spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို လေယာဥ်နဲ့ ဗုံးကြဲပြီး ကျောင်းသား ၄ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ( ဖေဖော်၀ါရီလ ၅ ရက်နေ့ ) မှာ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက တိုက်လေယဥ်နဲ့ လာရောက်ဗုံးကြဲခဲ့ပြီး ကျောင်းသား ၄ ဦး သေဆုံးသွားတယ်လို့ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဥ်မှာရှိနေခဲ့တဲ့ အလယ်တန်းပြကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ချက်ချင်းတော့ ၄ယောက်တော့ ကျသွားတယ်ပေါ့နော။ ဒဏ်ရာရတာကတော့ ဒဏ်ရာအကြီးကတော့ ၉ယောက်ရတယ်။ အစအန ရတာတော့ အများကြီးပါပဲ” လို့ အဆိုပါ ဆရာမက ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီခွဲ ၀န်းကျင်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသား ၄ ဦးလုံးက အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲမှုကြောင့် ကျောင်းဆောင်တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်စဥ်မှာ မြန်ဆန်တာကြောင့် ကျောင်းသားတွေနဲ့အတူ ဆရာ၊ဆရာမ တွေကလည်း အချိန်မှီ တိမ်းရှောင်နိုင်ခြင်း မပြုလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ဒီမနက် လေယာဉ်ဝဲတယ် ရောက်လာပြီး တန်းမပစ်သေးဘူး။ ပြီးမှပဲ လိုက်ပစ်တာ။ လေယာဉ်ကြဲတဲ့အသံ ဒီးမော့ဆိုတစ်မြို့လုံးကြားရနိုင်တယ် အကျယ်ကြီးပဲ။ လူစိတ်မရှိတော့ဘူး သူတို့ကောင်တွေ(စစ်ကောင်စီ)။ စာသင်ကျောင်းဆိုတာ ကလေးတွေပဲရှိတာ စာသင်နေကြတာ။ ပစ်မှတ်ထားပြီး လုပ်ရက်တယ်။ ခုကြားတာကတော့ ကလေး လေးယောက်သေတယ်လို့တော့ သိထားတယ်။ စိတ်မကောင်းတာနဲ့ ဒေါသထွက်တာကလွဲပြီး ကျန်တာမပြောတတ်တော့ဘူး” လို့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနီးမှာ ရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စာသင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အခုလို ပစ်ခတ်မှုကို အရေးယူပေးဖို့လည်း ကျောင်းဆရာမ က တောင်းဆိုထားပါတယ်။

“ဒါက ပြစ်မှုကျူးလွန်ရာရောက်တယ်ပေါ့နော။ အပြစ်မဲ့တဲ့ ကလေးတွေကို ဒီလိုဦးတည်ပြီးတော့မှ လာရောက် ရမ်းသမ်းပစ်ခတ်တာကိုလုပ်ခြင်းအားဖြင့်က တကယ်ပြစ်မှုကြီးတစ်ခုပါပဲနော့။အဲတော့ ဒီလိုမျိုးအပြစ်မဲ့တဲ့ ကလေးတွေအပေါ် မှာ ဒီလိုမလုပ်ဖို့ ကျမအနူးညွတ်တောင်းပန်ပါတယ်။ မိဘဖြစ်ရသူကလည်း အရမ်းကြေကွဲတယ်။ ကျမကိုယ်တိုင် မိဘမဖြစ်ပေမဲ့လည်း သင်ကြားပေးတဲ့သူ တစ်ယောက်အနေနဲ့ ကျမအရမ်း ကြေကွဲလည်း ကြေကွဲတယ်။ လာရောက်လုပ်ဆောင်သွားတဲ့ လူကိုလည်း ကျမ အရမ်းလည်း စိတ်နာတယ်။ နောက်နောင်ကျ ဒီလိုမလုပ်ပါနဲ့။ ဒီလိုဖြစ်သွားတဲ့ အရာတွေကလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူပေးဖို့ ။ တစ်ကယ်အပြစ်မဲ့တဲ့ ကလေးတွေပါလို့” လို့ အဆိုပါ ကျောင်းဆရာမ ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းသား အယောက် ၂၀၀ ကျော် ပညာသင်ကြားနေတဲ့ ကျောင်းဖြစ်ပါတယ်။

အလားတူပင် ဒီကနေ့မှာဘဲ အထက်တန်းကျောင်း တစ်ကျောင်းကိုလည်း တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့ပြီး လူအထိခိုက် မရှိဘူးလို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ တရက်တည်းမှာ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို သုံးနေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ရပ်ကွက်အနီးမှာ စစ်ကောင်စီကလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် တစ်လနဲ့ ၅ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၅ ဦးအထိ ရှိလာခဲ့ပြီး ၄ ဦးမှာ ကလေးငယ်တွေ ဖြစ်ပါတယ်။

spot_img
spot_img