spot_imgspot_imgspot_imgspot_img
Wednesday, July 2, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ ရေပူကျေးရွာမှာ တပ်ဆွဲထားဆဲဖြစ်ပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးနေ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က ဘုရားတောင်နဲ့ ရေပူကျေးရွာအတွင်းကို စစ်ကောင်စီနဲ့ PNO တပ်တို့ စစ်ကြောင်းထိုးလာပြီး လူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၉) တပ်ရင်းဆီကနေ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂ ရက်နေ့ မနက် ၈ နာရီမှာ အင်အား ၁ ထောင်ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ (၂) ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်တို့ လက်ရှိမှာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ရေပူကျေးရွာမှာ ဆက်လက်တပ်စွဲထားပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးနေတာတွေ ရှိတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ် ရင်း (၃၄) ရဲ့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ပြီး တပ်ဆုတ်သွားတယ်ဆိုပြီး ပြည်သူတွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား ရန်တိုက်ပေးတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ နေရတယ်လို့ သူက
အခုလို ပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်) က မနေ့က (ဇွန်လ ၂ရက်နေ့) မနက်က ရေပူရွာကို ပြန်ရသွားပြီ။ ရေပူရွာထဲဝင်ပြီးတော့ နေအိမ်တွေမီးရှို့တယ်။ မီးရှို့တော့ တချို့လိုင်းပေါ်မှာ ပြောနေကြတာ ကျနော်တို့(တော်လှန်ရေးပူးပေါင်းတပ်) ဒီဘက်ကလေးတွေ ဆုတ်သွားတယ် ။ သူတို့မနိုင်တော့ အိမ်ကို မီးရှို့ပြီး ဆုတ်သွားတယ်ဆိုပြီးတော့ ပြည်သူတွေကို ကျနော်တို့နဲ့ ရန်တိုက်ပေးတာပေါ့နော်။” လို့ KNDF တပ်ရင်း (၃၄) ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ – အင်းလေးပြည်သူ့ကာကွယ်ရေး(၁၀၀၉)တပ်ရင်း

တိုက်ပွဲအတွင်း အင်အားမမျှတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဖက်ကနေ ဆုတ်ခွာပေးခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုမရှိခဲ့ဘူးလို့ အင်းလေးပြည်သူ့ကာကွယ်ရေး (၁၀၀၄) တပ်ရင်းကလည်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဖက် ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO တပ် တို့ဟာ ရေပူကျေးရွာနဲ့ ဘုရားတောင်ကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲကြပြီး ညနေ ၄ နာရီခွဲမှာ လူထုနေအိမ်ကို စတင်မီးရှို့ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရာသီဟာ ပြည်သူတွေ စိုက်ပျိုးချိန်ဖြစ်တာကြောင့် ဒီနှစ်စိုက်ပျိုးရာသီမှာ တိုက်ပွဲကြောင့် သီးနှံတွေမစိုက်ပျိုးနိုင်ရင် ရေရှည်မှာစားဝတ်နေရေးအတွက် စိုးရိမ်ရမယ်လို့ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာတစ်ရွာက စိုက်ပျိုးတောင်သူအမျိုးသား တစ်ဦးက အခုလို ပြောပါတယ်။

“မိုးရာသီရောက်ပြီဆိုတော့ သီးနှံတွေစိုက်ပျိုးချိန်ရောက်ပြီပေါ့လေ။ တချို့တွေက စိုက်ပျိုးလို့ ပြီးပြီ။ တချို့တွေကျတော့လည်း စိုက်တောင်မစိုက်ရသေးတဲ့ သူတွေလည်း ရှိတယ်။ အရေးထဲ စစ်ကောင်စီတွေက စစ်ကြောင်းထပ်ထိုးလာတော့ စိုက်ပျိုးနိုင်ခြင်းမရှိဘူးဆိုရင် နေရရှည်မှာ စားနပ်ရိက္ခာ စိုးရိမ်ပူပန်မှုတွေ ရှိနိုင်တယ်။”လို့ ပြောပါတယ်။

စစ်ကောင်စီဘက် က အဆက်မပြတ် လက်နက်ကြီးတွေ ပစ်ခတ်နေတာရှိသလို ရှေ့ဆက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာဖို့ပဲရှိတာကြောင့် အနီးအနားက ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ လည်း KNDF တပ် ရင်း (၃၄) ရဲ့ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုသွားပါတယ်။

စစ်ကြောင်းအပြင် လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၃ ရွာ က ဒေသခံတွေ ဇွန်လ ၂ ရက်နေ့ညမှာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

spot_img
spot_img