်း မှာ ဧပြီ(၁)ရက်နေ့ နဲ့ (၁၇)ရက်မှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တချို့ ထိခိုက်ခဲ့သလို ရွာခံ အမျိုးသမီးတစ်ဦး လက်နက် အစ ထိမှန်ခဲ့ပါတယ်။

ဒီးမော့ဆို မြို့နယ် ဒေါစဲကျေးရွာမှာ ဧပြီ(၃)ရက်နေ့ နံနက်(၁)နာရီ က လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။ ဒီးမော့ဆို အရှေ့ဖက်ခြမ်း ထီးသဲကလိုးကျေးရွာမှာ ဧပြီ(၄)ရက် နံနက်(၄)နာရီချိန် ၁၂၀မမ လက်နက်ကြီး ကျရောက်ပြီး နေအိမ် ပျက်စီးခဲ့ပါတယ်။ ထီးဖိုးကလိုး ကျေးရွာတွေမှာလည်း ဧပြီ(၁၄)ရက် နံနက်(၁)နာရီမှာ ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပြီး အိမ်မွေးတိရိစ္ဆာန် တချို့ ထိခိုက် ခဲ့ပါတယ်။

ဧပြီ(၁၆)ရက် နံနက်(၆)နာရီချိန် လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာထဲ လက်နက်ကြီး ၄လုံး ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ ဧပြီ(၁၅)ရက်နေ့မှာဆိုရင်လည်း ခမရ ၄၂၂တပ်ကနေ လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး မိုးဗြဲမြို့ ရပ်ကွက်တွေထဲ ကျရောက်ပြီး ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

spot_img
spot_img

Recent posts