spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် တနီးလာလဲကျေးရွာက နေအိမ်တချို့ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက ယမန်နေ့ မတ်လ ၁၃ရက်နေ့ ညသန်ခေါင်ကျော် ၁နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ရွာမှာ အိမ်နှစ်လုံးထိသွားတယ်။ လက်နက်ကြီးက ရွာဘေးမှာကျတယ်။ ကျတာတော့ ကျနော်တို့ ကြားရတာကတော့ ငါးလုံးလောက်ကျတဲ့အသံတော့ ကြားရတယ်။ ဒါပေမယ့် ရှာတွေ့တာကတော့ ၃လုံးတွေ့တယ်။ လက်နက်ကြီးက ဘယ်လိုအမျိုးအစားလဲတော့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် ၁၂၀မမထက်တော့ ပိုကြီးတယ်။ ဒေသခံတွေကတော့ ရွာမှာပဲနေကြသေးတယ်။ တချို့ကတော့ တောထဲမှာသွားနေကြတယ်။ တော်တော်များများကတော့ တောထဲမှာ မနေနိုင်လို့ ရွာမှာပဲ နေကြတဲ့သူတွေပိုများတယ်။ “ လို့ တနီးလာလဲကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ညတိုင်းရမ်းသမ်းပစ်ခတ်နေတာတွေရှိပြီး ဒါဟာ အရပ်သားတွေကို အနှောင့်အယှက်ပေးနေတာ ဖြစ်နိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ ဘာကြောင့် သူတို့ အဲ့လို ပစ်လဲဆိုတော့ ကျနော်ထင်တာကတော့ အရပ်သားပြည်သူတွေကို အနှောင့်အယှက်ပေးတယ်။ သူတို့ပစ်တာက ည၉နာရီလောက်လေ။ မနက် ၁နာရီအဲ့လိုပေါ့နော။ အဲ့ဒီအချိန်တွေက လူတွေ အိပ်တော့မယ်အချိန်နဲ့ လူတွေ အိပ်မောကျနေတဲ့ အချိန်တွေလေ။ သူတို့ ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရင် ကျနော်တို့ ကတော့ စိုးရိမ်ပူပန်မှုတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ ရွာထဲမှာက ကလေးငယ်တွေလည်းရှိတယ်။ သက်ကြီးရွယ်အိုတွေလည်းရှိတယ်။ သက်ကြီးရွယ်အိုတွေက ညဘက်ပစ်လို့ ဗုံးခိုကျင်းတွေထဲ ပြေးပုန်းမယ်ဆိုရင်လည်း အခက်အခဲတွေ ရှိနိုင်တယ်။ ကလေးငယ်တွေလည်း လက်နက်ကြီးအသံတွေကြောင့် ကြောက်လန့်တာတွေလည်း ရှိနေတယ်ပေါ့နော။ “ လို့ တနီးလာလဲကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၂၁၂ဦးအထိရှိနေပြီး အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၉၃လုံး ရှိနေတယ် လို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက် ( KCSN ) က ၂၀၂၂ခုနှစ် မတ်လ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ခုနှစ် မေလကစပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက တိုက်ပွဲမှာ တိုက်လေယာဉ်၊ တင့်ကားတွေ လက်နက်ကြီးတွေပါ အသုံးပြုပြီးတိုက်ခိုက်နေတာ ရှိသလို တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကိုလည်း လာရောက်ဗုံးကျဲတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီက အခုလို တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေအထိ တိုက်ခိုက်လာတဲ့အတွက် အရပ်သားပြည်သူတွေ စစ်ရှောင်ဖို့ နေရာတွေ ရှားပါးလာပါတယ်။ နွေရာသီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေမှာ ရေရှားပါးမှုဒဏ်တွေကိုလည်း ကြုံတွေ့နေကြရပါတယ်။

spot_img
spot_img

Recent posts