spot_img
Tuesday, May 30, 2023
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းတစ်လုံး ထိမှန်ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကနေပြီး လက်နက်ကြီး (၅)ကြိမ်ပစ်ခတ်ခဲ့တဲ့အတွက် ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စုအတွင်းက အသက်(၄၅)နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) က ဒီကနေ့ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၀ရက် မနက် (၃)နာရီ(၁၀)မိနစ်ကတည်းက ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသားတစ်ဦးအပြင် မြလဲကျေးရွာအုပ်စုအတွင်းက ခရစ်ယာန်ဘုရားကျောင်း(၁)လုံးအနည်းအကျဥ်းပျက်စီးသွားသလို နေအိမ်တစ်လုံး၊ အိမ်သာတစ်လုံး၊ စပါးကျီတစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ DMO-PDFက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ပဲ ကျနော်တို့က ဒီလို မှတ်ယူတယ်ပေါ့နော။ တိုက်ပွဲဖြစ်လို့ ပစ်တယ်ဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ ပြောလို့မရဘူး။ အခုက တိုက်ပွဲလည်း မဖြစ်ဘူးဆိုတော့ ပြည်သူတွေရှိတဲ့နေရာ စစ်ဘေးရှောင်ရှိတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ပဲ ကျနော် ဒီလိုပဲ မှတ်ယူတယ်။ “ လို့ DMO-PDFပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်တဲ့အတွက် မြလဲကျေးရွာ အုပ်စုအတွင်းက ဒေသခံပြည်သူတွေအပါအဝင်၊ စစ်ရှောင်ပြည်သူတွေလည်း ကြောက်ရွံ့တဲ့အတွက် ထပ်မံထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။

ဒီကနေ့မှာဆိုရင် မနက်(၆)နာရီ ကျော်ကနေ ၇နာရီခွဲ အချိန်လောက်အထိ ဒီးမော့ဆိုရဲစခန်းမှာ တိုက်ပွဲဖြစ်ပွားမှုဖြစ်ခဲ့တယ်လို့လည်း မြေပြင်သတင်း အရင်းအမြစ်အရ သိရပါတယ်။

စစ်ကောင်စီကနေပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်တာတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

အခုဆိုရင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ ၁၅၈ဦးနဲ့ အဆောက်အဦးပျက်စီးမှု ၄၉၂ လုံးရှိနေပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် KCSN ရဲ့ ဖေဖော်ဝါရီ၂ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

Recent posts