spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းခဲ့တဲ့ ဂရုဏာဆေးခန်းပိတ်သိမ်းခံရ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ကစ်သလစ်ဘုရားကျောင်းဝန်းကို ရဲ၊ စစ်သား ပူးပေါင်းတဲ့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီးနောက် ကျောင်းဝန်းထဲမှာဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းပိတ်သိမ်းခံလိုက်ရတယ်လို့ တိကျတဲ့ သတင်းရင်းအမြစ်ဆီကနေ သိရပါတယ်။

“ဆေးခန်းကိုတော့ပိတ်လိုက်ပြီ မလုပ်ခိုင်းတော့ဘူး လူနာအားလုံးကို ပြည်သူ့ဆေးရုံနဲ့ စစ်ဆေးရုံမှာ ကုရင်လည်း သွားကုရမယ်ဆိုတဲ့သဘောမျိုးထွက်လာတယ်။ ဂရုဏာဆေးခန်းကိုတော့ပိတ်လိုက်ရပြီပေါ့။” လို့ သတင်းရင်းမြစ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မနက်ပိုင်းမှာ ဘုရားကျောင်းဝန်းထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေ့ခင်းပိုင်းမှာ ဂရုဏာဆေးခန်းမှာတာဝန်ထမ်းဆောင်တဲ့ ဆရာဝန်၊ သူနာပြု၊ စစ်စတာတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိမှာ ကျောင်းတိုက်ဘုန်းတော်ကြီးနဲ့ သီလရှင်အကြီးပိုင်းက ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူဦးရေ ၁၀ဦးအထက်ရှိနိုင်ပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

“ဘုန်းတော်ကြီးအကြီးပိုင်းနဲ့ သီလရှင်အကြီးပိုင်းကို သူတို့ခေါ်ပြီးစစ်နေတာလား ဆွေးနွေးနေတာလားတော့ မသဲကွဲဘူး။ ကျောင်းထဲမှာလည်း တချို့ရှိသေးတယ် အစောင့်စစ်သားတွေရှိသေးတယ်။ ဘုန်းကြီး၊ သီလရှင်တို့ စစ်ရှောင်တို့ လည်း စုတဲ့နေရာကနေ သူတို့အဆောင်ကိုပြန်မရောက်သေးဘူးလို့ အဲ့လိုတော့ သတင်းနောက်ဆုံးရထားတယ်။ ဘယ်မှာစစ်လဲ ညှိနှိုင်းလဲဆိုတာတော့ အတိအကျတော့ မပြောနိုင်ဘူး။”လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆေးခန်းက အရေးကြီးလူနာတွေနဲ့ ကိုဗစ်လူနာတွေကို လွိုင်ကော်ပြည်သူ့ဆေးရုံနဲ့ စစ်ဆေးရုံမှာ သွားရောက်ကုသဖို့အတွက် ပရဟိတအသင်းကားနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းဝန်းအတွင်းမှာဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းက ဆေးခန်းလိုင်စင်ပဲရှိပြီး ဆေးရုံလိုင်စင်မရှိသလို ခွင့်မပြုထားတဲ့အတွက် အတွင်းလူနာထားခွင့်မရှိတဲ့အကြောင်း စစ်ကောင်စီတာဝန်ရှိသူတွေက ပြောဆိုသွားတယ်လို့ သိရပါတယ်။

ဂရုဏာဆေးခန်းမှာ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါရှိသူ အများစုလာရောက်ပြသတာဖြစ်ပြီး မွေးလူနာ၊ ခွဲလူနာလည်း ရှိသလို ကိုဗစ်စင်တာလည်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ ဘုရားကျောင်းဝန်းအတွင်း ဂရုဏာဆေးခန်းကို ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြု၊ စစ်စတာ၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ အပြင်းအထန်ရှုံချထားပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ ညပိုင်းမှာ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img