ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုနဲ့ ဒေါညေးခူ ကျေးရွာမှာ ပြည်သူတွေရဲ့နေအိမ် အလုံး(၄၀)ကို စစ်ကောင်စီတပ်တွေက ဩဂုတ်လ(၂၄)ရက်ကနေ (၂၆)ရက်နေ့တွေအတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ကဆိုပါတယ်။
“ စစ်ကောင်စီကတော့ သူတို့ ဝင်ပြီးတော့မှ ရွာကနေ ထွက်ခါနီး မှာ အမြဲတမ်းအိမ်တွေကို ရှို့တဲ့အကျင့်ရှိတယ်။ အဲဒီဖက် စစ်ပွဲခြေနေကလည်း သူတို့က ဒေါညေးခူ၊ ထီးပေါ်ဆိုဖက် ရောက်ပြီဆိုတော့ သူတို့အဲဒီကနေအထွက် ဖရူဆိုဖက် ဆက်ဆင်းဖို့ရှိတယ်ဆိုတော့ အဝင်မှာ ခိုတယ် အထွက်မှာ အိမ်မီးရှို့တဲ့ဟာတွေပေါ့။ အဲဒါလုပ်နေကျအကျင့်တစ်ခု ဒါခန့်မှန်းလို့ရတယ်။ “ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။
ယမန်နေ့ (ဩဂုတ်လ ၂၆ရက်)မနက်ပိုင်းမှာ ဒေါညေးခူရွာ က ပြည်သူနေအိမ် (၁၀)လုံးထက်မနည်း မီးရှို့ခဲ့ပြီး ထီးပေါ်ဆိုကျေးရွာမှာလည်း ဩဂုတ်လ (၂၄)ရက် ကနေ (၂၆) ရက်အထိ အိမ်ခြေ (၆၀)ကျော်ရှိတဲ့အထဲ အိမ်ခြေ အလုံး (၃၀) ထက်မနည်း မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ထိတွေ့တိုက်ပွဲတွေအတွင်း ကျဆုံးသွားတဲ့ သူတို့ရဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းကို နေအိမ်ထဲထည့်ပြီး မီးရှို့တာဖြစ်နိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဦးဗညားက သုံးသပ်ပါတယ်။
ဩဂုတ် (၂) ရက်နေ့ က စပြီး ဒီးမော့ဆိုကနေ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထီးပေါ်ဆိုကျေးရွာ နေအိမ် (၅) လုံးနဲ့ ဒေါညေးခူကျေးရွာ နေအိမ် (၂) လုံး စုစုပေါင်း (၇) လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် က ယမန်နေ့က သတင်းထုတ်ပြန်ထားတာလည်းရှိပါတယ်။
လက်ရှိ စစ်ကြောင်းထိုးနေတဲ့ လမ်းတလျောက်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်အရေအတွက် အတိအကျကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ အသေးစိတ် မသိရှိရသေးပါဘူး။
ဒီးမော့ဆို−ဖရူဆိုပြည်ထောင်စုလမ်းမကြီး တလျောက် မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီဖက် အထိနာကာ ပြည်သူနေအိမ် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ KNDFထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
စစ်ကောင်စီဖက်ကလည်း နေ့စဥ်နီးပါး လေကြောင်း၊ တာဝေးပစ်လက်နက်ကြီးစတာတွေနဲ့ တိုက်ခိုက်တာလည်းရှိပြီး ပြည်သူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးထိခိုက်ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။