spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီထပ်မံစစ်ကြောင်းထိုးလာမှုကြောင့် နွားလဝိုးကျေးရွာနဲ့ အနီးအနားရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ရှိ နွားလဝိုးကျေးရွာမှာ ဇွန်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နွားလဝိုးကျေးရွာနဲ့ အနီးအနားရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“၂၃ ရက်ကတည်းက ရွာထဲကို စစ်ကြောင်းထိုးတယ်လေ။ စစ်ကောင်စီက ရွာအပြင်ကိုထွက်ခိုင်းတယ်။ ဒီမနက်(ဇူလိုင် ၂၆ ရက်) အစော ပစ္စည်းတွေပြန်ယူကြတာ ၁၀နာရီ နောက်ဆုံးပဲ ခုတော့ တစ်ရွာလုံးမှာ ဘယ်သူမှမရှိတော့ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ဘေးရှောင်တွေဟာ နီးစပ်ရာဖြစ်တဲ့ စက်မှုဇုန်၊ ရွှေကျောင်း ၊ နောင်ယား၊ နာနတ်တော ရပ်ကွက်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိ လွိုင်ကော်မြို့အတွင်း စစ်ကောင်စီ အင်အား ဖြည့်တင်းနေတာတွေကြောင့် ဇူလိုင်လ ၂၁ရက်နေ့ကစပြီး မိုးဗြဲ- လွိုင်ကော်လမ်းမကြီးတလျှောက်နဲ့ နွားလဝိုးကျေးရွာအုပ်စုဖက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန် မှုကြောင့် ဒေသခံတွေရဲ့နေအိမ်၊ ဘုန်းကြီးကျောင်းတွေ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်က ဒေသခံတွေကတော့ မြို့တွင်းတိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

“ လွိုင်ကော်မြို့ ဒေသခံတွေက မြို့တွင်းမှာ တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ အခုဖြစ်နေတာက နွားလဝိုး ဘက်ဆိုတော့ လွိုင်ကော်မြို့နဲ့ သိပ်မဝေးတော့ဘူး။ စစ်ကောင်စီ တပ်အင်အားတွေလည်း ထပ်ထပ်ရောက်လာတယ်ဆိုတော့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်လေ။လက်ရှိတော့ မြို့ထဲမှာ ဒေသခံတွေ အေးဆေးလှုပ်ရှား သွားလာကြပေမယ့် မြို့အပြင်မှာတွေက တိုက်ပွဲ တွေရှိနေတော့ စိုးရိမ်မှုတွေ ကြားရတွေ့ရတယ် “ လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ် ။

လက်ရှိ လွိုင်ကော်- မိုးဗြဲ လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်အင်အား ထပ်ဖြည့်တင်းနေတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

Recent posts