spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ဖို့ KNPP ဖိတ်ခေါ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်ကို စစ်ကောင်စီတပ်က တပ်သားအင်အားတွေဖြည့်တင်းပြီး နယ်မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးပမ်း နေချိန်မှာ စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကဖိတ်ခေါ်လိုက်ပါတယ်။

လက်ရှိအချိန်ထိ CDM ပြုလုပ်ပြီးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေအတွက် နေရာထိုင်ခင်းနဲ့ လုံခြုံရေး ကို စီစဉ်ထားပေးနိုင်တဲ့အတွက် ထပ်မံ ပြီး CDM ပြုလုပ်ဖို့ကို KNPP ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ် (အက်စ်) က ဇူလှိုင်လ ၂၄ ရက်နေ့က ပြောဆိုလိုက်တာပါ။

“ကျနော်ပြောချင်တာက ထွက်လာချင်တဲ့လူတွေ ထွက်လာလိုက်ပါပေါ့။ ဘက်ပြောင်းလာပါလို့ အဲဒီလိုမျိုး အားပေးချင်တယ်။ အသက်အန္တာရာယ်မရှိစေရဘူးဆိုတဲ့ ဟာလည်း ပြောချင်တယ်။ ထမင်းလည်း အများမငတ်ရင် ထွက်လာတဲ့လူလည်း မငတ်ဘူးဆိုတာကိုလည်း အဲလို သိစေချင်တယ်။ အလုပ်အကိုင်ဝင်ငွေ အဆင်ပြေပါ့မလား။ အဲဒါကတော့ အများနည်းတူ အဆင်မပြေသလို တိုင်းပြည်တစ်ခုလုံး ပြည်ထောင်စုတစ်ခုလုံး အဆင်ပြေတဲ့နေရာ ဘယ်မှာမှမရှိတာ အများနည်းတူပဲပေါ့။ အဲဒီလိုမျိုး နားလည်ထားဖို့လိုတယ်။” လို့ သူက ပြောပါတယ်။

စစ်သား CDM တွေအတွက် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်လယ်လောက်မှာ ဘက်ပြောင်းခိုလှုံသူများနဲ့ CDM ကြီးကြပ်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းထားပြီး လက်ခံရေးအစီအစဉ်တွေကို KNPP က ဆောင်ရွက်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သားဘဝအနေနဲ့ နှစ်နှစ် တာဝန်ထမ်းဆောင်ရင်း နယ်စပ်မှာရှိတဲ့ တပ်စခန်းတစ်ခုကနေ ထွက်ပြေးပြီး KNPP ထံ CDM ပြုလုပ်လာတဲ့ အသက် ၂၂ နှစ်အရွယ်လူငယ်တစ်ဦးကတော့ တပ်ထဲမှာနေစဉ်က အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“အဲဒီမှာနေတုန်းက အမြဲစိတ်ဆင်းရဲနေရတယ်ဗျာ။ ပြီးတော့ လုပ်ရကိုင်ရတာလည်း ကျပ်တည်းတယ်။ ပြီးရင် အဲဒီမှာနေတုန်းကဆိုရင် ကိုယ်သေမယ့်ရက်ကို စောင့်နေရသလိုပဲဗျာ။ ပြီးတော့ ဘယ်နေ့သေလို့သေရမယ်မှန်းမသိ။ ပြီးတော့ အစားအသောက် ငတ်ပြတ်ခံပြီးစောင့်တယ်။ အဆဲခံရချိန်လည်း အဆဲခံရ။ ပြီးတော့ ကင်းဆိုလည်း ညဆို ၆ နာရီအထိ နေ့ခင်းဆိုလည်း တစ်နေကုန် အဲဒီလိုမျိုး နေရတယ်ဗျာ။ အလုပ်ကြမ်းတွေလည်း လုပ်ရသေး။ ရေတွေလည်း ခပ်ရသေး။” လို့ သူက ပြောပါတယ်။

KNPP ကနေ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သား CDM တွေကို လုံလောက်တဲ့အချိန်ကာလတစ်ခုအထိ လက်ခံထားပြီး သူတို့ကိုယ်တိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးတာရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ ထွက်လာတဲ့ဟာတွေ အဲဒီစခန်းမှာ ကျနော်တို့ သူ့ဟာသူ သေသေသပ်သပ်လေးဖြစ်အောင် လုံလုံခြုံခြုံလေးဖြစ်အောင် အဲဒီလိုတွေစီစဉ်ထားတယ်ပေါ့။ ထွက်လာတဲ့လူတွေကိုဆိုလို့ရှိရင် ဥပမာ ထားပါတော့ စစ်ပြန်တိုက်ခိုင်းတာတို့ ရဲဘော်ပြန်လုပ်ခိုင်းတာတို့ အဲဒီလိုမျိုးဟာတွေတေ ကျနော်တို့ အစီအစဉ်မရှိဘူး။ ဆိုတော့ သူတို့ အချိန်ကာလတစ်ခုအတွင်းမှာ ကျနော်တို့ စီစဉ်ထားတဲ့ နေရာမှာထားတယ်။ ပြီးရင် သူတို့ ရှေ့ရေးအတွက် သူ့ဟာသူရပ်တည်လုပ်စားနိုင်တဲ့ အခြေအနေတစ်ခုခုကို ကျနော်တို့ နည်းလမ်းတွေရှာပြီးတော့မှ စီစဉ်ပေးတယ် အဲဒီလိုဟာမျိုးပေါ့။” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ KNPP ထံကို CDM ပြုလုပ်တဲ့ စစ်သားအရေအတွက် တိတိကျကျစာရင်းကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီရဲ့ တပ်သားတွေဟာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှာလည်း CDM ပြုလုပ်သူတွေရှိပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ကတော့ CDM ပြုလုပ်တဲ့ စစ်ကောင်စီတပ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်နေတာရှိပါတယ်။

spot_img
spot_img

Recent posts