spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရွာသစ်မြို့ထဲ ဒေသခံငါးရာဝန်းကျင် ပိတ်မိနေပြီး ဆက်သွယ်ရေးခက်ခဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်တပ်စွဲထားတဲ့ ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့အတွင်းမှာ မြို့ခံ ၅၀၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက မြို့ခံတွေကို မြို့ပြင် ထွက်ခွင့်တွေ ပိတ်ပင်ထားတယ်လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြို့ပတ်ပတ်လည်လည်ကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့အတွက် မြို့ပြင်ထွက်သည်ဖြစ်စေ၊ မြို့ထဲကို ဝင်လာသည်ဖြစ်စေ တွေ့ရှိရင် ပစ်ခတ်တာကြောင့် ပိတ်မိနေသူတွေ မထွက်သွားရဲတဲ့အပြင် မြို့အပြင်က ပြန်ဝင်လာချင်တဲ့သူတွေလည်း ကြောက်ရွံ့နေကြတယ်လို့ဆိုပါတယ်။

“အပြင်ထွက်ရင်လည်း ပစ်တယ်၊ မြို့ထဲဝင်ရင်လည်း ပစ်တယ်။ ဝင်လာတဲ့သူတွေ တွေ့ရင်လည်း ပစ်သတ်တယ်။ မြို့ထဲကနေ ထွက်သွားတာတွေ့ရင်လည်း ပစ်သတ်တယ်လို့ ကျနော်တို့ ကြားတယ်။” လို့ ရွာသစ်မြို့ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ မြို့ပြင်ကို ထွက်သွားဖို့ ပြင်ဆင်နေတဲ့ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားသလို မြို့ထဲကို လမ်းလျှောက်သွားသူ နှစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ သတင်းကြားရပြီး အတိအကျကိုတော့ မသိရှိရသေးဘူးလို့ အဆိုပါ ဒေသခံက ပြောပါတယ်။ မြို့ခံတွေကို ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတာ ဖြစ်နိုင်ပြီး လတ်တလောမှာတော့ မြို့တွင်းမှာ ကျန်ရှိခဲ့တဲ့ သူတွေနဲ့ ဆက်သွယ်လို့ မရဘူးလို့ အဆိုပါနီးစပ်တဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“သူတို့ကို ဆက်သွယ်ဖို့ ဖုန်းလည်း တစ်ယောက်မှ မရဘူး။ ဘယ်လိုဆက်သွယ်ရမလဲဆိုတာလဲ မသိတော့ဘူး။ တော်တော်ခက်တယ်။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ မြို့တွင်းမှာ ကျန်ရှိခဲ့တဲ့သူတွေဟာ ဘုန်းကြီးကျောင်းမှာ စုစည်းနေထိုင်ကြပြီး ရှိတဲ့ စားနပ်ရိက္ခာတွေကို မျှဝေစားသုံးကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ရွာသစ်မြို့ ပတ်ပတ်လည်ကို ထိန်းချုပ်ထားတာဖြစ်ပြီး ရေရှည်ပိတ်မိနိုင်တဲ့အတွက် အဘက်ဘက်မှာ စိုးရိမ်နေရကြောင်း ပြီးခဲ့တဲ့ လပိုင်းက ကြိုတင်တိမ်းရှောင်လာနိုင်ခဲ့တဲ့ ရွာသစ်မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်က ပေးမထွက်ဘူး။ သူတို့ ခွင့်ပြုချက်မပါပဲ ထွက်ရင် ပစ်တယ်။ ၁၁ ရက်နေ့
အမျိုးသမီး ခြောက်ယောက် ဖမ်းသွားတယ် ပြောတယ်။ စားသောက်တာတော့ အိမ်ကို ပြန်ခိုင်းတော့ ပြန်ယူပြီး ဘုန်းကျောင်းမာ စားသောက်ကြတယ်။ ဆိုင်တွေမှာ ပြန်ယူပြီး ဘုန်းကြီးကျောင်းမှာ ပြန်ရောင်းကြတယ် ဆေးတွေ၊ စားစရာတွေ ခုလောလောဆယ်တော့ ရှိသေးတယ်။ နောက်ပိုင်း အဲတာတွေကုန်ရင် ဘာလုပ်ရမလဲ စိတ်ပူတာ။” လို့ အဆိုပါ ရွာသစ်မြို့ခံက ပြောပါတယ်။

မနေ့က ဇူလိုင်လ ( ၁၂ ) ရက်နေ့မှာလည်း ရွာသစ်မြို့အနီးဘက်မှာ တိုက်ပွဲဖြစ်ပွားသံကြားရပြီး လေယာဉ်ဗုံးကြဲတိုက်ခိုက်တဲ့အသံကိုလည်း အဝေးကနေကြားရတယ်လို့ ရွာသစ်မြို့နယ်အနီးက ဒေသခံတွေဆီကနေ သိရှိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကရင်နီပြည်ကို တပ်အင်အားတွေ ဆက်လက်ဖြည့်တင်းနေဆဲဖြစ်ပြီး တပ်မ ၄၄၊ တပ်မ ၅၅၊ တပ်မ ၆၆၊ တပ်မ ၇၇ ၊ တပ်မ ၉၉ စတဲ့ တပ်မ လေးခုအပြင် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊ (စကခ ၁၈) လက်အောက်ခံ တပ်ရင်းများကိုပါ ကရင်နီပြည်ကိုပို့ဆောင်ထားပြီး စစ်ကြောင်းများခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းတပ်မ ၆၆ တပ်ရင်းရဲ့ လက်အောက်ခံတပ်ရင်းများဖြစ်တဲ့ ခလရ(၁) (မင်းလှစစ်ကွင်း)၊ ခလရ-၁၁ (ဝါးယားချောင်း)၊ ခလရ -၁၄ (ပြည်) ၊ ခလရ-၃၅ (သာယာ၀တီ) ၊ ခလရ-၈၀ (အင်းမ) ၊ ခလမ-၄ (အင်းမ)၊ ခမရ-၅ (အင်းမ)၊ ခမရ-၆ (အုတ်ဖို) ၊ ခမရ-၁၀ (စမ္ပယ်) ၊ ခမရ- ၁၀၈ (ဓနုဖြူ) တပ်ရင်းများက စစ်ကောင်စီတပ်ရဲ့ အားထားရတဲ့ တပ်ရင်းများဖြစ်ပြီး ကရင်နီပြည်ကို ထိုးစစ်ဆင်၀င်ရောက် တိုက်ခိုက် နေရတဲ့ တပ်ရင်းများဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက ဇူလိုင်လ ၁၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်မှာ အထိနာတာကြောင့် ကရင်နီပြည်ရဲ့စစ်ရေးအခြေအနေကို ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းက ကိုယ်တိုင်ဦးစီးစီမံနေတယ်လို့ သိရှိရပါတယ်။

spot_img
spot_img

Recent posts