spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်စွဲထားတဲ့ မိုးဗြဲမြို့ပေါ်က ရပ်ကွက်အတွင်း ဝင်ထွက်လို့မရ၊ စစ်ကောင်စီက ပစ်ခတ်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့ပေါ်က ရပ်ကွက်တချို့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီက တပ်စွဲထားဆဲဖြစ်ပြီး ရပ်ကွက်အတွင်း ဝင်ထွက်တဲ့ ဒေသခံတွေကို ပစ်ခတ်မှုရှိနေတာကြောင့် ဒေသခံတွေက မိမိတို့ နေအိမ်ကို ပြန်လာလို့ မရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ပြန်လို့မရသေးပါဘူး အဲ့ဖက်လုံးလုံး ပြန်လို့မရသေးဘူး။ ပြည်ထောင်စု လမ်းမကြီးရဲ့အပေါ်ပိုင်းပေါ့နော။ အရင်က ဘုရားကျောင်းဖက် တိုက်ပွဲဖြစ်တဲ့ဖက်ဆို ခုထိပြန်လို့မရသေးဘူး။ စစ်ကောင်စီက အဲ့မှာ တပ်စွဲထားတာလည်း ကြာပါပြီ။ ပစ္စည်းပြန်ယူရင်းနဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသားနှစ်ဦးဆိုရင်လည်း အခုချိန်ထိ ရုပ်အလောင်းမရဘူးပေါ့။ အဲ့မှာပဲ ရက် ၂၀ လောက်တောင်ကြာနေပြီ။ အဲ့ဖက်က ဝင်ထွက်လို့မရဘူး အဲ့ဖက်ကို သူတို့(စစ်ကောင်စီ) က မဝင်ထွက်ခိုင်းဘူးပေါ့။ တချို့ဆိုရင် လမ်းတွေတားထားတယ်။ တော်တော်များများ ဝင်မရဘူး လမ်းအပေါ်ဖက်ဆိုရင်။”လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းက မိမိနေအိမ်မှာ ရိက္ခာပြန်ယူတဲ့ အရပ်သား ဒေသခံတွေကို စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၇၀ ကျော် အမျိုးသမီး ထိမှန်သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် အခြားသော ပစ်ခတ်ခံရသူတွေလည်း ရှိနေပြီး လက်ရှိအချိန်ထိ သေဆုံးတဲ့ ရုပ်အလောင်းကို ပြန်မကောက်နိုင်သေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မြို့ပေါ် (၁၄)ရပ်ကွက်ရှိတဲ့အနက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ပွဲကုန်း (၁)ရပ်ကွက် ၊ (၂)ရပ်ကွက်၊ (၃)ရပ်ကွက်၊ စည်ကား (၁) ရပ်ကွက်၊ (၃) ရပ်ကွက် ၊ ဟိုက်ကွီ စတဲ့ ရပ်ကွက်အတွင်းကို ဝင်ထွက်လို့မရသလို လွယ်ယင်းမင်္ဂလာ ကျေးရွာဖက်ကိုလည်း ပြန်လည်နေထိုင်လို့ မရသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာလည်း တောင်ယာ၊ လယ်ယာ လုပ်ငန်း ကာလဖြစ်တဲ့အတွက် မိုးဗြဲမြို့ပေါ် မှာ နေထိုင်ဆဲဖြစ်တဲ့ ဒေသခံတောင်သူတွေဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်ကြရပြီး မိမိတို့ရဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သွားလာလို့ရတဲ့ရပ်ကွက်တွေက အမှန်တော့ မနေသင့်ဘူး။ ဒါပေမဲ့လည်း မတတ်သာလို့ နေနေရတယ်ပေါ့နော။ လုပ်ထားတဲ့တောင်ယာတွေ စိုက်ခင်းတွေရယ် စစ်ရှောင်ဖို့ စရိတ်မရှိတဲ့သူတွေပေါ့နော။ အိမ်မှာပဲနေမယ် ကိုယ့်ပစ္စည်းကို ထိန်းသိမ်းတဲ့အနေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေလည်း အများကြီး ကျန်တယ်ပေါ့နော။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မိုးဗြဲမြို့ပေါ် ရပ်ကွက်၊ ကျေးရွာအတွင်း နေထိုင်ကြတဲ့ ဒေသခံတွေဟာ စစ်ကောင်စီတပ်သားတွေကို လူဦးရေ စာရင်းပေးပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

လတ်တလော မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မိုးဗြဲမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမကြီးမှာတော့ စစ်ကောင်စီတပ်စွဲထားမှုရှိပြီး ခရီးသည်တင်ယာဉ်လိုင်းနဲ့ ကုန်တင်ကား သွားလာမှုတွေရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့မှာ ဒေသခံ အများစုဟာ စစ်ဘေးရှောင်ကြရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်လာခြင်းမရှိကြသေးပါဘူး။

spot_img
spot_img

Recent posts