spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ၎င်းတို့ တပ်သား အလောင်းကို ပြည်သူတွေရဲ့ နေအိမ်အတွင်း စုပြီးမီးရှို့ခဲ့

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲ-လွိုင်ကော် လမ်းမကြီးတစ်လျှောက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဖက် သေဆုံးသွားတဲ့ ၎င်းတို့ တပ်သားတွေကို ဒေသခံပြည်သူတွေရဲ့ နေအိမ်မှာ စုပုံပြီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က နွားလဝိုးကျေးရွာ အတွင်းက နေအိမ်တစ်လုံးမှာ စုပုံမီးရှို့ခဲ့တာဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမှတ်(၁)ခရိုင် လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး-၁ ဖြစ်သူ ခူးနဲရယ်က အခုလို ပြောပါတယ်။

“ စစ်ကောင်စီဖက်တော့ အထိအခိုက် တော်တော်များတယ်ပြောတယ်။ အဲ့ဒီနွားလဝိုးမှာပေါ့နော်။ ဒီရွာသူရွာသားတွေ ဖမ်းထားတာတွေရှိတယ်။ ဖမ်းပြီးတော့မှရွာသားတွေကို သူတို့အိမ်မှာ ထားထားတယ်ပေါ့နော်။ အိမ်မှာထားထားပြီးတော့မှ အလောင်း၅လောင်းနဲ့ ထားထားတယ်။ ပြီးတော့မှ ရွာသားတွေရွှေ့ပြောင်းပြီးတော့မှ အဲ့ဒီအိမ်ကို မီးရှို့လိုက်တာပေါ့နော်။ ” ခူးနဲရယ်က အခုလို ပြောပါတယ်။

စစ်ကောင်စီတပ်က လူထုတွေကို နေအိမ်အတွင်း ဖမ်းဆီးထားပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိခဲ့သလို၊ ဒေသခံတွေရဲ့ နေအိမ်မှာ တပ်စွဲတာတွေနဲ့ စက်မှုဇုံအတွင်း ဝင်ရောက်တပ်စွဲတာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

“အဲ့မှာက သူတို့ စက်မှုဇုံဖက်မှာကတော့ သူတို့ တပ်စွဲထားတာရှိတယ်ပေါ့နော်။ သူတို့သွားလာရင်းနဲ့ အဲ့ဖက်ဝင်နားတာတချို့ရှိတယ်။ ဒီစက်ရုံထဲမှာပေါ့နော် ဟိုစက်ရုံထဲမှာပေါ့နော် ဝင်နားတာရှိတယ်။ သူတို့သွားလာရင်းနဲ့ တိုက်ပွဲဖြစ်တော့ အဲ့ဖက်ပြန်ဆုတ်တယ်။ အဲ့မာတပ်စွဲတာတော့ရှိတယ်ပေါ့နော်။” လို့ ခူးနဲရယ်က ဆက်ပြောပါတယ်။

စစ်ကောင်စီဘက် စစ်ကား အစီး ၁၀၀ ဝန်းကျင် နဲ့ လွိုင်ကော်မြို့တွင်းဘက်ကို တပ်အင်အားတွေ ဖြည့်တင်းပြီးနောက် ကရင်နီတပ်မတော်(KA)၊ KNDF တပ်ရင်း (၂)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄)၊ KNDF ETD ၊ Loikaw PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ မိမိနေအိမ်မှာ တချို့ပြန်လည်နေထိုင်တာတွေ ရှိပေမယ့် စိုးရိမ်ထိတ်လန့်မှုနဲ့ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

“တချို့ကတော့ ပြန်လာနေကြတယ်။ တချို့ကတော့ သွားသွားလာလာပေါ့။ လမ်းမကြီးမှာတော့ သွားလာတဲ့သူတွေရှိတယ်။ သတိနဲ့တော့ နေကြရတာပဲလေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၈ ရက် တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးသေဆုံးပြီး စစ်ကောင်စီရဲ့ ယာဉ်တန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img