spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက လွိုင်ကော်ပြည်သူ့ဆေးရုံကို ပြန်လည်ပတ်နေပြီး လုံလောက်တဲ့ ဆေးကုသမှုမရှိနေသေးဘူးလို့ ဒေသခံတွေဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် ပိတ်ထားခဲ့ရတဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ပြန်လည်ပတ်နေပြီး ပြည်နယ်အစိုးရအဖွဲ့က ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ဝေတဲ့ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ဆေးရုံတွေကို ပြန်လည်ဖွင့်လှစ်နေပြီလို့ ပြောဆိုနေပေမယ့် ဆေးဝါးကုသမှုခံယူဖို့ ခက်ခဲနေသေးတယ်လို့ လွိုင်ကော်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“ကျနော်ကတော့ သိပ်တော့မထင်ဘူး။ အဲဒီမှာတော့ သတင်းကတော့ သူ့ဟာနဲ့သူတော့ သွားနေမှာပဲ။ လာနေမှာပဲ ဒါပေမယ့် ကုန်စည်စီးဆင်းမှုကြည့်ရမယ်။ နောက်ပြီးတော့ ဒီဆေးရုံ ဆေးခန်းတွေ ရှိမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့နော။ အခုကလည်း ဆေးရုံဆေးခန်းတွေက အဆင်မပြေလောက်သေးပါဘူး။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စစ်ကောင်စီရဲ့ စစ်ဆေးရုံကို သွားရောက်ကြတယ်လို့ ဆိုပါတယ်။ စစ်ဆေးရုံဟာ တပ်ပိုင်းဆိုင်ရာ မိသားစုတွေအတွက် အဆင်ပြေပေမယ့် သာမန်လူထုတွေ သွားရောက်ဆေးကုသမှုခံယူဖို့အတွက် ခက်ခဲတယ်လို့လည်း ပြောဆိုကြပါတယ်။

“ဆေးရုံက ဖွင့်နေပြီဆိုပေမယ့် ဆေးရုံမှာ ဆရာ၊မ အလုံအလောက်မရှိသေးဘူး။ အဲဒါကြောင့် တစ်ခုခုဖြစ်ရင်တော့ စစ်ဆေးရုံကိုပဲ သွားရတယ်။“ လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့မှာလည်း လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးကုသမှုဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကုတင် ၅၀၀ ဆန့် ပြည်နယ်ပြည်သူ့ဆေးရုံဖြစ်တဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးဟာ ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုနဲ့ ပြန်လည်ပတ်နိုင်ခဲ့တာလို့လည်း ဆိုထားပါတယ်။

လွိုင်ကော်မြို့မှာ တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီး ၆ လကျော်အကြာမှာ မြို့ရဲ့ ကျေးရွာ၊ရပ်ကွက်တချို့တွေမှာတော့ ဒေသခံတွေ ပြန်လည်နေထိုင်ကြပေမယ့် အနည်းအကျဥ်းသာ ရှိနေပါသေးတယ်။

“ပြန်နေတဲ့လူကတော့ ရပ်ကွက်ပေါင်းစုံတော့ ပြန်နေတာတော့ မရှိသေးပါဘူး။ ဘယ်လိုပြောရမလဲဆိုရင် လောဓမတို့ ဒေါတမတို့ ဧက ၅၀၀ တို့ အဲဒီဘက်တွေတို့ နောက်ပြီးတော့အဲဒီဘက်တော့ ကြည်သာယာပေါ့နော။ အဲဒီဘက်တွေတော့ နည်းနည်းနေထိုင်လို့တော့ အဆင်ပြေတယ်ပေါ့။ အခြားရပ်ကွက်တွေတော့ သိပ်ပြီးတော့ အဆင်မပြေသေးဘူးဗျ။” လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ လွိုင်ကော်မြို့ကို ပြန်လည်ပတ်နိုင်ဖို့ နေရပ်ပြန်သူတွေကို တောင်ယာစိုက်ပျိုးရာမှာ လိုအပ်တဲ့ မျိုးစေ့၊ မြေသြဇာ စတာတွေကို ထုတ်ပေးတာမျိုး ပြုလုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း လွိုင်ကော်မြို့ရဲ့ နောင်ယား၊ နာနတ်တော၊ ထေးဌားလျား၊ မှုံပြာ စတဲ့ရပ်ကွက်နဲ့ မိုင်းလုံးရပ်ကွက်အနီးက GTC ကျောင်းအနီးမှာ နှစ်ဖက်ထိတွေ့မှု ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts