spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်သားကိုယ်တိုင် မီးရှို့တယ်လို့ ယူဆရတဲ့ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ရင်း လက်နက်တိုက်မီးလောင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အရပ်သားရှိရာ ကျေးရွာထဲ လက်နက်ကြီးမကြာခဏပစ်ခတ်တိုက်ခိုက်နေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ရင်းအတွင်းရှိ လက်နက်တိုက်တစ်ခုကို ၎င်းတို့တပ်သားကိုယ်တိုင် မီးရှို့တယ်လို့ ယူဆရပြီး ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

“လက်နက်တိုက်မီးစလောင်တဲ့အချိန်က ကျနော်တို့တိုက်ပွဲတော့ဖြစ်နေတာပေါ့နော ဒါပေမယ့် ၁၀၂တပ်ထဲကို ကျနော်တို့ ပစ်တာမျိုးမရှိသေးတဲ့အချိန်မှာ စလောင်တယ်။ အဲဒါမျိုးဆိုရင်တော့ သေချာတယ် သူတို့ဟာသူတို့ရှို့တဲ့ဟာလား ဒါမှမဟုတ်ရင် ဘယ်လိုလဲတော့မသိဘူးပေါ့နော။ သူတို့ဖက်ကနေပဲ စလောင်တဲ့ဟာမျိုး။ သူတို့က CDM လုပ်ပြီး မီးရှို့တယ်လို့ ကျနော်တို့ကို ပြောလာတာမျိုးမရှိဘူး။ သတင်းပေးတာမျိုးလည်း ကျနော်တို့ဆီ မရောက်လာဘူး။ ခုနကပြောတဲ့ CDM လုပ်ပြီးတော့ သူတို့ဘာသာသူတို့ မီးရှို့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယူဆလို့ပဲရတာပေါ့ တိတိကျကျတော့ ကျနော်တို့ပြောလို့မရဘူး။လက်ရှိကတော့မီးမလောင်တော့ဘူး။ ငြိမ်းသွားပြီ။ “လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ခလရ ၁၀၂ တပ်ရင်းမှ ၎င်းတို့တပ်သားကိုယ်တိုင် စတင်မီးရှို့ခဲ့တယ်လို့ ယူဆရပြီး ပေါက်ကွဲနေတဲ့ လက်နက်တိုက်ကို စစ်ကောင်စီတပ်မှ မီးငြိမ်းဖို့ ကြိုးစားပေမယ့်လည်း ပူးပေါင်းတပ်ဖွဲ့မှ တာဝေးပစ်လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် မီးလောင်ကျွမ်းတဲ့ လက်နက်တိုက်မှာ အဆင့်ဆင့် အဆက်မပြတ်ပေါက်ကွဲပြီး ညနေပိုင်းအထိ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခလရ (၁၀၂)တပ်အတွင်းမှာလည်း အော်ဟစ်ဆူညံသံတွေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှစပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

” ဒီးမော့ဆိုထဲမှာ တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်နေတာပေါ့နော။ ပြင်းပြင်းထန်ထန်ဖြစ်တာတော့ နှစ်ရက်လောက်ရှိပြီ။ စစ်ကောင်စီရဲ့လုပ်ရှားမှုကတော့ ခုချိန်ထိ လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေတယ်။ မနက်ကတည်းက ခုချိန်ထိ ထိတွေ့တိုက်ပွဲလည်းဖြစ်နေတယ် သူတို့ဖက်ကလည်း ခုချိန်ထိ လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်။ ဒီးမော့ဆိုအခြေစိုက်တပ်တွေက ဒီးမော့ဆိုပတ်ပတ်လည်ကိုပစ်နေတယ်။” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာနေထိုင်ကြဖို့ KNDF က အသိပေးထားပါတယ်။

ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့အဓိက လက်နက်ကြီးပစ်ကူပေးနေတဲ့တပ်ရင်းဖြစ်ပြီး အရပ်သားရှိရာနေရာတွေကို မကြာခဏပစ်ခတ်နေတာကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts