spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောင်းသူ ၃ဦး ထိမှန်၊ ၁ ဦးပွဲချင်းပြီးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့၊ မနက် ၁၀ နာရီခွဲအချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တွေပူးကျေးရွာထဲကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသူ ၃ဦးထိမှန်ပြီး တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ထိမှန်သူတွေဟာ ဆယ်တန်း ကျောင်းသူတွေဖြစ်ပြီး စစ်ရှောင်စခန်းကနေ နေရပ်ပြန်ပြီး ရေသယ်ယူနေစဉ်မှာ လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ် တွေက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်က တွေပူးကျေးရွာထဲကိုကျရောက်ပြီးတော့ ကျောင်းသူ ၃ဦးကို ထိသွားပါတယ်။ အဲ့ဒီထဲမှာမှ တစ်ဦးဖြစ်တဲ့ နန်းစိန်မြ အသက် ၁၆ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦးက သေဆုံးသွားပါတယ်။ ကျန်တဲ့ နှစ်ဦး ဆယ်တန်းကျောင်းသူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ ထိခိုက်ဒဏ်ရာကပြင်းထန်ပါတယ်။ ”လို့(PNLA) ရဲ့တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကို ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာနဲ့ လွယ်ပွတ်ကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လည်းဆိုထားပါတယ်။

တွေပူကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်ကတည်းက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းကာ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒေသခံတွေကတော့ တောတောင်ထဲကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

လတ်တလော ဆီဆိုင်မြို့နဲ့ ကျေးရွာတချို့တွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီက ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဥ်ပြုလုပ်နေတယ်လို့ PNLA က ပြောပါတယ်။

spot_img
spot_img