spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သီးနှံရိတ်သိမ်းနေတဲ့ဖယ်ခုံက တောင်သူတွေ စိုးရိမ်နေ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက ဒေသခံတချို့နဲ့ စစ်ရှောင်တွေဟာ ရိတ်သိမ်းချိန်တန်နေပြီဖြစ်တဲ့ စပါးတွေနဲ့ ‌ပြောင်းခင်းတွေကို ရိတ်သိမ်းနေကြပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“တောင်ယာထဲ ပြန်ဝင်တဲ့အချိန်ကျရင်တော့ ထိခိုက်မှုတွေ ရှိနိုင်တဲ့ အလားအလာ ရှိတာပေါ့။ ဒီတောင်သူတွေကလည်း သူတို့ တပိုင်တနိုင် လုပ်ငန်းတွေကလည်း ဒီဟာပဲရှိတယ်ဆိုတော့ ပြန်ပြီး ရိတ်သိမ်းဖို့ အချိန်လည်း ရောက်လာပြီဆိုတော့လေ။ ဒါကျနော်တို့ စိုးရိမ်ရတဲ့ အခြေအနေမှာတော့ရှိတာပေါ့” လို့ ဖယ်ခုံဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လက်ရှိအချိန်ထိ ဖယ်ခုံဒေသခံတွေမှာ ကြီးကြီးမားမားထိခိုက်သွားတာ မရှိသေးပေမဲ့ အလုပ်လုပ်နေရင်း ထွက်ပြေးရတာမျိုးတွေ၊ အချိန်မှီ ရွှေ့ပြောင်း ကြရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲ မဖြစ်တဲ့ အချိန်တွေမှာလည်း လက်နက်ကြီးပစ်ခတ်နေတတ်တာကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြတယ်လို့ အသက် ၃၀ အရွယ်ရှိတဲ့ ဖယ်ခုံဒေသခံ အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်လည်းထု(လက်နက်ကြီး)တယ်။ တိုက်ပွဲမဖြစ်လည်း အရမ်းထုတယ်။ အဲ့ဒါ ကျမတို့ ကြားမှာနေတဲ့လူတွေက နှလုံးလဲ ခုန်သလားပဲ စိတ်လည်း ဘယ်လို ဒဏ်ရာရသလားပဲပေါ့‌နော်။ အဲ့ကြောင့်လည်း ဘယ်လို ပြောရမလဲ စိတ်တော့ တော်တော် ထိခိုက်ရတာပေါ့နော်။ ထုတာလည်း ကြားတဲ့အသံကလည်း နေ့တိုင်းညတိုင်း ပေါ့နော်” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

စားဝတ်နေရေးအတွက် တောင်ယာ၊လယ်ယာတွေကို လုပ်ကိုင်နေကြရင်းနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် စစ်ရေးအခြေအနေတွေကို အမြဲ နားစွင့်နေကြရတယ်လို့ ဖယ်ခုံဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့ နေရာတွေမှာ တောင်ယာလုပ်ကိုင်ကြသူတွေဟာလည်း စစ်ကောင်စီတပ်တွေထံကနေ ခွင့်ပြုချက်ယူပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရတာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img