spot_img
Monday, October 2, 2023
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်ဟာ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး၊ သေဆုံးသူများနေတယ်လို့ FBR ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ ဆရာဝန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေပြီး ၊ တိုက်ခိုက်မှုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ သေဆုံးမှုများနေတယ်လို့ Free Burma Ranger တည်ထောင်သူ David Eubank က FBR ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

“မြန်မာစစ်တပ်၊ (စစ်ကောင်စီ) ဟာ မြန်မာတစ်ပြည်လုံးနဲ့ ကရင်နီပြည်မှာ အသက်စွန့်ပြီး လူ့အသက်ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။” လို့ David Eubank ရဲ့ ရေးသားချက်မှာ တွေ့ရှိရပါတယ်။

သူ့ရဲ့ ရေးသားချက်အရ စစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ကြဲချလိုက်တဲ့ ပေါင် ၅၀၀ ဗုံး ကြောင့်သေဆုံးသွားတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူ ၈ ဦးထိ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံ၊ဆေးပေးခန်းတွေကိုလည်း ဦးတည်တိုက်ခိုက်တာကြောင့် လူနာတွေ သေဆုံးသွားတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်လို့ သူက ဆိုထားပါတယ်။ ကရင်နီပြည်မှာ ရှိတဲ့ ဆေးရုံ၊ဆေးခန်းတိုင်းဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ မြေပြင်က လက်နက်ကြီးတွေရဲ့ ပစ်ခတ်မှုကို ခံနေရတယ်လို့ လည်း သူက ဆိုထားပါတယ်။

မြေပြင်စာရင်းကောက်ယူနိုင်မှု အခက်အခဲတွေကြောင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆေးရုံ၊ ဆေးခန်းအရေ အတွက်ကို အတိအကျ မသိရပေမဲ့ ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် အတွင်း လေကြောင်း အသုံးပြုတိုက်ခိုက်မှု ၃၈၈ ကြိမ်အထိရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဟာ မြေပြင်တိုက်ပွဲမှာ အထိနာစဉ် အသုံးပြုတိုက်ခိုက်မှုတွေရှိသလို အရပ်သားစစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင်လတွေမှာ ကရင်နီပြည် ဖရူဆိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကရင်နီပြည်နဲ့ ထိုင်းနယ်စပ်က စစ်ရှောင်စခန်းကိုလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Recent posts