spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း(MOEAA)ကို ဖျက်သိမ်းကြောင်း NUG ထုတ်ပြန်

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာလုပ်သားတွေအပေါ် တရားမဝင် အခွန်ကောက်ခံမှုတွေလုပ်နေတဲ့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)ကို အပြီးတိုင်ဖျက်သိမ်းလိုက်တယ်လို့ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့၊ NUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ အလုပ်သမားတွေအပေါ် ကာကွယ်ပေးဖို့ NUG အနေနဲ့ အကြိမ်ကြိမ် တိုက်တွန်းထားပေမယ့် စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ချွေးနည်းစာကို အခွန်ကောက်ခံတာ၊ လုပ်အားခရဲ့ ၂၅ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ငွေအဖြစ် စစ်ကောင်စီနည်းလမ်းအတိုင်း ဖိအားပေးလွှဲပြောင်းစေခြင်း စတာတွေကို လုပ်ဆောင်နေတယ်လို့ NUG က ပြောပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီက ဆောင်ခိုင်းတဲ့ အခွန်ဆောင်ရမှာဖြစ်ပြီး အခွန်မဆောင်ရင် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းမတိုးပေးတာမျိုး ရှိနိုင်တာကြောင့် အခက်အခဲရှိနိုင်တယ်လို့ စင်္ကာပူရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

“ အခွန်ဆောင်တဲ့ဟာရှိတယ်။ ဒါပေမဲ့ ကျမက မဆောင်ဖူးသေးဘူး။ ၂၀၂၄ မှာ စမယ်ဆိုတဲ့ သတင်းတွေမှာ တက်သလိုပဲလေ။ ပတ်စပို့စ် ကြည့်ပြီး သူတို့ သက်တမ်းတိုးဖို့ဆို အခွန်ဆောင်ရမှာလေ။ အခွန်မဆောင်ရင် သက်တမ်းမတိုးပေးဘူး။ သက်တမ်းတိုးလို့ မရတော့ရင် ဆက်နေလို့မရဘူးအဲ့လိုမျိုးပေါ့။ အဲ့လိုဆို ဆောင်ရမှာပဲလေ ပြန်လို့လည်းမရသေးဘူးဆို။ လစာအပေါ် လည်း ကြည့်အုန်းမယ်တဲ့။ လစာကြီးရင် တစ်မျိုး၊ လစာသေးရင် တစ်မျိုး ပြောတာပဲ” လို့ သူက ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံမှာလည်း အခွန်ပေးဆောင်ရတာမျိုးရှိပြီး အိမ်အကူလုပ်နေတာကြောင့် အလုပ်ရှင်ကနေ အခွန်ဆောင်ပေးတာရှိတယ်လို့ အိမ်အကူ မြန်မာအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“အခွန်နဲ့ ပတ်သက်ရင် ကျမတို့က သူဌေးပေးပေးတာ။ ကျမတို့ မပေးရဘူး။ ဘာလို့ဆို ကျမက အိမ်ဖော်အလုပ်ဆိုတော့ သူဌေးပေးပေးတာရှိတယ်” လို့ သူက ဆိုပါတယ်။

မြန်မာအလုပ်သမားတွေကို အကာအကွယ်မပေးဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (ယခင်အမည်ဟောင်း) မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ကို မတရားအသင်းအဖြစ် သတ်မှတ်တယ်လို့လည်း NUG က ပြောပါတယ်။

အလုပ်သမားအေဂျင်စီအနေနဲ့ အလုပ်သမားတွေအပေါ် ဝန်ဆောင်ခတွေ အဆမတန်ကောက်ယူခြင်း၊ လုပ်ငန်းခွင်သို့ ရောက်အောင် မပို့ဆောင်ပေးခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်း စတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို MOEAA က လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပ အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေအနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ ချွေးနည်းစာကို မတရားကောက်ခံပြီး စစ်ကောင်စီအကျိုး ဖြစ်ထွန်းစေမယ့် အလုပ်သမားတွေရဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ နဲ့ မိသားစုထံငွေပြန်လွှဲဖို့ အတင်းအကျပ် ဖိအားပေးလာတာမျိုး တွေ့ရှိရင် အမည်ပျက်စာရင်း သတ်မှတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ကြေညာထားပါတယ်။

spot_img
spot_img