spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်သား ၇ ဦး ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံ၊ စစ်ရှောင်နှင့်အတူပါလာသည့် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကို နေရပ်ပြန်ပို့မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၇ ဦးက လက်နက်နဲ့အတူ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“၁၄ရက်နေ့က နောက်ထပ်သိမ်းတဲ့ BP-14 ပေါ့နော စခန်းသိမ်းတော့ စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်နဲ့အတူ ထွက်ပြေးတယ်သိရတယ်လေ။ ထွက်ပြေးတော့ ထိုင်းနိုင်ငံက တဟာဖန်း လား စစ်ဝတ်စုံအမဲ တပ်တစ်ဖွဲ့ရှိတယ်။ အဲ့မှာ သွားခိုနေတယ်လို့ပြောတယ်။ ၇ ယောက်ပေါ့နော လက်နက်နဲ့အတူပေါ့ ပြေးတာ မှန်တယ်။ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျနော်တို့လည်းမသိဘူး။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့ကစပြီး ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီတပ်စခန်း (၃) ခုဖြစ်တဲ့ တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ နယ်စပ် အမှတ် ၁၄ (BP-14) စခန်း နဲ့ မယ်စဲ့မြို့နယ်ရဲစခန်းကို ကရင်နီတပ်မတော် (KA) ၊ KNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဖက်က သေဆုံးမှုရှိခဲ့ပေမယ့် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ တပ်သားတချို့ကတော့ လက်နက်နဲ့အတူ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးခိုလှုံခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဗုံးကျဲမှုတွေကြောင့် မယ်စဲ့မြို့နေပြည်သူအပါအဝင် အဲဒီဒေသမှာ စစ်ရှောင်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ မြို့နယ်က ပြည်သူ စုစုပေါင်း ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့အထဲမှာ စစ်ရှောင်ပြည်သူတွေနဲ့အတူ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲဝန်ထမ်း မိသားစုတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေစာရင်းကို တော့ အတိအကျ မသိနိုင်သေးပေမဲ့ စစ်ရှောင်စခန်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးအရ အဆိုပါ ဝန်ထမ်းတွေကို နေရပ်ပြန်ခိုင်းမယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့သဘောထားက အဲ့ဒီအစိုးရဝန်ထမ်းတွေက ကျနော်တို့ဒုက္ခသည်တွေနဲ့ အတူ ပေးမနေချင်တာ ပေးမထားချင်ဘူးဆိုတာက အကြောင်းရှိတယ်။ သူတို့က ဟိုဖက်ကလူတွေဖြစ်တော့ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ၊ ဆက်သွယ်ရေးအခြေအနေ၊ ကူညီမှုအခြေအနေတွေက စစ်ကောင်စီဆီရောက်မယ်လေ သတင်းတွေက။ အဲ့ဒါ သူတို့အကုန်လုံးကိုတော့ ပြန်ခိုင်းစေချင်တယ်ပေါ့ အနောက်ဘက်ကမ်းကို ကျနော်တို့လက်မခံချင်ဘူး သဘောက အဲ့လိုရှိပါတယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ယမန်နေ့ (ဇွန်လ ၁၅ရက်) ညပိုင်းမှာလည်း ထိုင်း-ကရင်နီနယ်စပ်တစ်နေရာကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သလို မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း-ကရင်နီနယ်စပ်တွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်နဲ့ နယ်စပ်ဒေသတွေမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထွက်ပြေးတာ၊ လက်နက်ချအဖမ်းခံတာ ရှိတယ်လို့ ကရင်နီတပ်မတော်(KA) နဲ့ KNDF ပြောဆိုထားတာရှိပါတယ်။

spot_img
spot_img

Recent posts