spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ခဲ့၊ လက်နက်ခဲယမ်းများသိမ်းဆည်းမိ

ကန္တာရဝတီတိုင်း( မ် )

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ )စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၆ နာရီ ခွဲမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်ပိုင်းအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဖက် ၁၀ ဦးသေဆုံးသလို KA၊ KNDF ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ စခန်းစတိုက်တာက မနက် ၆ နာရီခွဲ စခန်းကတော့ ၁၄၄၁ ဆိုတဲ့ စခန်းတစ်ခုကတော့ ရတယ်။ ရတော့ အဲဒါမိနစ်ပိုင်းပဲရတယ်။ အဲဒီမှာ ဟိုရှင်းလင်း ဒီရှင်းလင်းနဲ့ ၈ နာရီလောက်မှာ သူတို့ လေယာဉ် ၅ စီးလောက်လာတယ်လေ။ လာပြီးတော့မှ လေယာဉ်တစ်စီးကို သုံးခေါက် ထိုးဆင်းပြီးတော့မှ လက်နက်တွေ လေယာဉ်တင်တဲ့ လက်နက်မျိုးပေါ့။ လေယာဉ်ပေါ်ကနေ ပစ်တဲ့ လက်နက်မျိုး စက်လတ်တွေပေါ့။ ပွိုင့်ဖိုက်တို့ပေါ့။ နောက်ပြီး ဗုံးသီးတွေပေါ့။ လာကျဲချတဲ့ အချိန်မှာတော့ ပြန်ဆုတ်လိုက်ရတယ်ပေါ့။ ” လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

အဲဒီစခန်းဟာ ထိုင်း-ကရင်နီနယ်စပ် BP-12 ကောက်ကောက်စခန်း အနီးမှာရှိပြီး စစ်ကောင်စီရဲ့ ခလရ ( ၁၃၅ ) ၊ ခလရ ( ၅၄ )၊ အမြောက်တပ် အမှတ် ( ၃၆၀ ) တို့ အခြေပြုတဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

“ သူတို့က နယ်စပ်စခန်းတွေမှာ စိုးမိုးကုန်းဆိုတာ သူတို့ရှိတယ်။ စိုးမိုးကုန်းဆိုတာက စစ်ဗျူဟာကျတယ်။ အရေးပါ အရာရောက်တယ်။ အဲဒီလိုမျိုးပေါ့။ ပြီးတော့မှ ဒီနယ်စပ်မှာဆိုလို့ရှိရင် နိုင်ငံတကာရဲ့ရန်ကို ကာကွယ်ဖို့ ဆိုအဲဒီလိုမျိုးပြောတာရှိတယ်။ ဆိုတော့ အဲဒီလိုမျိုး စခန်းမျိုးက သူတို့ အသေခံစခန်း မဆုတ်တမ်းစခန်း သူတို့ အဲဒီလိုမျိုး ပြောထားတယ်။ အဲဒီလို စခန်းမျိုးက တက်ထိုင်လို့ မရဘူးပေါ့နော။ နောက်သူတို့အတွက်က အဲဒီလို အရေးပါတာပေါ့။ ” လို့ ခူညေးရယ်က ဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်တွေဖြစ်တဲ့ ၁၂၀မမ လက်နက်ကြီး ၁ လက်၊ ၉ မမ ( ၁ ) လက်၊ ငါးကျင်းမြီးစက်လတ် ( ၁ ) လက်၊ MA -2 ( ၃ ) လက်၊ MA -4 ( ၁ ) လက်၊ အမျိုးအစားမသိ လက်နက် ၂ လက်နဲ့ ဗုံးသီး၊ ကျည်ဆံခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် စစ်ကောင်စီစခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ဖို့ ပြုလုပ်နေစဉ် စစ်ကောင်စီဘက်က စစ်ဂျက်လေယာဉ် ( ၅ ) စီးနဲ့ လာရောက်ပြီး စက်သေနတ်တွေ၊ ဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးအကုန်ဆောင်းရာသီကာလအတွင်းတွေမှာ ဝေးလံခေါင်ဖျားတဲ့ တပ်စခန်းတွေဆီ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ပိုဆောင်လေ့ရှိပါတယ်။ တော်လှန်ရေးအင်အားစုဘက်ကလည်း မကြာခဏဖြတ်တိုက်တဲ့အတွက် ရိက္ခာအခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း နယ်စပ်ဒေသတွေမှာ တိုက်ပွဲပေါင်း ( ၇ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ( ၄၀ ) ဦး​သေဆုံး၊ဒဏ်ရာရရှိသူ ( ၂၀ ) ဦးရှိနိုင်တယ်လို့ KA စစ်သတင်းမှတ်တမ်းအရ သိရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီး စစ်ကောင်စီ ဗျူဟာမြောက် မယ့်စလောင်းတောင် စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းသိမ်းဆည်းရမိခဲ့ပါတယ်။

ဓာတ်ပုံ – KMIC
spot_img
spot_img