spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်စခန်း သွားရောက်တိုက်ခိုက်မှုတွေမှာ လက်နက်အင်အားမမျှတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ ကယန်းသာယာကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ စခန်းကုန်းကို ယမန်နေ့ (စက်တင်ဘာလ ၂၆ရက်) က ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် လက်နက်အင်အား မမျှတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ KNDF တပ်ရင်း (၁၄)ထုတ်ပြန်ချက်အရ သိရပါတယ်။

“ တိုက်ပွဲအတွင်း၌ အသာစီးရခဲ့သော်လည်း ကျည်အင်အားမလောက်ခြင်း၊ လက်နက်ကြီးအင်အားနည်းပါးခြင်း၊ ရန်သူဖက်မှ လက်နက်ကြီးဖြင့် တရစပ် ပစ်ခတ်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါသည် “လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ စက်တင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းမှာ ဒီးမော့ဆိုကုန်းသာကျေးရွာ အတွင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KRU နဲ့ DMO-PDFတပ်ရင်း Aတို့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

ကယန်းသာယာ ကျေးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုမှာ မနက် ၆ နာရီဝန်းကျင်ကနေ ၉နာရီခွဲဝန်းကျင်အထိ တိုက်ပွဲ ၃နာရီ ကြာမြင့်ခဲ့ပြီး ကုန်းသာ တိုက်ပွဲမှာ ညနေ ၄နာရီခွဲကနေ ၆နာရီကျော်အထိ ၂နာရီဝန်းကျင် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော် တိုက်ပွဲမှာတော့ အနီးနား ကျေးရွာတွေက ရှိနေတဲ့ ဒေသခံတချို့ ထပ်မံတိမ်းရှောင်ခဲ့ကြရပြီး ကယန်းသာယာ၊ နွားလဝိုးကျေးရွာ ဒေသခံ အများစုကတော့ ယခက်ကတည်းက စစ်ရှောင်နေခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၂၅၀ အမြောက်တပ်မှ လက်နက်ကြီး အလုံးရေ ၃၀ ထက်မနည်း ပစ်ခတ်တာတွေရှိပြီး ကယန်းသာယာနဲ့ အနီးအနားက ကျေးရွာထဲ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ပျက်စီးတာကတော့ နည်းနည်းတော့ များတယ်ပေါ့။ များတယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဆက်မပြတ်ထုနေတဲ့ဟာတွေကျတော့ အဲ့ဒီရွာထဲမှာ ကျတာတော့ ခပ်များများဖြစ်တယ်ပေါ့။ လမ်းမကြီး အရှေ့ကော အနောက်ပေါ့။ “ လို့ ဒေသခံအမျိုးသားတစ်ဦး က ပြောပါတယ်။

လွိုင်ကော်တိုက်ပွဲမှာ စစ်ကောင်စီဖက် ၂ဦး ကျဆုံး ၊ ၅ဦးအထက် ထိခိုက်ဒဏ်ရာရနိုင်ပြီး ထိခိုက်ကျဆုံးမှု များနိုင်တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။ ဒီးမော့ဆို ကုန်းသာ တိုက်ပွဲမှာတော့ စစ်ကောင်စီဖက် ၁၅ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဖက် ၁ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ဒေသတွေ၊ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေ မှာဆိုရင် ပြည်သူလူထုအနေနဲ့ သတိထား သွားလာကြဖို့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေထဲ တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ ကျနော်တို့ စစ်ရေးဖော်ဆောင်နေတဲ့ အတောအတွင်းမျိုးမှာ စာတွေဘာတွေ ထုတ်ထားတာတွေရှိတယ်ပေါ့နော။ မသွားလာဖို့ ဆိုတာမျိုးတွေကိုတော့ နည်းနည်းလေး လူထုတွေ အလေးထားစေချင်တယ်ပေါ့နော။ တခါတလေ ကျနော်တို့ လုပ်ကိုင်ရတာက နည်းနည်းခက်တယ်ပေါ့။ လူထုမျက်နှာကို ကြည့်ရတာကတစ်ဖက် အလုပ်ကတစ်ဖက် အဲ့လိုမျိုးဖြစ်တော့ အဲ့ဟာက နည်းနည်း အဟန့်အတားတော့ ဖြစ်တာပေါ့။ “

လွိုင်ကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်းအတွင်းရှိ ပွိုင့်ဖိုက် စက်သေနတ်တစ်လက် ကို ပူးပေါင်းတပ်ဖွဲ့ဖက်ကနေပြီး RPGနဲ့ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ကရင်နီတပ်မတော် ၊ KNDF တပ်ရင်း ( ၂၊ ၁၂၊ ၁၄ ) ၊ Loikaw PDF၊ KRG Forces၊ SSRYတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts