spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက လွိုင်ကော်မြို့မှာ သန်းခေါင်စာရင်း ကောက်ယူနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်ြမို့၊ ထေးသမရပ်ကွက် ဒေါဆော်ဘီး ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက တအိမ်တက်၊ တအိမ်ဆင်းပြီး သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယခုလို ကောက်ခံတဲ့အကြောင်းရင်းကို သေချာမသိရပေမဲ့ အိမ်တိုင်းကို အချက်အလက် အသေးစိတ် မေးမြန်းကောက်ယူသွားတယ်လို့ လွိုင်ကော်မြို့ နယ် ဒေါဆော်ဘီးကျေးရွာမှ ဒေသခံတဦးက ပြောပါတယ်။

“ အဓိက သူတို့ သိချင်တာက ဒီအိမ်မှာ မိသားစု ဘယ်နှစ်ယောက်ရှိလဲ။ ရှိတဲ့ မိသားစုဝင်တိုင်းကရော ဘာအလုပ်တွေလုပ်လဲ။ ပြီးတော့ လူမှုဘဝတိုးတက်မှုပုံစံပေါ့။ ဘယ်လောက်ပြောင်းလဲသွားလဲ။ ဘယ်လိုပြောင်းလဲသွားတာလဲ။ အရင်က ပျဥ်ထောင်အိမ်နဲ့ အခုက တိုက်အိမ်နဲ့လား။ အိမ်မှာ အခန်းဘယ်နှစ်ခန်းပါလဲ။ အဲဒီအိမ်က လင်မယားဆိုရင် ဘယ်အချိန်တုန်းက လက်ထပ်ထားကြတာလဲ။ အဲဒီလို အသေးစိတ်အထိမေးတယ်။ ” လို့ သူက ပြောပါတယ်။

အဲဒီလို အသေးစိတ်မေးခွန်းပေါင်း ၆၀ ကျော် အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အိမ်တိုင်းကို သန်းခေါင်စာရင်း လိုက်လံကောက်ခံနေတာ နှစ်ရက်ဆက်တိုက်ရှိသွားပါပြီ။ ဒေသခံတချို့ကတော့ ဒီလိုကောက်ခံမှုအပေါ် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဘာအတွက်ကောက်တာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းပြောပြသင့်တယ်ပေါ့နော။ တချို့ဆို ဘာအတွက်မှန်း မသိရဘူး။ လာကောက်လို့ စာရင်းပေးရတာပဲရှိတယ်။ လာတာကတော့ အကုန်လုံး စာရင်းကောက်တဲ့သူပါပါဆိုရင် ရှစ်ယောက်လောက်ရှိမယ်။ ရဲတချို့ကလည်း လုံခြုံရေးယူပေးတာရှိတယ်။ တခြားရွာတွေ ရပ်ကွက်တွေမှာ အခုလို ကောက်တာမျိုးတော့ မကြားသေးဘူး။ ” လို့ လွိုင်ကော်မြို့တွင်းက ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို လွိုင်ကော်မြို့က ဒေါဆော်ဘီးကျေးရွာနဲ့ ရွှေတောင်ရပ်ကွက်တွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့ကနေ စမ်းသပ်ကောက်ယူလျက်ရှိတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတခုဖြစ်တဲ့ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နဲ့အဖွဲ့ဟာ အောက်တိုဘာလ ၃ ရက်နေ့က ထေးသမရပ်ကွက် ဒေါဆော်ဘီးကျေးရွာကို သွားရောက်ပြီး သန်းခေါင်စာရင်းကောက်ယူနေမှုကို ကြည့်ရှုခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts