spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီဖမ်းဆီးသွားတဲ့ သက်ကြီးပိုင်း ဒေသခံ၄ဦး ပြန်လည်လွတ်မြောက်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့ ခိုးစားမောကျေးရွာမှ ဒေသခံ လေးဦးကို  ဩဂုတ်လ ၁၃ရက်နေ့ မနက်စောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဒီကနေ့ ဩဂုတ်လ ၁၄ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၁၃ရက်နေ့ မနက်အစောပိုင်း ၅နာရီအချိန်မှာ ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အသက် ၅၅နှစ်မှ ၆၀ကျော်အတွင်း သက်ကြီးပိုင်း ဒေသခံ ၄ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဖရူဆိုမြို့အခြေစိုက် ခမရ ၅၃၁ တပ်မှာ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာလူဦးရေ၊ စစ်ရှောင်လူဦးရေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရှိမရှိ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဩဂုတ်လ ၁၄ရက်နေ့ နေ့လည်ပိုင်းမှာ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်စောကြီး ရွာထဲ ဝင်လာတယ် ခေါ်သွားတာတော့ အကြောင်းရင်း မသိရဘူး​လေး။ မိုးမလင်းသေးဘူး ပြီးတော့ မိုးဖွဲဖွဲရွာနေတယ်။ ဘာမှမမြင်ရတဲ့ချိန်မှာ ဝင်လာတော့ ရွာသားတွေလည်း မထကြသေးဘူးလေး။ ခေါ်သွားတာ ပြန်တော့ရောက်လာပြီ ရွာလူဦးရေ ဘယ်လောက်လဲ၊ စစ်ရှောင် ဘယ်လောက်ရှိလဲ ပြီးတော့ PDF တွေရှိလားလို့မေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာအတွင်း ဝင်ရောက်လာချိန် တွေ့ရှိခဲ့တဲ့ ဒေသခံ ၄ဦးကို လမ်းပြအနေနဲ့ခေါ်ဆောင်ခဲ့ပြီး ဖရူဆိုမြို့အရှေ့ခြမ်းကို ဦးတည်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။ ရွာထဲဝင်ရောက်ချိန် ၁၀ယောက်ဝန်းကျင်သာရှိပေမယ့်  ရွာပြင်ပမှာတော့ အင်အားအများအပြားရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ မနက်ခင်းမှာပဲ အင်အား ၁၅၀ခန့်ရှိတဲ့ စစ်ကောင်စီတပ် ခမရ ၅၃၁ နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF B-15 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ခဲယမ်းတချို့ရရှိခဲ့တယ်လို့ KNDF B-15 က ဒီကနေ့  ဩဂုတ်လ ၁၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ရွာထဲမှာတော့ ဒီခြေနေနဲ့ သူတို့သိနေတာလေး၊ ရွာသားတွေကို ခေါ်သွားတဲ့ မနက်မှာပဲ တိုက်ပွဲဖြစ်သေးတယ်။တိုက်ပွဲဖြစ်တော့ ဒေသခံနဲ့ စစ်ရှောင်တွေအတွက် ခက်ခဲတယ်” လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဖရူဆိုမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA၊ KNDF ပူးပေါင်းတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံများပြားလာသလို လက်ရှိမိုးရာသီကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ရက်နေ့မှာလည်း အမှတ် (၁၄)စစ်လေ့ကျင့်ရေးကျောင်းကနေ ဖရူဆိုအရှေ့ခြမ်းကို အင်အား ၃၀ခန့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA၊ KNDF B-15 ပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၉ရက်နေ့မှ ၁၃ရက်နေ့အထိ ဖရူဆိုမြို့ ဆိုလျားကူးကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အကျအဆုံးရှိခဲ့သလို လွိုင်ကော် PDF မှ တစ်ဦး ကျဆုံးခဲ့တယ်လို့ လွိုင်ကော်PDF က သတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img